တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (သံတောင်) မှာ (၃၀-၁၀-၂၀၁၇) ရက်နေ့က ဟောပြောတဲ့ သီတဂူဘုန်းကြီး တရားပွဲက ဘယ်လို အချက်တွေကို တိုက်ရိုက် ထင်ဟပ်ဖော်ပြနေပါသလဲ။
၁။ သီတဂူဘုန်းကြီးဟောတဲ့တရားက နိုင်ငံရေးအာဏာအတွက်သာမက သာသနာရေး(ဗုဒ္ဓဘာသာ) အတွက်ပါ စစ်တာဝန် ထမ်းဖို့/ စစ်တိုက်ဖို့ တိုက်တွန်းသွားတာဖြစ်ပါတယ်။ ဒီအချက်ကို ရောက်စေဖို့ “ဒုဋ္ဌဂါမဏိနဲ့ အဇာတသတ်တို့” ထုံးနှလုံးမူကြဖို့ တရားပြ သွားပါတယ်။ တနည်းအားဖြင့် ကြည်းတပ်တိုက်ခိုက်ရေးကျောင်းမှာ “ဘာသာရေးရဲဆေးတင်” ပေးတာပါ။ အမိအဖနဲ့တူသော ပြည်သူ လူထုကို ဖိနှိပ်သတ်ဖြတ်တာမှာ အရိုးရင့်လက်ယဉ်နေတဲ့ စစ်တပ်ဆိုတော့ “အဇာသတ်ထုံးနှလုံးမူ” ဖို့ကတော့ သိပ်ပြီး နက်နက်နဲနဲ ဟောပြော တရားပြနေဖို့လိုမယ် မထင်ပါဘူး။
၂။ (တို့ရဲ့တပ်မတော်သားတွေလည်းပဲ ဒုဋ္ဌဂါမဏိထုံးနှလုံးမူ အဇာတသတ်ထုံးနှလုံးမူ၍ နိုင်ငံတော်နဲ့သာသာသနာတော် အတွက် စစ်တာဝန်ကိုထမ်းခြင်းဖြစ်ရမယ်/ ဖြစ်ပါစေလို့ တို့များတိုက်တွန်းပြီးတော့ ဒို့ဟောပြောပွဲ နိဂုံးချုပ်တယ်) သီတဂူဘုန်းကြီးရဲ့ ဒီတိုက်တွန်းချက်ဟာ စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ အတည်ပြုပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၃၄၈၊ ၃၆၂၊ ၃၆၄၊ တို့ကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ရာရောက်ပါတယ်။
၃။ စစ်အုပ်စုက ဗုဒ္ဓဘာသာကို “လက်နက်အဖြစ်အသုံးချ”နေပြီဆိုတာကို အတိအလင်းကြေညာတဲ့သဘောအဖြစ်လည်း မှတ် ယူရမှာပါ။ ရှေ့ခြေလှမ်းတွေက ဗုဒ္ဓဘာသာကို “နိုင်ငံတော်ဘာသာအထိ တက်လှမ်းမယ်” ဆိုတဲ့ အရိပ်နိမိတ်ကို ပြသလိုက်တာ လည်း ဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာ ဒီအချက်က ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်အခြားသော ဘာသာသာသနာ သက်ဝင် ယုံကြည်ကိုးကွယ်သူ ပြည်သူပြည်သူများကို ခြိမ်းခြောက်လိုက်တာလည်းဖြစ်ပါတယ်။
၎။ ဗုဒ္ဓဘာသာကို စစ်တပ်ရဲ့ အဓိကကိုးကွယ်ရာ ဘာသာသာသနာအဖြစ် ပြောင်ဖန်တီးပြုလုပ်မှုက တပ်မတော်ထဲမှာရှိနေတဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကချင်၊ ကရင်၊ ချင်း၊ ကယားနဲ့ ကယန်း၊ ကယော စတဲ့ မျိုးနွယ်စုဝင်များ အတွက် ဝိုင်းပယ်ခွဲခြားမှုလည်းဖြစ်ပါတယ်။
၅။ ဒီချုပ်အစိုးရက (Ethnic cleansing and Genocide ) မရှိကြောင်း ခုခံနေကြရတဲ့အခုလို အချိန်ကာလမျိုးမှာ သီတဂူ ဘုန်းကြီးပြတဲ့တရား၊ ဟောတဲ့တရားက လူမိုက်အားပေးဖြစ်နေပါတယ်။ (ကျေးကုလား တမီလ်တွေကို သတ်တာ အကုသိုလ်မဖြစ်ဘူး) ဆိုမှတော့ မောင်းထုတ်တာ၊ ရွာမီးရှို့တာတွေဟာ နတ်လူသာဓုခေါ်ရမယ့်ကိစ္စတွေ ဖြစ်နေပြီပေါ့။
၆။ သီတဂူဘုန်းကြီးရဲ့ တရားဟောနည်းက (သီဟို၌က ရဟန္တာကြီးတွေပြောတာ - ဘုန်းကြီးတို့မပြောဘူး) “ဒုဋ္ဌဂါမဏိ” ကို ကိုးကားနေသော်လည်း၊ တကယ့် တကယ်တော့ “ဖွတ်သား စားချင်တဲ့ ဘုန်းကြီးရဲ့လော့ဂျစ်” မျိုးသာဖြစ်ပါတယ်။ ကျောင်းတိုင်ခေါင်း ထဲက ဖွတ်ကြီးကို စားလိုတဲ့ ဘုန်းကြီးက ဘုန်းကြီးကျောင်းသားတွေကို “ဖွတ်ကြီးမလုပ်ကြပါနဲ့” တားတဲ့ပုံပြင်ကြားဖူးကြမှာပါ။
၇။ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲတွေမှာ သီတဂူဘုန်းကြီးကို မဖူးရ၊ မတွေ့ရလို့ သြော် --- ဘုန်းကြီးဟာ သက်တော်ကြီးရှာပြီမို့ တရားဓမ္မနဲ့ငြိမ်းအေးနေရှာပြီ အောက်မေ့နေတာ။ ဘုန်းကြီးက ငြိမ်းချမ်းရေးဘက် မရပ်တည်ဘဲ၊ တိုက်ခိုက် ကျောင်းသွားပြီး တိုက်ရေးခိုက်ရေးဘက်ကနေ အားပေးနေတာကို တွေ့ရပါတယ်။ ဘုန်းကြီးထဲမှာတော့ ၁၂၀ မမ အမြောက်ပစ်ကျင်းထဲ ဆင်းဖူးတဲ့ ပထမဆုံးဘုန်းကြီးဖြစ်မှာပါ။
စတင်းဒတ်အာမီဖြစ်ဖို့မှာ ခေတ်မီစစ်လက်နက်တွေ ဘယ်လောက်ပဲတပ်ဆင်ထားပါစေ၊ ပြည်သူလူထုက မထောက်ခံရင် ဒီစစ်တပ်ဟာ ဘာအစွမ်းမှ ပြသနိုင်မှာမဟုတ်ပါဘူး။ စစ်တပ်ကို ခြေဆုံးခေါင်းဆုံး ခေတ်မီလက်နက်တွေတပ်ဆင်ပေးတာဟာ ပြည်သူ လူထုကို အနိုင်ကျင့် အကြမ်းဖက် ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထုကို ကာကွယ်ဖို့သာဖြစ်ရပါ့မယ်။
ဒီနေ့ စစ်အုပ်စုက တလက်ကိုင်တပ်သဖွယ်လုပ်ပြီး ဂုတ်ခွစီးတာခံနေရတဲ့ တပ်မတော်ဟာ စစ်အုပ်စု အလိုကျ တိုင်းသား လူမျိုးပေါင်းစုံပြည်သူများကို အကြမ်းဖက် ဖိနှိပ်နေ တဲ့စစ်တပ်၊ စစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်ဖြစ်နေပါတယ်။ ပြည်သူများက ရွံရှာမုန်း တီးပြီး အော့ကျောလန်နေတဲ့တပ်ဖြစ်နေပါတယ်။
အခုအခါမှာလည်း စစ်အုပ်စုဟာ တပ်တွင်း/တပ်ပြင်မှာ ဘာသာရေး လူမျိုးရေး မှိုင်းတိုက်သွေးခွဲမှု မျိုးစုံနဲ့ ပိုမိုပြီးကျဉ်းမြောင်း နက်ရှိုင်း မဲမှောင်တဲ့ ချောက်ကမ်းပါးထဲကျအောင် တိုင်းပြည်နဲ့လူထုကို အတင်းဆွဲချနေပါပြီ။
ဒါကို ကာကွယ်တားဆီးကယ်တင်ဖို့ရာဟာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တပ်မတော်ထဲက တပ်ဗိုလ်တပ်သားတွေနဲ့လူမျိုးပေါင်း စုံပြည်သူတွေရဲ့လက်ငင်းလက်တွေ့ တာဝန်ဖြစ်ပါတယ်။
မကြုံဖူးတဲ့နိုးကြားမှု၊ မကြုံဖူးတဲ့သွေးစည်းမှုတွေနဲ့ နိုးကြားသွေးစည်းကြပြီး စစ်အုပ်စုကို ပြတ်ပြန်သားသားဆန့်ကျင်တော်လှန် ကြရပါလိမ့်မယ်။
------
ညွန်း - ၃၀-၁၀-၂၀၁၇ ရက်နေ့၊ ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်းတွင် ကျင်းပပြုလုပ်သော သီတဂူဆရာတော်၏ သြဝါဒဓမ္မသဘင်
(တူမောင်ညို)
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်)
Via-စံညိမ်းဦး
https://m.facebook.com/story.php?story_fbid=1947362588853023&id=100007379025151

