Thursday, November 16, 2017

ချုပ်ကွက်ကို ဖြုတ်ထွက်ရမည့်အချိန်

,
ဒီအပတ် စာဖတ်ပရိသတ်ကြီးနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းကတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တွေရဲ့ လက်ဝှေ့ပွဲနဲ့ ဆက်စပ်ပြီးတွေးမိတဲ့ မြန်မာ့နိုင်ငံရေး အကြောင်းပဲဆိုပါတော့။ ပရိသတ်ကြီး သိပြီးကြတဲ့အတိုင်း နိုဝင်ဘာ လ ၃ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ မြန်မာ့စပါးအုံးမြွေလို့ နာမည်ကြီးတဲ့အမေရိကန်နိုင်ငံသား မြန်မာပြည်ဖွား ကချင် တိုင်းရင်သား အောင်လနဲ့ ၀ိတ်တန်းမတူဘဲ စိန်ခေါ်သူပြိုင်ဘက်တို့ ထိုးသတ်ခဲ့ကြတဲ့ လက်ဝှေ့အကြောင်း။ အောင်လ အန်ဆန်က middle weight တန်း ကမ္ဘာ့ချန်ပီယံ၊ စိန်ခေါ်သူက ဟဲဗီးဝိတ် ကမ္ဘာ့ကစ်ဘောက်ဆာ ချန်ပီယံ ဟောင်း အလိန်းဂါလာနီ။

အလိန်းဂါလာနီရဲ့ ကိုယ်ကာယကြံ့ခိုင်မှု၊ ကမ္ဘာ့ချန်ပီယံဟောင်း၊ ပြီးတော့ အောင်လအန်ဆန်းထက် ၀ိတ်တန်း ပိုမြင့်နေမှု အဲဒါတွေကြောင့် အောင်လ ယှဉ်နိုင်ပါ့မလား၊ ပွဲက သိပ်ပြီးဆိုးဝါးတဲ့ ရလဒ်တွေများ ထွက်လာမလား သို့လောသို့လော အတွေးတွေနဲ့ ကျွန်မတို့ စိတ်ပူခဲ့ကြ ပါသေးတယ်။

တကယ် ထိုးသတ်ကြတဲ့ အခါမှာတော့ ၃ မိနစ် ၄ စက္ကန့်နဲ့ ပွဲပြီးသွားလို့ သည်းထိတ်ရင်ဖို စောင့်ကြည့်နေ ကြရတဲ့ ပရိသတ်တွေမှာ အားမလို အားမရ ဖြစ်ကျန်ခဲ့ကြရုံမက တချို့ဆို မယုံနိုင်လွန်းလို့ လုပ်ပွဲများလား လို့တောင် သံသယ ၀င်ခဲ့ကြပါသေးတယ်။ အောင်လခမျာ လုပ်ပွဲ မဟုတ် တဲ့အကြောင်း မယုံရင် သူနဲ့ လာထိုးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြ သတင်းထုတ်ပြန်ရတဲ့ အထိကို ပွဲဆူခဲ့ပါတယ်။ ပြောတဲ့သူကို အပြစ်မပြော ချင်သလို မယုံရင် သူနဲ့လာထိုးလှည့်ပါ စိန်ခေါ်သူကိုလည်း ဘာဝေဖန်ချက် မှ မပေးလိုပါဘူး၊ နှစ်ဖက်လုံး မှန်နေတာကိုး။

မြန်မာပရိသတ် ဆိုတာကလည်း ဒီလိုလက်ဝှေ့ပွဲမျိုးကို ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲမှာသာ မြင်ဖူးကြတာဆိုတော့ အနည်းဆုံး တစ်နာရီ လောက် ကြာမယ်ထင်ထားတာကိုး။ ဘောလုံးပွဲမှ မဟုတ်တာပဲ။ ကင်မရွမ်းနိုင်ငံသား အလိန်းဂါလာနီ ဆိုတာကလည်း အာဖရိက ကျွဲကြီးဆိုတဲ့ နာမည်နဲ့ နာမည်ကြီးသူ တစ်ဦး။ ဒီကလည်း အချုပ်အပူး အသတ်မှာ စပါးအုံးမြွေလို သန်စွမ်းလွန်းလို့ မြန်မာ့စပါးအုံးမြွေဆိုတဲ့ နာမည်တစ်လုံးနဲ့ ကျော်ဇောသူ။ အဲဒီလို နှစ်ယောက်ရဲ့ စိန်ခေါ်ပွဲ၊ ပြီးတော့ ၀ိတ်တန်းကလည်း တူတာ မဟုတ်ဆိုတော့ ပွဲကြီးပွဲကောင်း ကြည့်ရပြီ ထင်ထားကြတာပေါ့။ ပွဲက ခဏလေးပေမယ့် တကယ်လည်း ကောင်းခဲ့ပါတယ်။ အင်အားချင်း မယှဉ်သာသူကို နည်းပညာအသာ အလစ်အငိုက် ဖမ်းတတ်တဲ့ ပညာနဲ့ သွက်လက် မြန်ဆန်စွာ ပထမအချီမှာတင် ပွဲသိမ်းနိုင်လိုက်တာ ပရိသတ် ဟာခနဲ ဖြစ်သွားတာ ပွဲကောင်းပေါ့။

ကျွန်မဆို ကြည့်နေရင်း အောင်လ အောက်မှာလှိမ့်အထိုးခံနေရတာကို စိတ်ဆင်းရဲနေရာက အောင်လ မတ်တတ် ပြန်ရပ်နိုင်တဲ့ တစ်ခဏမှာတင် ပြန်လဲအကျ ပွဲပြီးပြီလည်းဆိုရော ဟုတ်လို့လားဆိုပြီး ဟိုလူမည်းကြီးရဲ့ အရှုံးပေးပါတယ် ဆိုတဲ့ သင်္ကေတ ဒိုင်မြင်အောင် ကြမ်းပြင်ကို လက်နဲ့ပုတ်ပြတာကို ခဏခဏ ပြန်ကြည့်ပြီးမှ ယုံလိုက်ရတယ်။ အင်မတန် အသက်အန္တရာယ်နဲ့ နီးတဲ့ ဂျုးဂျစ်ဆုချုပ်ကွက်နဲ့ အောင်လပွဲသိမ်းတာပဲ။

ဂျပန်ရိုးရာ ကိုယ်ခံသိုင်းပညာကို အခြေခံတဲ့ ဂျုးဂျစ်ဆုချုပ်ကွက်ကိုသိသူ ပရိသတ်ထဲမှာ ဘယ်နှယောက် ရှိနိုင်မှာတဲ့လဲ။ မသိတော့၊ မမြင်ဖူးတော့ တကယ့်ပြိုင်ပွဲကို လုပ်ပွဲလို့ အထင်မှားကြတာပေါ့။ မြင်ဖူးထားကြတာက ဘရုစ်လီရဲ့ ကွန်ဖူးရုပ်ရှင်၊ ဆီးဗက်စတာ စတားလုံးရဲ့ ရော့ကီရုပ်ရှင်၊ ဗန်ဒိန်းရဲ့ကစ်ဘောက်ဆာ ရုပ်ရှင်၊ ထိုင်းမင်းသားရဲ့ ၀မ်းဘတ်ရုပ်ရှင် အဲဒါတွေလေ။ အဲဒီတော့ အောင်လတို့ပွဲကို လုပ်ပွဲလို့ပြောတာ မဆန်းပါဘူး။ အမှန်က အဲဒီ ဂျူးဂျစ်ဆုချုပ်ကွက်နဲ့ အချုပ်ခံလိုက်ရ သူဟာ မြန်မြန်မဖြေရင် မိနစ်ပိုင်းနဲ့ အသက် ထွက်သွားနိုင်ပါတယ်။

တစ်ဖက်ပြိုင်ဘက်ရဲ့ ချုပ်ကွက်ကို လျှော့တွက်မိတဲ့အတွက် မြန်မြန် အရှုံးပေးလိုက်ရခြင်းလို့ မြင်မိပါတယ်။ အချုပ်ကျွမ်းကျင်သူကို စိန်ခေါ်ထားပြီး သူနဲ့ သူနိုင်ကိုယ်နိုင် ထိုးသတ်ရတော့မယ် ဆိုကတည်းက ချုပ်ကွက်ကို ဘယ်လိုဖြေမလဲ ဆိုတဲ့ ဖြေနည်းကို ကျွမ်းကျင်အောင် ပြင်မလာခဲ့တာဟာ အာဖရိကကျွဲကြီးရဲ့ အားနည်းချက်လို့ ကျွန်မမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စပါးအုံးမြွေ တစ်ကောင်လို ရစ်ပတ် တုတ်နှောင်တတ်တဲ့ ပြိုင်ဘက် ရင်ဘတ်ဆီ ခေါင်းထိုးထည့်လိုက်တဲ့ အမှားက သူ့ကို အရှုံးထိ တွန်းပို့လိုက်တာကိုး။ အောင်လအန်ဆန် ကလည်း ဒီလိုပူးနိုင် ချုပ်နိုင်သတ်နိုင်အောင် ဘယ်လောက်ထိ လေ့ကျင့်ထားသလဲမှ မသိပဲလေ။

လက်ဝှေ့ပွဲကို ကြည့်နေရာက လူမည်းကြီး အောင်လလက်ထဲမှာ ခေါင်းချိုးခံနေရတဲ့ မြင်ကွင်းဟာ TV ရှေ့က ပရိသတ်ကိုပါ လည်ပင်းအစ်စေတဲ့ ရသကိုပေးပါတယ်။ အဲဒီမြင်ကွင်းကို မျက်စိထဲက တော်တော်နဲ့ မထွက်နိုင်ဘဲ တကယ်တမ်း ကျွန်မတို့ ပြည်သူတွေရဲ့လည်ပင်းကိုညှစ်ထားတဲ့ တရားခံကိုလည်း မြင်မိပါတယ်။ ၂၀၀၈ ခြေ/ဥ လေ။ လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေပါတယ် ဆိုတဲ့ အရပ်သားအစိုးရရဲ့ ခြေတွေလက်တွေ ရှိနေပေမယ့် ဘာမှမစွမ်း ဆောင်နိုင်အောင် လှုပ်ချင်တိုင်းလှုပ် မရအောင်၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေက ချုပ်ထားတယ်။ ဒီနေ့ မြန်မာ နိုင်ငံတော်ကြီးရဲ့ လည်မျိုကို၂၀၀၈ က ချုပ်ထားတယ်။ ပြည်သူတစ်ရပ်လုံး အသက်ရှူ ကျပ်နေတယ်။ ပြည်သူလူထု ရွေးကောက် ထောက်ခံထားတဲ့ အရပ်သားအအစိုးရခမျာ အသက်မထွက်ရအောင်၂၀၀၈ ရဲ့ ချုပ်ကွက်တွေ အောက်မှာ အလိုက်သင့် ရုန်းကန်နေရရှာတယ်။ စာဖတ်သူများ မြင်မိတွေးမိကြပါရဲ့လား။

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျွန်မတို့ ရွေးကောက် တင်မြှောက်လိုက်တဲ့ NLD အစိုးရဟာ ဧပြီလ ၁ ရက် နေ့မှာ အစိုးရတာဝန်ကို ဘောင်းဘီချွတ် အစိုးရဆီကနေ လွှဲပြောင်းရယူတယ်။ ဟုတ်ပြီ။ အမေစု ဦးဆောင်တဲ့ အစိုးရလက်ထဲ အာဏာ ဘယ်လောက်ရောက်သလဲ ကျွန်မတို့ တွက်ကြည့်ရအောင်။ သမ္မတကြီး ဦးထင်ကျော်ရဲ့လုပ်ပိုင်ခွင့်နဲ့ ခန့်အပ်ထားနိုင်တဲ့ ၀န်ကြီးဌာနတွေအထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေ မပါဘူး။ သူတို့ကို ကာကွယ်ရေးဦးစီးချုပ်က ခန့်တယ်။ ခန့်အပ်လွှာကိုတော့ သမ္မတလက်မှတ်ထိုး ထုတ်ပြန်ပေးရပေမယ့် ဦးထင်ကျော် ဖြုတ်ခွင့်မရှိ၊ ခန့်ခွင့်မရှိ အဲဒါ ၂၀၀၈ ရဲ့ မတရားတဲ့ ချုပ်ကွက်။

ဘာကြောင့် ချုပ်ကွက်လို့ ခေါ်ရသလဲ ပြောပြမယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာ တွေကို ဘယ်သူ အုပ်ချုပ် သလဲ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်တယ်။ သူတို့ကို မြို့နယ်ထွေအုပ်က အမိန့်ပေးတယ်။ မြို့ နယ်တွေရဲ့ အပေါ်မှာ တိုင်း/ခရိုင် ထွေအုပ်တွေရှိတယ်။ အဲဒီထွေအုပ်ဆိုတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ၀န်ကြီးဌာန အောက်မှာ ထားတယ်။ ပြည်ထဲရေးဝန်ကြီးကို ကာချုပ်ကခန့်တယ်။ သမ္မတကြီးခန့်ခွင့်မရှိ ဖြုတ်ခွင့်မရှိ။ တွေးကြည့်လေ၊ တစ်နိုင်ငံလုံးကို ဘယ်သူအုပ်ချုပ်နေလဲ ရှင်းနေတာပဲ။ အဲဒါ မြန်မာပြည်ကို ချုပ်ထားတဲ့ ၂၀၀၈ ရဲ့ ချုပ်ကွက်။ ကြာလေ အသက်ရှူကျပ်လေ NLD လှုပ်မရလေ။ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်သရွေ့ မြန်မာပြည် ပြောင်းလဲချိန် မတန်သေးဘူး၊ အဲဒါအရှင်းဆုံးပဲ။ ပြောင်းလဲချိန် တန်ချင်သလား ၂၀၀၈ ကို ဘယ်လိုပြောင်းမလဲ ၀ိုင်းစဉ်းစား၊ ၀ိုင်းကြိုးစား ဒါပဲရှိတယ်။

တစ်ခုတော့ရှိတယ်၊ ချုပ်ကွက်က လွတ်ဖို့ဆိုရင် ဖြေနည်းလိုတယ်။ စနစ်တကျ ဖြေနိုင်ရလိမ့်မယ်။ စနစ်မကျဘဲ ရုန်းထွက်ရင် အားကုန်မယ်၊ အခန့်မသင့်ရင် ကုပ်ကျိုးသွားနိုင်တယ်။ အသက်နဲ့ခန္ဓာ အိုးစားကွဲနိုင်တယ်။ ၂၀၀၈ နဲ့ ချုပ်ထားသူတွေဆီမှာ လက်နက်ကိုင် တပ်ရှိနေတယ်ဆိုတာ ဘယ်တော့မှ မမေ့နဲ့၊ စစ်တပ်ရှိတယ်၊ ရဲရှိ တယ်။ ၂၀၀၈ ပြင်ဖို့ လမ်းမပေါ်ထွက် ဆန္ဒပြမယ်ဆိုတဲ့ အသံထွက်တာနဲ့တင် မြို့လယ်ကောင်မှာ စီတန်းလှည့်လည်ခွင့်တွေ ဘာတွေ တားမြစ်လာပြီ။ ဒါတောင် နိုင်ငံကျော် နိုင်ငံရေးသမားတွေ ဦးဆောင်တာ မဟုတ်သေးဘူးနော်။ အာဏာရှင်ဟာ သူ့အတွက် ခြံစည်းရိုးလို ထားခဲ့တဲ့ ၂၀၀၈ ကိုအထိမခံဘူးဆိုတာ သိထားရမယ်။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ကလည်း ဒီ ၂၀၀၈ ဟာဘယ်လိုမှ ဒီမိုကရေစီ နိုင်ငံတော်နဲ့ မသင့်တော်တာမို့ ပြင်ကိုပြင်ရမယ်။

ဟုတ်ပြီ။ မတရားတဲ့ ဒီစာအုပ်စိမ်းကြီးကို ပြင်ကြမယ်၊ ဘယ်အချိန်ပြင်မလဲ၊ လူထုခေါင်းဆောင် မီးစိမ်းပြမယ့်အချိန် ရောက်မှပြင်ရမှာ။ အဲဒီအချိန် မရောက်မချင်း ချုပ်ကွက်အောက်ကနေ လွတ်ချင်ဇောနဲ့ နေရာစုံကနေ တစ်ယောက် တစ်မျိုး ထထမရုန်းစေချင်သေးပါဘူး။ အားကုန်မှာ စိုးလို့ပါ။ အမှန်တကယ် ရုန်းထွက်ရမယ့် အချိန် ရောက်လာမှာပါ။ ခဏစောင့်ကြပါ။ ဆန္ဒစောရင် အန္တရာယ်ရှိ ပါတယ်။ NLD ပါတီ ရွေးကောက်ပွဲဝင်တဲ့ ကတိက၀တ်ထဲမှာကိုက အဲဒီ မတရားသဖြင့် ရေးဆွဲထားတဲ့ ခြေ/ဥကြီးကို ပြင်မယ်ဆိုတာပါ ပါတယ်။ အမေစု အပါအ၀င် အစိုးရတစ်ဖွဲ့လုံး မေ့မနေဘူး ဆိုတာ ပြည်သူတွေ ယုံထားပါ။ ပြင်ရမယ့်အချိန် သူတို့ကိုယ်တိုင် ပြောလာလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ အဲဒီအချိန်ကျမှ ကျွန်မတို့ ပြည်သူတွေရဲ့ အားတွေ ထုတ်သုံးသင့်ပါတယ်။ အန္တရယ်ကြီးတဲ့ ချုပ်ကွက်ကို ဖြုတ်ထွက်ဖို့ ဆိုရင် နည်းမှန်ဖို့လိုတယ် အင်အားလိုတယ် တစ်ကြိမ်ထဲနဲ့ အလွတ်ရုန်းနိုင်မှ အန္တရယ်ကင်းမယ် ဆိုတာလေး စေတနာနဲ့ သတိပေးလိုက်ရပါတယ်။

==========

ဂျေလှသင်
The Ladies News

http://www.theladiesnewsjournal.com/articles/tue-2017-11-14-1303/8132

              ထိပ်တင်လတ်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ချုပ်ကွက်ကို ဖြုတ်ထွက်ရမည့်အချိန်”

Post a Comment

Related Posts Plugin for WordPress, Blogger...