Sunday, June 30, 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို (တပ်မတော်) သိန်း ၃၀၀ လှူဒါန်းမှုဒီမိုကရေစီအစိုးရကို ဖျက်လို ဖျက်ဆီးရန်ဟု သာသနာရေးထုတ်ပြန်

,
ရန်ကုန်၊ ဇွန် ၃၀

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ငွေကျပ် သိန်း ၃၀၀ လှူဒါန်း အဖွဲ့အစည်း ကြီးတစ်ခုက သိန်း ၃၀၀ လှူဒါန်းမှုသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်သော သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် လိုအပ်ဆိုသော အချက် ၂၈  ချက်ပါ ကြေညာချက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိုသို့ ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက တပ်မတော်ဟု အမည် မတပ်သော်လည်း ဇွန်လ ၁၇ ရက်နေ့တွင် ဗုဒ္ဓဓမ္မ ငွေကျပ် သိန်း ၃၀၀ လှူဒါန်းသော အဖွဲ့အစည်းကြီးဟု ထုတ်ပြန်ထားသဖြင့် တပ်မတော်ကို တိုက်ရိုက်ညွှန်းဆိုခြင်းပင်ဖြစ်သည်။

ဝန်ကြီးဌာန၏ ကြေညာချက် အမှတ်စဉ်  ၂၅ တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် သံဃမဟာ နာယကအဖွဲ့က တရားမဝင် အဖွဲ့ဟု သတ်မှတ်ထားသော အဖွဲ့အစည်းဖြစ်ကြောင်း၊ ယင်းအဖွဲ့ကို ငွေကျပ် သိန်း ၃၀၀ လှူဒါန်းခြင်းသည် မဟနကို ဆန့်ကျင်ရာရောက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးဌာန၏ ကြေညာချက် အမှတ် ၂၆ တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ နှစ်ပတ်လည် စုံညီအခမ်းအနားက "လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင် တွန်းလှန်ဖယ်ရှားပစ်ဖို့" အစရှိသော ကြေညာချက်များသည် တရားမဝင်သည့် အသင်းအဖွဲ့တစ်ခု က အများပြည်သူရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရအား ဖျက်လိုဖျက်ဆီးဆောင် ရွက်ရန် စိန်ခေါ်သည့် ပြယုဂ်တစ်ခုဖြစ်၍ အများပြည်သူက စောင့်ကြည့်တားဆီးကာကွယ်သွားရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

ကြေညာချက်တွင် ဦးဝီရသူနှင့် မဘသ အဖွဲ့အစည်း၏ နောက်ခံ သမိုင်းကြောင်းများကို အတိအကျ ပြန်လည် ဖော်ပြထားပြီး အများပြည်သူများကို သတိချပ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- MPA

www.khitthitnews.com

https://m.facebook.com/story.php?story_fbid=679100155860667&id=385165108587508

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို (တပ်မတော်) သိန်း ၃၀၀ လှူဒါန်းမှုဒီမိုကရေစီအစိုးရကို ဖျက်လို ဖျက်ဆီးရန်ဟု သာသနာရေးထုတ်ပြန်”

Post a Comment

Related Posts Plugin for WordPress, Blogger...