Tuesday, November 7, 2017

ကနောင် မင်းသားကြီး ရေမြှုပ်ဗုံး ကိစ္စ, အကြောင်းရင်း အမှန်

,
ပဉ္စမ သင်္ဂါယနာတင် “မင်းတုန်းမင်း တရားကြီး”လက်ထက် ၌ “အိမ်ရှေ့မင်းသား ကနောင် ကိုယ်တော်ကြီး” သည် “ရေမြှုပ်ဗုံး” ကို “အောင်ပင်လယ်” ကန်တော်ကြီး အတွင်း၌ စမ်းသပ်ဖောက်ခွဲခဲ့သည်။ “အောင်ပင်လယ်”ကန် နှင့် မန္တလေး”ရွှေနန်းတော် ကြီး” မှာ (၂)မိုင် ခန့် ကွာဝေးပါ၏။ အဆိုပါ “ရေမြှုပ်ဗုံး” ဖောက်ခွဲသံ ကို “ရွှေနန်းတော်” ၌ ဆွမ်းဘုဉ်း ပေးနေသော “သာသနာပိုင် ဆရာတော်ကြီး” ကြားရစေသာအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ဆွမ်းပွဲ မှ လက်တော် ကို ရုတ်လိုက်သည်။

“ဒကာတော် ရေမြေ့ရှင်- ဘာသံ တဲ့လဲ?”

“မှန်လှပါ ညီတော် အိမ်ရှေ့ မင်းသား က အောင်ပင်လယ် ကန်တော် အတွင်း ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲခြင်း ပါဘုရား”

“ဒကာတော် ရေမြေ့ရှင် ထာဝရပယောဂ(လူသတ်လက် နက်) မလုပ်သင့်ဘူး” ဟူ၍ “သာသနာပိုင်ဆရာတော် ကြီး” က သြ၀ါဒ ပေးသောကြောင့် “မင်းတုန်းမင်း တရားကြီး” သည် “ရေမြှုပ်ဗုံး” ထုတ်လုပ်ခြင်း ကို ရပ်စဲ ခဲ့လေသည်။

ထို့ကြောင့် “သီပေါမင်း” လက်ထက် “အင်္ဂလိပ် နယ်ချဲ့” ရေတပ် သင်္ဘော ကျူးကျော်တိုက်ခိုက်လာသည့်အခါ ရေမြှုပ်ဗုံး မရှိသဖြင့် ခုခံ ကာကွယ်မှု မပြုနိုင်ဘဲ လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘ၀ ရောက်ခဲ့ရသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်က နာမည်ကျော်စာရေးဆရာကြီး တစ်ဦးမှ “ရေမြှုပ်ဗုံး” အကြောင်း ရေးသားဖော်ပြချက် ဖြစ်ပါသည်။ထို့ပြင် “တိုင်းရေးပြည်ရေး ၌ ဘုန်းကြီး ရဟန်း ၀င်ရောက် စွက်ဖက်သည့်အတွက် သူ့ကျွန် ဖြစ်ခဲ့ရသည်” ဟူ၍များတောင် မှတ်ချက်ပြုခဲ့ပါသေးသည်။

ထို့ထက်ဆိုးသည် က ယင်း ဆောင်းပါးရှင် ၏ “ရေမြှုပ်ဗုံး ပြဿနာ ၀ါဒဖြန့်၊တင်ပြချက်” ကို “ဒါရိုက်တာ ဦးတင်ယု” က အတည်ပြု၍ (မန္တလေး နန်းတွင်း အရေးတော်ပုံ) အမည်ရ ရုပ်ရှင်ဇာတ်ကားတွင် ထည့်သွင်း ရိုက်ကူးလိုက်ခြင်းပင် ဖြစ်ပါ၏။
ထို့ကြောင့် ထို (မန္တလေး နန်းတွင်း အရေးတော်ပုံ) ရုပ်ရှင်ဇာတ်ကား ကို ကြည့်ရှုမိသူတိုင်းက “သာသနာပိုင် ဆရာတော်ကြီး” အား အကြည်ညိုပျက်ခဲ့ကြပါသတဲ့။ “တိုင်းရေးပြည်ရေးကို ဘာလို့ ၀င်စွက်ရတာလဲ” စသည်ဖြင့် မကျေမနပ် ဖြစ်ခဲ့ကြသည်တဲ့။အမှန်စင်စစ် သာသနာတော်ပိုင် ဆရာတော်ကြီး သည် ဘုရင်မင်းတရားကြီးအား “ထာဝရလက်နက် မလုပ်ရ” ဟု သြ၀ါဒပေးခြင်း လုံးဝ မပြုလုပ်ခဲ့ပါချေ။
အဘယ့်ကြောင့်ဆိုသော် တိုင်းရေး၊ပြည်ရေး နိုင်ငံအရေး ၌ သာသနာပိုင် ဆရာတော် အဆက်ဆက် တို့သည် ၀င်ရောက် ပါဝင် စွက်ဖက်ခြင်း အစဉ်အလာ မရှိခဲ့ပါ။

ထင်ရှားသော ဥပမာ တစ်ခုမှာ-“ဗုဒ္ဓမြတ်စွာဘုရားရှင်” သည် မိမိ ၏ ကျောင်း ဒကာကြီး “ဗိမ္ပိသာရမင်း တရားကြီး” ကို သားတော် “အဇာတသတ်မင်း” က လှောင်အိမ်တွင်းအစာငတ်ခံထားပြီး ညှင်းဆဲသတ်ဖြတ် နေစဉ် က “ဗုဒ္ဓမြတ်စွာဘုရားရှင်”သည် ကောင်းသည်၊ ဆိုးသည် ၀င်ရောက်မပြောဆိုပါချေ။ တားမြစ်ခြင်းလည်း မပြုခဲ့ပါချေ။
အကြောင်းမူကား, “အာဏာ အတွက် လုပ်ကြံနေသူ” ကို ၀င်ရောက်တားမြစ်ပါက လက်မခံသည့်အပြင် ရန်ငြိုးထား၊ ရန်ပွား၍ အန္တရယ် ပြုလာနိုင်ပေသည်။ဤကဲ့သို့ ကောင်းကျိုးမမြင်၊ဆိုးကျိုးသာမြင်နေရသော ကြောင့် “ဗုဒ္ဓမြတ်စွာဘုရားရှင်” သည် ၀င်ရောက်တားမြစ်ခြင်း မပြုခဲ့ချေ။ ဤ အစဉ်အလာ အရ မြန်မာနိုင်ငံသမိုင်းတွင် သာသနာပိုင်ဆရာတော်ကြီးများသည် သေဒဏ်ကျနေသူများ ကို အသက်အန္တရာယ် မှ ကယ်တင်ရန် ဘေးမဲ့အလှူခံခြင်း ပြုလုပ်ရာ၌ ရှင်ဘုရင်၏သဘောထား ကိုအကဲခတ်ပြီးမှ လိုက်လျောနိုင်သည့်အခြေအနေ ကို တွေ့မြင်ရမှသာ လျှင် အလှူခံခြင်း ပြုတော်မူကြသည်။
“အမရပူရမြို့တော်” ကို “မင်းတုန်းမင်းသား” နှင့် “ကနောင် မင်းသား” တို့ စစ်တပ် နှင့် ၀န်းရံ တိုက်ခိုက်နေရာ၌ မည်သည့် ဆရာတော် ကမှ ၀င်ရောက်တားမြစ်ခြင်း ၊မေတ္တာရပ်ခံခြင်း မပြုခဲ့ကြချေ။အကြောင်းမှာ-မေတ္တာရပ်ခံ၍ မရနိုင်သည့်အခြေအနေ ကိုသိရှိရသောကြောင့် ဖြစ်ပါသည်။ “အမရပူရ ရွှေနန်းရှင် ပုဂံမင်းတရား” နှင့် ညီတော် “မင်းတုန်း၊ကနောင်” တို့၏ ပြဿနာမှာ နှစ်ဦး နှစ်ဖက် အပြီးသတ် ဖြေရှင်းတော့မည့် အခြေအနေ ကိုတွေ့မြင်ရသောကြောင့် ဆရာတော်ကြီးများ အနေဖြင့် ကြားဝင်ဖြန်ဖြေမှု မပြုလုပ်ခဲ့ပါ။
“မောင်းထောင် သာသနာပိုင် ဆရာတော်ကြီး” သည် ခမည်းတော် “သာယာဝတီမင်း” လက်ထက် ၌ သာသနာပိုင် ဖြစ်ခဲ့သော်လည်း “ပုဂံမင်း” လက်ထက်တွင် သာသနာပိုင် ရာထူး မှ ချထားခြင်းခံနေရပါသည်။ညီနောင်အချင်းချင်း စစ်ပွဲဖြစ်နေပေရာ သာသနာပိုင်(ဟောင်း) ဆရာတော်ကြီး သည် စစ်ဘေးကင်းလွတ်ရာ “မတ္တရာမြို့” သို့ တိမ်းရှောင် သီတင်းသုံး၍ (၀ါသမာလိနီ) ဘုရားရှိခိုးဂါထာများ ရေးသားပြုစုနေကြောင်း မှတ်တမ်းတွေ့ရပါသည်။
ဤကဲ့သို့ စစ်မက်ရေးရာ နှင့် အာဏာလုပွဲ ၌ ရှောင်တိမ်းနေခဲ့သော သာသနာပိုင်ဆရာတော်ကြီးတစ်ပါး က “ရေမြှုပ်ဗုံး မပြုလုပ်ရန် တားမြစ်သည်” ဆိုခြင်း မှာ လုံးဝ ယုတ္တိ မတန်ပါ။အကယ်၍ ထာဝရလက်နက် များ ပိတ်ပင်လိုသည် ဆိုပါက အခြားသော “အမြှောက်” လက်နက်များ သွန်းလုပ်ခြင်း၊ “ဓား,လှံ” လက်နက်များပြုလုပ်ခြင်း၊ သံရည်ကြိုခြင်း၊ ဆင်စီး၊ မြင်းစီး၊ဓားခုတ် လှံထိုး စစ်ရေးလေ့ကျင့်မှုများ ကိုလည်း ဆရာတော်ကြီး က ပိတ်ပင် တားဆီးရပေမည်။

ထို့ကြောင့် အခြားသော ဓား၊လှံ၊ဗုံး၊အမြှောက် ပြုလုပ်နေ ခြင်းကို မတားမြစ်ပါဘဲနှင့် “ရေမြှုပ်ဗုံး” တစ်မျိုးတည်း ကိုသာ တားမြစ်သည် ဆိုခြင်းမှာ ယုတ္တိ မတန်ပါ။

သာသနာပိုင် ဆရာတော်ကြီး က တားမြစ်ပိတ်ပင်စကား မိန့်ကြားတော်မူသည်ပဲ ဆိုပါဦးတော့။ မင်းတုန်းမင်းတရားကြီး က လိုက်နာမည် မဟုတ်ပါ။ ပဉ္စမ သင်္ဂါယနာ တင်ခြင်းကို ပြုလုပ်သော ဘုရင် ဖြစ်၍ စစ်မက်ရေးရာ တိုက်ခိုက်မှုများ မလုပ်ဟု ထင်မြင်ယူဆစရာရှိပါသည်။ မဟုတ်ပါ။
မင်းတုန်းမင်း တရားကြီး သည် သားတော် “မြင်ကွန်း၊မြင်းခုံ တိုင် အရေးအခင်း” ဖြစ်ပွားရာ၌ အမြှောက်တပ်ကို ကိုယ်တိုင် ဦးစီး၍ ပစ်ခတ်နှိမ်နင်းပြီး “ပတိမ်းမင်းသား” ကို အဆုံးစီရင် ခဲ့ကြောင်း တွေ့ရပါသည်။ ရှမ်းပြည်နယ် မှ စော်ဘွား အချို့ ပုန်ကန် မှု၌ “မန္တလေး” မှ “မိုးနဲ” သို့ စစ်တပ်များစေလွှတ်၍ တိုက်ခိုက်နှိမ်နင်းခဲ့ပါသည်။

ထို့ကြောင့် “သာသနာပိုင် ဆရာတော်ကြီး က တားမြစ်ပိတ် ပင်မှုကြောင့် ရေမြှုပ်ဗုံး ဆက်လက် မလုပ်ဆောင်တော့” ဟူ သော ထင်မြင်ယူဆ ပြောဆိုခဲ့ကြခြင်း သည် “အထောက် အထားမဲ့၊ အခြေအမြစ် မရှိ၊ ရမယ်ရှာ” ပြောဆိုနေသော “လုပ်ဇာတ်” တစ်ခုသာ ဖြစ်ပါသည်။
ယင်း လုပ်ဇာတ် တစ်ခုကို အခိုင်အမာ ယုံကြည်ပြောကြား နေသူများ သည် သာသနာပိုင် မောင်းထောင်ဆရာတော် ဘုရားကြီး အား ၀စီကံ မြောက်ပစ်မှားခြင်း၊ အပြစ်တင်ရခြင်း ပြုရာရောက်နေသည် ဖြစ်ပါသဖြင့် သတိပြုဆင်ခြင် မိစေရန် လေးစားစွာ တင်ပြအပ်ပါ၏။

ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊

သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

ဉာဏ်လင်းမြို့

၁၃၇၅ခုနှစ်၊ပြာသို လဆုတ်(၁၄)ရက် ၊(29th-January,2014)၊ဗုဒ္ဓဟူးနေ့- (နေ့လည်-၂း ၂၈) တွင် ရေးသားပူဇော်သည်။
ဖိုးသူတော် (www.phothutaw.com)

Credit: အထွေထွေဗဟုသုတ
#

https://m.facebook.com/story.php?story_fbid=351790538615836&id=100013546771706

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကနောင် မင်းသားကြီး ရေမြှုပ်ဗုံး ကိစ္စ, အကြောင်းရင်း အမှန်”

Post a Comment

Related Posts Plugin for WordPress, Blogger...