Tuesday, November 14, 2017
ဒီမိုကရေစီဆန်ကြဖို့ -သရ၀ဏ်(ပြည်)
,
ပြင်သစ်အတွေးအခေါ်ပညာရှင် ဘောလ်တဲယားပြောဖူးသောစကားတစ်ခွန်းရှိသည် ။
“သင်ပြောသည်ကိုကျွန်ုပ်သဘောမတူပါ ၊ သို့ သော်သင်၏လွတ်လပ်စွာပြောဆိုခွင့်ကိုမူကျွန်ုပ်အသက်ပေး၍ကာကွယ်ပါမည် “ဟူ၍ဖြစ်သည် ။ထိုစကားသည် ကမ္ဘာကျော်သွားသည် ။ လွတ်လပ်စွာပြောဆိုခွင့်၏ အနှစ်သာရအဖြစ် ဘော်လ်တဲယား၏စကားကိုကိုးကားကြသည် ။ တစ်ခါတစ်ရံတွင်ကျွန်တော်တို့သည် လူတစ်ယောက်ကိုလည်းကောင်း၊ သူ၏အယူအဆကိုလည်းကောင်း မနှစ်မြို့ပါ ၊ သဘောမတူလက်မခံနိုင်ပါ ။ ထိုအခါ ကျွန်တော်တို့သည် ထိုသူစကားပြောခွင့်မရစေချင် ၊ ပြောဆိုခွင့်မပေးစေချင်ပေ ။ ဒီကောင့်ကိုဘာလို့ပြောခွင့်ပေးရမှာတုန်းဟူ၍လည်းကောင်း ၊ သူပါလျှင် ငါတို့မပါနိုင်ဘူး ဟူ၍လည်းကောင်း ၊ တန်းချင်းမှမတူပါ အတူတူမပြောနိုင်ဘူးဟူ၍လည်းကောင်း၊ ဒီကောင့်ကိုစကားပြောခွင့်မပေးနဲ့ဟူ၍လည်းကောင်းပြောမိတတ်ကြသည် ။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကန့်ကွက်ဆန္ဒပြမည်ဟူသော မိုက်ကယ်ကျော်မြင့်ဆိုသူကို ဆန္ဒမပြရခင် ၊ သူပြောချင်တာပြောခွင့်မရမီဖမ်းချုပ်ခြင်းကိစ္စမျိုး ဖြစ်သည် ။ ဘော်လ်တဲယား၏အယူအဆအရဆိုလျှင် မိုက်ကယ်ကျော်မြင့်ပြောတာကျွန်တော်တို့သဘောမတူပါ ၊ သို့ သော် သူ၏လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုတော့လေးစားသည့်အနေနှင့်ပြောဆိုခွင့်ပြုရမည် ။ပြီးမှ ဥပဒေနှင့်မညီညွတ်သော အသရေဖျက်မှုများပါလာမှ အရေးယူရပါမည် ။ဒါသည်ဒီမိုကရေစီ၏စံဖြစ်သည် ။ မကြာသေးမီကလည်း ဧရာဝတစာပေပွဲတော်တွင် ပြည်သူ့ ချဉ်ဖတ်စာရေးဆရာအချို့  ၊ မိုက်ရိုင်းမှု သရဖူဆောင်းသော အွန်လိုင်းစာရေးဆရာမတစ်ယောက်ပါလာသဖြင့် စာပေလောကတွင် ပွက်ပွက်ညံကာ ဝေဖန်သံတွေသောသောညံခဲ့သည် ။ ဘော်လ်တဲယားအယူအဆအရဆိုလျှင် သူပြောတာကို စာပေလောကကလက်မခံသော်လည်း ပြောချင်တာတော့ ရင်ထဲပေါ့သွားအောင်ပြောစေချင်သေးသည် ။ ထို့နောက်မှ ထိုဟောပြောချက်ကို ပြန်လည်အရေးယူရှင်းလင်းစေချင်သည် ။ သို့ သော် လူတွေသည် ဘော်လ်တဲယားများမဟုတ်မူရကား ထိုအွန်လိုင်း ဟိုဒင်းပျံဆရာမ ကိုသပိတ်မှောက်သည့်အနေဖြင့် စာပေပွဲတော်ကို မလာရောက်ပဲ နေကြလေသည် ။ ထိုပွဲတော်တွင်ထို အွန်လိုင်းမှ ဟိုဟာပျံဆရာမလေးသာမက မဖိတ်ခေါ်ပဲ အတင်းဝင်ရောက်ဟောပြောဆွေးနွေးသော ပြည်သူ့ ချဉ်ဖတ်ဆရာလေးတွေလည်းပါသည် ။ စာပေသည်အားလုံးနှင့်ဆိုင်သည်ဟုယူဆပြီးဇွတ်ဝင်ရောက်ဆွေးနွေးခြင်းမျိုးလည်းရှိပေသည် ။ ထားတော့ ။ ပြောလိုရေးလိုသည်ကား လွတ်လပ်စွာပြောဆိုခွင့်ဖြစ်သည် ။
      NLD အာဏာမရခင်က ကြမ်းကြူတ်ရက်စက်သောစစ်အစိုးရနှင့် အတိုက်အခံအဖြစ်ရင်ဆိုင်နေရစဉ်က NLD တတ်သိပညာရှင်များကချမှတ်ခဲ့သော ဆောင်ပုဒ်တစ်ခုရှိသည် ။ ထိုဆောင်ပုဒ်မှာ “ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ “ဟူ၍ဖြစ်သည် ။ ထိုစဉ်က NLD သည်အာဏာဖီဆန်ရေးလမ်းကြောင်း ၊ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်း ( Confrontation Policy ) ကို သုံးနေသည့်အချိန်ဖြစ်သည် ။ စစ်အစိုးရကထုတ်ပြန်ထားသောအမိန့်များ ၊ ချုပ်ချယ်မှုများတွင် မတရားသောအမိန့်အာဏာဟူသမျှကို နိုင်ငံသားအားလုံးကမွေးရာပါတာဝန်တစ်ခုလိုသဘောထားပြီး ဆန့်ကျင်ကြရန်ဖြစ်သည် ။ ထိုလမ်းစဉ်ကို နိုင်ငံသားအတော်များများနှင့် နိုင်ငံရေးသမားများလိုက်နာကျင့်ကြံကြသည် ။ထိပ်တိုက်ရင်ဆိုင်မှုများစွာဖြစ်ပြီး နိုင်ငံရေး အတိုက်အခံသမားများ အဖမ်းအဆီးခံကြရသည် ။ နှစ်ရှည်နှစ်တိုထောင်ဒဏ်များကျခံကြရသည် ။ စစ်အစိုးရ၏နှိပ်စက်ညှဉ်းပန်းခြင်းကိုခံကြရသည် ။ ထိုသို့ အဖိနှိပ်ခံဘ၀မှတက်လာသော NLD သည် လွတ်လပ်မှု၏တန်ဖိုး ၊ လွတ်လပ်စွာပြောဆိုခွင့်၏တန်ဖိုးကိုပိုမိုတန်ဖိုးထားနားလည်မည်ဟု ယူဆရပေသည် ။
သို့ သော် ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့်စေခြင်း ၊စိတ်ငြိုငြင်စေခြင်းတို့ဆိုသည်မှာ သက်သေအထောက်အထားအတိအကျမရှိသော ယေဘုယျဆန်သည့်ကောက်ချက်များသာဖြစ်သည် ။ ယခုလုပ်ရပ်သည် NLD ပါတီ တစ်လျှောက်လုံးတိုက်ယူခဲ့သည် လွပ်လပ်စွာဟောပြောခွင့် ( လူ့ အခွင့်အရေးကြေငြာစာတမ်းမှ Freedom of Speech ) ကိုပိတ်ပင်လိုက်ခြင်းဖြစ်သည် ။ အထူးသဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့ နေရာသည် ၈၈ မျိုးဆက်ကျောင်းသားများ ၊ နိုင်ငံရေးအသင်းအဖွဲ့အသီးသီးမှလူများ ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ စုရုံးလေ့ရှိသောနေရာဖြစ်ပြီး ၊ ပရိသတ်စည်ကားသဖြင့် Media Attention နှင့် Public Attention ( အများသူငါ အလွယ်တကူအာရုံစိုက်မိခြင်း)  အလွယ်တကူရနိုင်သောနေရာများဖြစ်သည် ။ ထိုနေရာများကိုပိတ်ပင်ကာ လူမရှိသောတာမွေဟစ်တိုင်ကွင်းထဲသို့ ဆန္ဒဖော်ထုတ်သူများကိုပို့ ပစ်ခြင်းမှာ လူမရှိသောနေရာသို့  တက္ကသိုလ်ကျောင်းများကိုရွှေ့ ပစ်ခြင်းဖြင့် ပြသနာကိုဖြေရှင်းနိုင်မည်ဟူသော ဗိုလ်ချုပ်ခင်ညွန့် ၏ အတွေးအခေါ်အယူအဆနှင့်ထပ်တူဖြစ်နေပါသည် ။ ပြသနာတစ်ခုကို သေသေချာချာလေ့လာဆန်းစစ်ပြီးမှ ဖြေရှင်းနိုင်မည့်အဖြေကိုတွေ့ နိုင်ပါသည် ။ ပြသနာကို လူမမြင်ကွယ်ရာချောင်ထဲသို့ ပို့ ရုံမျှဖြင့် ပျောက်ကွယ်မသွားနိုင်ပါ ။ ထိုအချက်ကို နှစ်ပေါင်းများစွာ လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်လာသော NLD အာဏာရှိသူများသိသင့်ပါသည် ။ စစ်အာဏာရှင်များလျှောက်ခဲ့သောလမ်းဟောင်းကြီးကို NLD ၀န်ကြီးချုပ်များ၊လွှတ်တော်များ ၊ ၀န်ကြီးများ ပြန်မသွားကြဖို့လိုပါသည် ။ ဆန္ဒဖော်ထုတ်ခြင်း ၊ တစ်ကိုယ်တော်ဆန္ဒပြခြင်း။ထောက်ခံခြင်း၊ကန့်ကွက်ခြင်းစသည်တို့မှာ No smoke without fire ဆိုသလို မီးရှိသဖြင့် မီးခိုးထွက်နေခြင်းဖြစ်ရာ သူတို့ဆန္ဒပြမှုများနောက်ကွယ်မှအမှန်တရားများကိုသာ အုပ်ချုပ်သူတို့က သိရလေအောင် ကြိုးပမ်းသင့်ပါသည်  ။  လွတ်လပ်စွာပြောဆိုမှုကိုဆက်ပေးပါ ။ ကန့်သတ်မှုတွေမလုပ်ပါနဲ့ ။ ကိုယ်တိုက်ယူခဲ့ရသော အရာကို မိမိကိုယ်တိုင်တန်ဖိုးထားပါ၊ အာဏာ၇ှင်ဆန်ဆန်မပြုမူပါနှင့်ဟုသာ ပြည်သူ့ အစိုးရကို ပြောချင်ပါတော့သည် ။ အချုပ်အားဖြင့် ဆရာမောင်သာရရေးခဲ့သော သုံးကြောင်းကဗျာလေးနှင့်ပဲ ကျွန်တော့်ဆောင်းပါးကိုပိတ်သိမ်းချင်ပါသည် ။ ကဗျာ၏အမည်ကား “တော်လှန်ရေး “
တော်လှန်ရေး
ဆူးစူး၍လျှင်
အပ်နှင့်ထွင်သည်
အသင်ဘာပြောချင်သနည်း
ဟူ၍ဖြစ်ပါသည် ။ အပ်နှင့်ထွင်သည်နှင့်တူသော ဆန္ဒပြပွဲများမှသည် ဆူးနှင့်တူသော ဘ၀ပြသနာများကိုအစိုးရမှလေ့လာသိရှိနိုင်ပါစေ ။
သရ၀ဏ်(ပြည်)
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီမိုကရေစီဆန်ကြဖို့ -သရ၀ဏ်(ပြည်) ”
Post a Comment
Related Posts Plugin for WordPress, Blogger...