Wednesday, November 15, 2017

ဇာတိပုည ဂုဏ်မာနနှင့် အမျိုးချစ်သည့် တို့ဗမာ

,
ဤဘဒ္ဒကမ္ဘာ ဒွန်နယာလောက the world ကြီးထဲတွင် မြန်မာပြည်သည် ပုပ္ဗနိမိတ်ထွန်းသည့် ဇမ္ဗူဒိပ်ကျွန်း၌ တည်ရှိပေသည်။ ရှေးဘ၀ကုသိုလ်ကံ အကျိုးပေးနှင့် ဆုတောင်းကောင်းလှ၍ ထိုမြန်မာ ပြည်ကြီး၌ ဗမာလူမျိုးအဖြစ် မီးရှူးသန့်စင် လူလာဖြစ်ရသည်ကို ကျွန်ုပ်သည် လွန်စွာ ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်ရပေသည်။

မြန်မာပြည်သည် နှယ်နှယ်ရရတိုင်းပြည်မဟုတ်။ တာဝတိံသာ နတ်ရွာလော၊ နတ်ရွာလောဟု မေးယူရ သော ပြည်ဖြစ်သည်။ မြန်မာမရှိလျှင် ကမ္ဘာမရှိဟုဆိုရ လောက်အောင် အတီတေသမိုင်းရှိသော ဘူမိနက်သန်ဌာနီဖြစ်သည်။ လူသားအစ မြန်မာက ဖြစ်ကြောင်း ဟန်လင်းမြို့ဟောင်း ကျောက်ဖြစ် ရုပ်ကြွင်းတို့က သက်သေခံပြီးဖြစ်သည်။ ကမ္ဘာ့လူမျိုး အသီးသီးသည် မြန်မာမှ ပွားများကွဲထွက်လာသော မြန်မာလူမျိုးကွဲများသာ ဖြစ်ချေသည်တမုံ့။

မြန်မာပြည်သည် မြေပေါ်မြေအောက် ရေပေါ် ရေအောက် သယံဇာတများပေါများလှသဖြင့် Golden Land Myanmar ဟု တင်စားဆိုအပ်သော ရတနာမြေ၊ ရွှေမြေဖြစ်သည်။ (အင်္ဂလိပ် အသံထွက် မပီသသူများကြောင့်သာ ဂွေးတန်းလန်းမြန်မာ ဖြစ်နေရပေသည်။ ဤကား စကားချပ်တည်း)။

ဗမာလူမျိုးတို့သည် နှယ်နှယ်ရရလူမျိုးမဟုတ်။ ကမ္ဘာဦးအစ၌ ဗြဟ္မာကြီးလေးဦးတို့ မြေဆီမြေဥစားပြီး ပေါက်ဖွားလာသော လူမျိုးဖြစ်သည်။ ဗမာလူမျိုးသည် မည်မျှမြင့်မြတ်သည်ကို အထူးဋိကာချဲ့နေစရာပင် မလို။ ဗုဒ္ဓမြတ်စွာသည်ပင် ဗမာလူမျိုးဖြစ်သည် ဟူသော အချက်တစ်ချက်နှင့်ပင် လုံလောက်ပေ သည်။ ဗမာလူမျိုးသည် သာကီနွယ်ဖြစ်သည်။ မင်းတုန်းမင်း၏ သားတော်သီပေါ်မင်းနှင့် သမီးတော် စုဖုရားလတ်တို့ ဇနီးမောင်နှံက သက်သေဖြစ်သည်။

ဗမာလူမျိုးသည် အမျိုးကိုဆောင့်သည်။ (မှတ်ချက်။ စလုံးနှင့် စောင့်ရမည်လား၊ ဆလိမ်နှင့် ဆောင့်ရ မည်လား သတ်ပုံမသေချာ၍ စာရေးသူအနေဖြင့် ဖြစ်နိုင်ချေအရှိဆုံး စာလုံးပေါင်းကို ခန့်မှန်းသုံးလိုက်ရ ပါသည်။ မှားလျှင်လည်း ပညာရှိအပေါင်းမှ ပြင်ဆင်ပေးတော်မူ ကြပါကုန်။) ထိုမျှမက ဗမာလူမျိုးသည် ကိုယ့်အမျိုးကို ကိုယ်ချစ်သည်။ ထို့ကြောင့် ကိုယ့်အမြစ် ကိုယ်ချိုး၍ (အဲလေ---ဆောရီး) ကိုယ့်အရိုးကိုယ် ချိုး၍ စည်းရိုးထိုးရန် ၀န်မလေးပေ။

ဗမာဘုရင်တို့သည်လည်း ပေါ့သေးသေးမဟုတ်။ စိန်ကြောင် နီလာ၊ မြပုလဲစစ်၊ ပတ္တမြားနှစ်၊ ယယင်း၊ ဒုတ္ထာ၊ ရွှေတွင်း ငွေတွင်း ကျောက်စိမ်းတွင်း ဂ၀ံကျောက်တွင်း မိလ္လာတွင်းပါမကျန် ပိုင်စိုးတော် မူထသော၊ ဆင်ဖြူ တစ်စီး နှစ်စီး သုံးလေးငါးစီးကို လင့်ခရုဇာ ပါကျဲရိုးအစရှိသည့် ကိုယ်ပိုင်အကောင်း စား မော်တော်ကားများသဖွယ် ထည်လဲထားစီးနိုင် ကြသော မင်းများဖြစ်သည်။ လူမျိုးတစ်ရာ့တစ်ပါး တိတိ ဦးညွတ်ပူဇော်ခြင်းခံရသည်သာမက ဘင်္ဂလား-စစ်တကောင်း၊ ဒါကာ၊ အိန္ဒိယ-အာသံ၊ မဏိပူရနှင့် ယိုးဒယားအယုဒ္ဓယတို့အထိ ၀ါးရင်းတုတ်နှင့် တက်သိမ်းဖူးလေပြီ။

အလောင်းစည်သူမင်းသည် ခေတ်ပေါ်ပင်လယ်ကူး သင်္ဘောကဲ့သို့သော ဖောင်စကြာဖြင့် ဇမ္ဗူဒိပ်ကျွန်းသို့ ပျော်ပွဲစားထွက်ခဲ့ဖူးသည်။

အနော်ရထာမင်းသည် နှစ်သစ်ကူးလက်ဆောင်အဖြစ် သိကြားမင်းပေးသော အရိန္နမာလှံပျံကို မင်းသုံးမင်းဆောင်အဖြစ် တခမ်းတနား ကိုင်ဆောင် သုံးစွဲခဲ့ရဖူးသည်။

လက်ရုံးအရာတွင် ပြူစောထီးသည် အဖော်မပါဘဲ ရှူးပျံနှင့် ငှက်၊ ကျားနှင့် ၀က်တို့ကို သားရေခွနှင့် ခွင်းခဲ့သည်မှာ အမေရိကန်၊ ရုရှတို့ပင် လက်နက်အရာ ၌ ဆရာတင်ရ လောက်ပါပေသည်။

ပညာအရာ၌လည်း ကျွန်ုပ်တို့ဗမာလူမျိုးသည် နှယ်နှယ်ရရမဟုတ်။ အင်းအိုင်ခလဲ့ လက်ဖွဲ့မန္တရား မန္တန်စသော ပညာများကို နှံ့စပ်ကုံလုံကြပေသည်။ ဒုတ်ပြီး ဓားပြီးသူတို့ပေါများရာ တိုင်းပြည်လည်း ဖြစ်ချေသည်။ လှည်းဝံရိုးသံတညံညံ ပုဂံဘုရားပေါင်း တို့ကို တည်နိုင်လောက်အောင် အဘယ် လောကဓာတ်ဆရာ သည် ကြံဆောင်နိုင်ပါမည်နည်း။

ရှင်အဇ္ဇဂေါဏကဲ့သို့ ကြေးကို ရွှေဖြစ်အောင် စွမ်းဆောင်နိုင်သော ပညာမှာ ကမ္ဘာတွင် အဘယ်ဓာတုဗေဒပညာရှင်မှ ခြေဖျားမမီနိုင်သေး။ ၀တစ်လုံးဖျက်လျှင် နှစ်လုံးပေါ်အောင် ပဌမံဦးအောင် ကဲ့သို့ အဘယ်သင်္ချာပါမောက္ခ စွမ်းဆောင်နိုင်ပါ မည်နည်း။ ယခုကာလလေယာဉ်ပျံဆိုသည်မှာ အဆန်းမဟုတ်။ ရှေးက မယ်သီတာကို ဒဿဂီရိခိုးယူသည်မှာ လေယာဉ်ပျံနှင့်ပင် မဟုတ်တုံ လော။ သူဌေးသားတစ်ယောက် အူအတက်ပေါက် သည်ကို ဆရာဇီဝကသည် ခုနစ်ရက်အတွင်း ပျောက်အောင် ကုသပေး နိုင်ခဲ့၏။ (မှတ်ချက်။ ဒဿဂီရိနှင့် ဆရာဇီဝကတို့သည် ဗမာလူမျိုးများ ဖြစ်ကြသည်တမုံ့။) ယခုခေတ်တိုင် ဗမာတိုင်းရင်း ဆေးဆရာတို့သည် ကမ္ဘာ၌ မကုနိုင်သေးသော အိပ်ခ်ျအိုင်ဗွီ၊ ကင်ဆာတို့ကို အမြစ်ပြတ်အောင် ကုနိုင်ကြပြီး ဆေးစွမ်းကောင်းများလည်း အလျှံအပယ်ပေါ်ထွက် လျက်ရှိသည်။

ဤကဲ့သို့ ဘုန်းလက်ရုံး အာဏာ ပညာကျော်ဇောပျံ့နှံ့ သော ကျွန်ုပ်တို့ဗမာပြည်ကြီးသည် ရွှေပြည်ဖြစ်၏။ ဗမာမြို့သည် ရွှေမြို့ဖြစ်၏။ ဗမာ့ထီးနန်းကြငှန်းတို့ သည် ရွှေထီး ရွှေနန်း ရွှေကြငှန်းဖြစ်၏။ ဗမာဘုရင်တို့ ၏ မျက်နှာသည် ရွှေမျက်နှာတော်ဖြစ်၏။ ဗမာဘုရင် တို့ စကားဆိုလျှင် ရွှေခွန်းတော်ဆင့်သည်ဟု ဆိုကြ၏။ ဗမာဘုရင်တို့ အပေါ့သွားလျှင် ရတနာ ရွှေပြွန်က ရေသွန်တော်မူသည်ဟု သုံးနှုန်းရသည်။ လေလည်လျှင် ရတနာရွှေကြုတ်က လေထုတ်တော်မူ သည်ဟု ဆိုရ၏။ နောက်ဆုံးဗမာဘုရင့်မိဖုရား၊ မောင်းမမိဿံ၊ ကိုယ်လုပ်တော်များ၊ သမီးတော်များ ပန်ဆင်သည့်ပန်းသည်ပင် ရွှေပန်းဖြစ်၏။

ဗမာ့ယဉ်ကျေးမှုသည် သိမ်မွေ့နက်ရှိုင်း၏။ ရှေးခေတ် သမီးရည်းစားတို့ နှစ်ကိုယ့်တစ်စိတ်တွေ့ကြသည့် အခါ၌ပင် ယဉ်ကျေးသိမ်မွေ့စွာ နမ်းမူနမ်းရာပါပါနှင့် ရွှေရင်တော်ကို ရွှေလက်တော်ဖြင့် သုံးသပ်ကြ၏။ ယခုကာလကဲ့သို့ ၀ရုန်းသုန်းကားမဖြစ်ကြချေ။

ကျွန်ုပ်တို့ဗမာစာပေသည်လည်း နှယ်နှယ်ရရမဟုတ်။ ရွှေစာပေဖြစ်သည်။ ဖတ်ပြီးရင်းဖတ်၍ အာဂုံဆောင်ပြီး လျှင် အလှူအိမ်၊ မသာအိမ်တို့၌ စာပြန်ခြင်းဖြင့် ကမ္ဘာတည်အောင် ဆောင်ကျဉ်းလာရသော စာပေမျိုးဖြစ်သည်။ အက္ခရာမေကဉ္စ ဗုဒ္ဓရူပံဟူသော ကျမ်းဂန်လာစကားအရ ၊ အက္ခရာတစ်လုံး ၊ ဘုရား တစ်ဆူ မှတ်ယူထိုက်သောကြောင့် ဗမာသတင်းစာနှင့် ဗမာစာပါသော စက္ကူတို့ကို အိမ်သာတက်ရာ၌ပင်လျှင် အသုံးမပြုကြချေ။ ဤသည်ကိုထောက်၍ ဗမာစာ သည် မည်မျှမြင့်မြတ်ကြောင်း သိအပ်ပေသည်။

ဗမာ့စိတ်ရင်းသည်လည်း နှယ်နှယ်ရရမဟုတ်။ လွန်စွာနူးညံ့သိမ်မွေ့မြင့်မြတ်လှသည်။ စင်ကာပူ၊ ထိုင်းတို့က မြန်မာကို အားကျကာ ၁၀နှစ်၊ အနှစ် ၃၀ စသဖြင့် မြန်မာကို မှီရန်ကြိုးစားရဦးမည်ဟု ဆိုသောအခါ မြန်မာတို့သည် အားနာသောအားဖြင့် နောက်ချန်နေပေးကာ အကျောပေးလိုက်၏။ ဤမျှ စိတ်သဘောထား မြင့်မြတ်ကာ သူတစ်ပါးကို ဦးစားပေးတတ်သည့် လူမျိုးဖြစ်သည်။ သည်တင်မက လူမှုဝန်ထမ်းစိတ်အပြည့်နှင့် ကမ္ဘာတစ်ခွင် သွားရောက်ကာ အောက်ခြေသိမ်း အလုပ်များ လုပ်ပေး၍ ကုသိုလ်ယူကြသေးသည်။

ကျွန်ုပ်တို့သည် ဤမျှ အစဉ်အလာကြီးမားသည့် ဗမာ့ယဉ်ကျေးမှု၊ ဗမာ့စိတ်ရင်းတို့ကို မပျောက်မပျက် အောင် အစဉ်အဆက်ထိန်းသိမ်းလာခဲ့ကြပေသည်။ မကြာခင်က တွေ့ဆုံခဲ့ရသော ကမ္ဘာလှည့်ခရီးသည် တိုးရစ်တစ်ယောက်ကို ကျွန်ုပ်က စပ်စုမေးမြန်းကြည့် မိသည်။ ကမ္ဘာမှာ ကြည့်စရာရှုစရာ အလှအပ အထင်ကရနေရာများ အမြောက်အမြားရှိပါလျက် အဘယ်ကြောင့် မြန်မာပြည်ကို လာရပါသနည်း ဟုမေးလိုက်ရာ သူက ၁၈ ရာစုကို လာကြည့်တာပါဟု ၊ မဆိုင်းမတွဖြေလေ၏။

ကျွန်ုပ်ကား ဤသည် ငါတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် နှင့် ယဉ်ကျေးမှုအမွေ မပျောက်ပျက်အောင် ထိန်းသိမ်းမှု ရလဒ်ပေပဲဟု တွေးမိကာ ဖရဏာပီတိ ဂွမ်းဆီထိ၍ အူကိုလေပင့်သည့်နှယ် မြောက်ကြွမြောက်ကြွ ဖြစ်ခဲ့ရပေတော့သည်။ ကမ္ဘာမှာ မြန်မာဟေ့ဟု ကုန်းအော်ကြွေးကြော် လိုက်ရာ သာအေးတို့အိမ်နောက်ဖေးကို လွန်၍ ဂွမ်းပုံတို့ အိမ်တိုင်ကြားစေသည်။ ထိုသို့ ကြွေးကြော် စဉ် အခန့်မသင့်၍ ထွက်သွားသော လိပ်ခေါင်းကို မျိုးချစ်လိပ်ဟု မှတ်ယူကာ ဆေးမကုဘဲ အမြတ်တနိုး မွေးထားလိုက်လေတော့သတည်း။
   
   Credit Nayi Thit (PK Myanmar)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဇာတိပုည ဂုဏ်မာနနှင့် အမျိုးချစ်သည့် တို့ဗမာ”

Post a Comment

Related Posts Plugin for WordPress, Blogger...