Friday, May 31, 2019

တပ်မတော်သား ၇ ဦးအားတပ်မတော်ကလွှတ်ပေးခြင်းသာဖြစ်

,
အင်းဒင်ကိစ္စမှ တပ်မတော်သား ၇ ဦး အကျဉ်းထောင်မှလွတ်မြောက်မှု နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းမဟုတ်၊ တပ်မတော်ကလွှတ်ပေးခြင်းသာဖြစ်

နေပြည်တော်၊ မေ ၃၁  (သတင်းတမန်)

အင်းဒင်ကိစ္စမှ တပ်မတော်သား ၇ ဦး အကျဉ်းထောင်မှလွတ်မြောက်မှု နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်  မဟုတ်ဘဲ  တပ်မတော် စစ်ဥပဒေချုပ်ရုံးက ထောင်ဒဏ် ၁၀ နှစ်အစား ၁ နှစ်သို့ပြောင်းလဲလျော့ချလိုက်ပြီး  လွတ်မြောက်သွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ချုပ်ဦးဇော်ဌေးက  ယနေ့သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။

ညွှန်ချုပ် ဦးဇော်ဌေးက "ဟိုနေ့က ပြည်ထဲရေးကာကွယ်ရေးပေါ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာဖြေကြားသွားတာ  ပြည်ထဲရေးက ခေတ္တအမြဲတန်းအတွင်းဝန် ဦးခိုင်ထွန်းဦး ပြောတဲ့ဟာထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ဒီ ၇ ဦးက ပါကောင်းပါသွားနိုင်တယ်လို့ပြောတာဖြစ်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ ကျနော်တို့တပ်မတော်ဘက်ကိုလည်းမေးပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ တပ်မတော်က အရာရှိ /စစ်သည် ၇ ဦးက သူတို့ရဲ့ တပ်မတော် အက်ဥပဒေပေါ့နော် ၊ အက်ဥပဒေအရ သူတို့ ပြန်ပြီးတော့အယူခံတင်ပါတယ်။ အသနားခံစာတင်ပါတယ်။တင်တဲ့အပေါ်မှာ ဒကစ(စစ်တွေ)ကထောက်ခံပြီးတော့တင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကိုတင်တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ စစ်ဥပဒေချုပ် ရုံးကို ဥပဒေကြောင်းအရပြန်ပြီးမေးမြန်းတယ်။ စစ်ဥပဒေချုပ်ရုံးက ထောင်ဒဏ် ၁၀ နှစ်ကနေ ၁ နှစ်ကို လျော့ချလိုက်တယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့လွတ်တာမဟုတ်ပါဘူး။ တပ်မတော်ရဲ့ ဒီတပ်မတော်အက်ဥပဒေအရ နောက်တစ်ခုကတပ်မတော်ရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်အရလုပ်ဆောင်သွားတာဖြစ်ပါတယ်" ဟု ပြောသည်။

ယနေ့ နေပြည်တောာ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ တတိယတစ်နှစ်တာအတွင်းလုပ်ဆောင်မှုများသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အင်းဒင်ရွာတွင် ဘင်္ဂလီ/ရိုဟင်ဂျာ ၁၀ ဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ထောင် ၁၀ နှစ်စီကျခံနေရသော  တပ်မတော်သား ၇ ဦး သည် ထောင်ကျခံရမှု တစ်နှစ်မပြည့်ခင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ပြန်လည်လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

#Y(သတင်းတမန်)
Khit Thit Media

https://m.facebook.com/story.php?story_fbid=2942264739147304&id=990010991039365

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မတော်သား ၇ ဦးအားတပ်မတော်ကလွှတ်ပေးခြင်းသာဖြစ်”

Post a Comment

Related Posts Plugin for WordPress, Blogger...