Sunday, November 12, 2017

ဦးသန်းရွှေရဲ့ ညကျောင်း (လက်စောင်းထက်)

,
ရှစ်လေးလုံး အရေးအခင်း အပြီးတွင် တပ်မတော်မှ အာဏာသိမ်းပြီး ၂ နှစ်အကြာ ၁၉၉၂ခုနှစ် ဧပြီလတွင် ဒုတိယလူဖြစ်သော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွန့် အကူအညီဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားကာ တပ်တွင်း အာဏသိမ်းလိုက်ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာသိမ်းပြီးနောက်တွင် ၀န်ကြီးဌာန အသီးသီးမှ ၀န်ကြီးများ၊ စစ်ရုံးမှ ဗိုလ်ချုပ်နှင့် အထက်အရာရှိကြီးများကို သက်ဆိုင်ရာ ရုံးများတွင်သာ ညအိပ်ရန်နှင့် စစ်ရုံးကာကွယ်ရေး ဦးစီးချုပ်ရုံး အစည်းအဝေးခန်းမတွင် ညစဉ်ညွှန်ကြားချက်များ လာရောက်နာခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။ စစ်ရုံးတွင် ညစဉ်သြ၀ါဒခံရသည်ကို အစိုးရ ၀န်ကြီးများက “ဦးသန်းရွှေ၏ ညကျောင်း”ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဝန်ကြီးများ၊ ဗိုလ်ချုပ်များ သက်ဆိုင်ရာရုံးတွင် ညအိပ်ရသည့်အတွက် တစ်နွယ်ငင် တစ်စင်ပါ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများမှအစ ကိုယ်ရေးအရာရှိအဆုံး သက်ဆိုင်ရာ ရုံးများတွင် ညအိပ်ရသည့် အခြေအနေ ရောက်သွားသည်။ ထိုသို့ ညအိပ်ခိုင်းခြင်း၊ ညကျောင်း တက်ခိုင်းခြင်းမှာလည်း အကြောင်းရှိနေသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူနှင့်မတိမ်းမယိမ်း ရာထူးများရှိပြီး သူ့ကိုလည်း လုံးဝမလေးစားသည့် စစ်တိုင်းမှူးများဖြစ်သော ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘတို့ကို စစ်တပ်တွင် မထားရဲပဲ။ နယ်ဖက်သို့ ပြောင်းရွှေ့လိုက်သဖြင့် ထိုသူများက မကျေမနပ် ဖြစ်နေသည့် အချိန်တွင် သူ၏လုံခြုံရေး အတွက် ထိုသူများကို သူ၏မျက်စိအောက်တွင် နေ့ညထားရန် စီစဉ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး စောမောင်ခန့်ခဲ့သော ၀န်ကြီးများသည်လည်း အဆိုပါ စစ်တိုင်းမှူး သုံးဦးနှင့် ရင်နှီးသူများ ဖြစ်သည့်အတွက် ထိုသူများ ပူးပေါင်းမိမည်ကို အလွန်စိုးရိမ်ခဲ့သည်။ ထိုသို့ ရက်ရှည်လများ ညစဉ်ညတိုင်း ရုံးတွင် အိပ်ရသည့်အတွက် ငယ်ရွယ်သော ကိုယ်ရေးအရာရှိများ၏ ဇနီးအချို့မှာ အိမ်ထောင်ရေး ဖောက်ပြန်မှုများပင်ရှိခဲ့သည်။ ထို့အပြင် ရုံးတွင် အိပ်ရသော ကိုယ်ရေးအရာရှိများသည် လူကြီးများ အိပ်သည်နှင့် အပြင်တွင်ချိန်းဆိုကာ နိုက်ကလပ်များ၊ ကာရာအိုကေဆိုင်များတွင် သွားပြီးကျက်စားသည့် အလေ့အကျင့်များ ဖြစ်လာခဲ့သည်။

ထို့ကြောင့် အဆိုပါရုံးတွင် ညအိပ်ရသည့် အမိန့်ကို မည်သည့်အချိန်တွင် ပယ်ဖျက်မည်ကို အားလုံးက စောင့်မျှော်နေကြသော်လည်း လမှနှစ်သာ ကူးပြောင်းသွားသည်။ ထိုအမိန့်က တည်ဆဲပင်။ တစ်နေ့တွင် ထိုအမိန့် ပယ်ဖျက်တော့မည်ဟူသော မျှော်လင့်ချက် ရောင်ခြည်တစ်ခုသန်းမည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး တစ်ယောက် ညဖက် ရေချိုးခန်းအတွင်း သတိလစ် လဲကျသွားခြင်းဖြစ်သည်။ အပြင်မှာ တပည့်များက အခန်းတွင်းမှ ရေသံလည်းမကြားရ၊ ဆရာဖြစ်သူလည်း ထွက်မလာသဖြင့် အခန်းတံခါး ဖျက်ဝင်ကြည့်မှပင် သူတို့ဆရာ ရေချိုးခန်းကြမ်းပြင်တွင် သတိလစ်လဲကျနေသည်ကို တွေ့ရပြီး ဆရာဝန်များခေါ်ကာ အရေးပေါ် ဆေးကုသပေးလိုက်သည်။ ထိုအကြောင်းကြောင့် ညဖက်တွင် ရုံး၌အိပ်သည့်အမိန့် ပယ်ဖျက်တော့မည်ဟု အားလုံးကတွေးကာ ၀မ်းသာနေကြသည်။ နောက်နေ့ညတွင် မင်္ဂလာရှိသော သတင်းကို နားထောင်ရန်အတွက် ညကျောင်းသို့ လာတစ်ချက် မလာတစ်ချက်နေသော ဦးသန်းရွှေကို မကြောက်သည့် ၀န်ကြီးတစ်ချို့ပင် စုံစုံညီညီ ရောက်လာကြသည်။ အချင်းချင်းလည်း ထိုအကြောင်းကိုပြောကာ သဘောကျနေကြသည်။

စစ်ရုံးတွင် အပေါ်ဆုံးထပ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြီး အောက်ထပ်တွင် ၀န်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်တို့ နေလေ့ရှိသည်။ ထို့အပြင် ညကျောင်းတက်ရာ အစည်းအဝေးခန်းမလည်း ရှိသည်။ ညစဉ် ညကိုးနာရီခွဲတွင် ညှပ်ဖိနပ်ဒရွတ်ဆွဲသံ တစ်ရှပ်ရှပ်ကြားရလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာပြီဟု အားလုံးက သိကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်ရုံးတွင် ယူနီဖောင်း အပြည့်အစုံကို ၀တ်သော်လည်း ဘယ်တော့မှ ရှူးဖိနပ် စီးသူမဟုတ်။ ခြေညှပ်ဖိနပ်သာ စီးလေ့ရှိသည်။ ထို့အပြင် လမ်းလျှောက်လျှင် ခြေထောက်တစ်ဖက်က အနည်းငယ် ဒရွတ်ဆွဲလေ့ရှိသည်။ ထိုကြောင့် ထိုအသံကြားလျှင် အရာရှိအားလုံးက မတ်တပ်ရပ်ကာ ခရီးဦးကြိုပြုရသည်။

ညကျောင်းကား စချေပြီ။ ထုံးစံအတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထွေရာလေးပါး ပြောနေသည်။ ဆူစရာရှိသည့် ၀န်ကြီးများကို ဆူသည်။ သူ့ကို မကြောက်သူများက ပြန်ပက်သည်များရှိလျှင် မရယ်ချင် ရယ်ချင် ရယ်သည်။ ထိုအချိန်ထိ လိုရင်းမရောက်သေးပဲ ထုံးစံအတိုင်း ဝေ့နေဆဲပဲရှိသေးသည်။ အချိန်ကလည်း ညဆယ်နာရီထိုးချိန် ရောက်နေပေပြီ။ ထိုအချိန်ရောက်မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရေချိုးခန်းအတွင်း လဲကျသတိလစ်သည့် အကြောင်းကို စပြောသည်။ ဗိုလ်ချုပ်မှူးကြီးက အစိုးရ၀န်ကြီးများ ကျန်းမာရေး ဂရုစိုက်ရန်လိုကြောင်းကို ကွမ်းတမြုံ့မြုံ့ဖြင့် ပြောသည်။ ၀န်ကြီးများ၊ ဗိုလ်ချုပ်များကား သူတို့ကြားလိုသည့် “ယနေ့မှစ၍ ညကျောင်းမရှိတော့၊ အားလုံး မိမိအိမ်တွင် ပြန်အိပ်ပါ” ဟူသောစကား ပြောလိမ့်ကိုသာ နားစိုက်ထောင်နေကြသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ မှတ်သားလောက်ဖွယ် လမ်းညွှန်စကား ထွက်ပေါ်လာသည်။ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ကိုအေးဟုခေါ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗိုလ်ချုပ်ဟု ခေါ်လေ့ရှိသည်) “ကိုအေး မနေ့ညက သတိလစ်သွားတယ်။ ဒီတော့ မနက်ဖြန်ကစပြီး စစ်ရုံးက အရာရှိတွေရော၊ ၀န်ကြီးတွေရော ကိုယ်ရုံးခန်းထဲတင်မက ရေချိုးခန်းထဲမှာ၊ အိမ်သာထဲမှာပါ ဘဲလ်တွေတက်ကြပါ။ တစ်ခုခု နေထိုင်မရ မအီမသာ ဖြစ်လာရင် ဘဲလ်ကိုနှိပ်ပြီး တပည့်တွေကို ခေါ်ကြပါ။ အသက် ဉာဏ်စောင့်ဆိုတဲ့ စကားရှိတယ်။ တစ်ခုခုဖြစ်လို့ ချက်ချင်း တပည့်တွေသိရင် ချက်ချင်းဆေးကုသမှု ခံနိုင်တယ်”ဟု ပြောလိုက်သဖြင့် အိမ်ပြန်အိပ်ရတော့မည်။ ညကျောင်း ပိတ်တော့မည်ဟူသော သတင်းကို မျှော်လင့်နေကြသော ၀န်ကြီးများနှင့် ဗိုလ်ချုပ်များမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ ခေါင်းငိုက်စိုက် ကျသွားကြလေတော့သတည်း။

လက်စောင်းထက်

(Tomorrow မှကူးယူဖော်ပြပါသည်။)
Thet Zin

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးသန်းရွှေရဲ့ ညကျောင်း (လက်စောင်းထက်)”

Post a Comment

Related Posts Plugin for WordPress, Blogger...