Monday, July 1, 2019

ရခိုင်ပြဿနာဖြေရှင်းရေးအဖြေရှိသလား?

,
ရခိုင်ပြဿနာဆိုယင် ယခင်က ရိုဟင်ဂျာအရေးအခင်းဘဲ လူတွေသိကြတယ်။ ယခုနှစ် AA ရခိုင်တပ်မတော်နှင့် မြန်မာ့အစိုးရတပ်တို့ ဆက်တိုက်ဖြစ်နေသော စစ်ရေးစစ်ရာများကြောင့် ရခိုင်အရေး လည်းပါဝင်လာသည်။ ရိုဟင်ဂျာအရေးအခင်းမှာ အကြမ်းဖတ်တိုက်ခိုက်မှုများမှအစ နေရပ်စွန့်ခွာ IDP ဖြစ်နေရခြင်းအရေး လှေစီးဒုက္ခသည်အရေး၊ ဘင်္ဂလားထွက်ပြေးသူများအရေးအပြင်၊ ကျန်သူများ၏ သွားလာခွင့်ကန့်သတ်ထားမှု၊ နိစ္စဓူဝစားဝတ်နေရေး၊ စီးပွားရေးလုပ်စားရန် အခက်အခဲဖြစ်နေခြင်း၊ အစာရေဆာငတ်ဖြတ်နေ၍ ပြည်မသို့ လူပွဲစားများမှတဆင့် ရိုးမတောင်ကို ကျော်ဖြတ်လာရင်း လမ်းခုလပ်မှာ အဖမ်းခံရ၍ ထောင်ကျခံနေရခြင်းကိစ္စများ အဆုံး-ပြဿနာပေါင်းစုံပါဝင်ပါသည်။

စစ်ဆင်ရေးကာလတွင် ရွာအလိုက်ထွက်ပြေးမှုရှိသည်။ လူရှိသော ရွာများတွင်လည်း ဆင်းရဲသူ၊ လက်လုပ်လက်စားများ ထွက်ပြေးသွားသည်၊ အလုပ်သမားရှာမရဖြစ်နေသည်။ စစ်ဆင်ရေးကာလတွင် ကျွဲနွားများကို တုတ်ဓါးကိုင်သူများလူအုပ်က မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တေင်နယ် များမှ အုတ်လိုက် အုတ်လိုက် မောင်းထုတ်သွားသည်။ တားမြစ်၍ မရခဲ့ပါ။ ထို့ကြောင့် လယ်ယာလုပ်ရန် ကျွဲနွား မကျန်ပါ။ ထိုဒေသမှာ တခြား စီးပွားရေးလုပ်ငန်းလည်းမရှိပါ။ စစ်တွေတွင် စက်လှေများဖြင့် ပင်လယ်ထွက် ငါးဖမ်းစားနိုင်သည်။ သို့သော် NVC မကိုင်လျှင် ဆိပ်ကမ်းမှ စက်လှေများ ထွက်ခွင့်မရှိ၊ ပြည်သူများကမူ NVC ကိုင်လိုခြင်းမရှိ၊ သို့ဖြင့် ရခိုင် မြောက်ပိုင်း တစ်ခုလုံး ဒုဘိကန္တရကပ်ဆိုက်နေသည်။ ယခု AA ကို စစ်ဆင်ရေးလုပ်ရာမှာ အရပ်သား မူဆလင်များ အများအပြား နေရာတော်တော်များများတွင် အသတ်ခံရသည်။ ဧပြီလ ၅ ရက်စာ ဘူးသီးတောင်မြို့ စိုင်းတိုင်တောင်မှာ ၀ါးခုတ်သမား ဒါဇင်ချီ၍ ရဟတ်ယာဉ်မှ ဗုံးသီးကျ၍  တနေရာတည်းမှာ စု၍သေကြောင်းတွေ့ရသည်။ တာဝန်ရှိသူများက မတော်တဆ ဗုံးသီးပြုတ်ကျခြင်းဟု ဖြေရှင်းကြောင်း သိရသည်။
ရခိုင်သားများတွင် သေဆုံးသူ လေးငါးဆယ်ခန့်ရှိပြီး အိုးအိမ်စွန့်ခွာသူ လေးသောင်းကျော်ရှိနေ ကြောင်း သတင်းမီဒီယာများမှတဆင့် သိရသည်။

ယခု AA နှင့် အစိုးရတပ်တိုက်ခိုက်နေမှုများကို ပြည်တွင်း၊ ပြည်ပမီဒီယာများ၊ ပြည်သူများ၊ အဖွဲ့အစည်းများက အထူးစိတ်ဝင်စားပြီး၊ ဆွေးနွေးပွဲများ၊ ရှင်းလင်းပွဲများပြုလုပ်နေသည်။၊ ရေးသား ပြောဆိုမှုများ အရှိန်မြင့် နေကြောင်း တွေ့ရသည်။ နေရပ်စွန့်ခွာသူများကို ရိက္ခာအကူအညီပေးမှုများလည်း မောင်တောမှာထက်ပို၍ ရှိနေကြောင်းတွေ့ရသည်။

ARSA ကို ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်များက စစ်ဆင်ရေးပြုပုံနှင့်တော့မတူ၊ ထိုစဉ်က မီဒီယာများက လွတ်လပ်စွာ သတင်းမယူနိုင်၊ ရိက္ခာပို့ဆောင်ခြင်းမပြုနိုင်၊ ရွာပေါင်းလေးရာနီးပါး မီးရှို့ခံခဲ့ရသည်။ ထွက်ပြေး နေသူများကို တားမြစ်ခဲ့သူ၊ ပိတ်ပင်ခဲ့သူလည်း မရှိခဲ့သဖြင့် ယခုပြောဆိုနေသော ခုနှစ်သိန်း ရှစ်သိန်း တဘက်နိုင်ငံသို့ ရောက်သွားပေသည်။ မီးရှို့ခံရွာများမှအပြင်ဘက် ထွက်ပြေးတိမ်းရှောင်သူများ ရွာပြန်လာခွင့်မရှိခြင်းလည်း တဘက်ကမ်းသို့ ရောက်သွားခြင်း၏ အကြောင်းရင်းတခုဖြစ်သည်။
မြောက်ပိုင်းမှ လူရှစ်သိန်းခန့်ထွက်ပြေးရာ ရခိုင်ပြည်နယ် တခြားမြို့များနှင့်ရောင်းဝယ် ဖောက်ကားမှု မရှိဖြစ်သွားသည်။ လူတို့၏ ရောင်းလိုအား၊ ၀ယ်လိုအားနှင့် စားသုံးမှုကျဆင်းသည်။ ကုန်ထုတ်လုပ်မှုကျဆင်းသည်။ နယ်စပ် ကုန်သွယ်ရေးပိတ်သွားသည်။ ရခိုင်မြောက်ပိုင်း ပြည်သူများ စီးပွားရေးကျွတ်ခြုံသွားပြီး အများစု ငတ်ပြတ်နေသည်။ ICRC ယခုကဲ့သို့  နိုင်ငံတကာ အဖွဲ့များနှင့် UEHRD အဖွဲ့ကအခါအားလျော်စွာ ရိက္ခာတချို့လှူဒါန်းနေသဖြင့် အစုလိုက် အပြုံလိုက်သေဆုံးမှုသတင်း မရခြင်း ဖြစ်သည်။ ထိုလှူဒါန်းမှုသည် ပေါက္ခရာဝဿမိုးရွာသကဲ့သို့ ကွက်ကြားကွက်ကြား ပေးလှူ ကြောင်းနှင့် မျှတမှုမရှိကြောင်း ဝေဖန်မှုများကြားရသည်။ ငွေကြေး ဆေးဝါးကုသူရန်ဆေးရုံ၊ ဆေးခန်း မလုံလောက်၊ အားမကိုးရသော အနေအထားများကြောင့် မသေသင့်ဘဲ သေဆုံးသူများ ဒုနှင့်ဒေး ဖြစ်နေသည်။

ပညာရေးလည်း လုံးဝချို့တဲ့သွားပြီ - ကျောင်းများမှာ ဆရာမများ ကျောင်းမတက်ကြချေ။ မြို့ပေါ် ကျောင်းများမှာ မူဆလင်ကျောင်းသားများကို အတန်းခွဲခြားထားပြီး၊ ရွာက စပါးတောင်းဆရာခန့်လိုပါက ကျောင်းမတတ်ဘဲနေသော အစိုးရဆရာများကို ပိုက်ဆံပေးရသည်။ မူဆလင်၏ အရေးမစဉ်းစား သော်လည်း ရခိုင်များ အရေးစဉ်းစားစရာပါ။ ကျေးလက်ဒေသမှ လူများပြည်မသို့ ရွှေ့ပြောင်းနေသည်။ ပြည်ပမှတဆင့် နိုင်ငံခြားသို့ ဆက်သွားနေသည်။ လယ်ယာမြေအလုပ်သမားများ ရှားပါးလာပြီး လယ်ယာ မြေများ ပလပ်ထားရသော အခြေအနေဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ အလာနည်း သွားသည်။ နောင်နှစ်များတွင် ရိက္ခာမဖူလုံသော အနေအထားဖြစ်လာသည်။ သို့ဖြစ်၍ ယခုဖြစ်နေသော စစ်ရေး ပဋိပက္ခကိုတွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ပါသည်-နှစ်ဦးနှစ်ဖက် ရပ်တည်ချက်၊ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသင့်သည်ဟုယူဆပါသည်။
ဒီကြားမှာ ရခိုင်နှင့်မူဆလင်များကို ရန်တိုက်ပေးမှုများရှိနေသည်။ တိုင်းရင်းသားအချင်းချင်း ခိုက်ရန် ဖြစ်မနေဘဲ ဘုံရန်သူ- ဘင်္ဂါလီရန်ကိုသာ မြှားဦးလှည့်ခုခံချိန်ဖြစ်ကြောင်း ဆော်သြမှုများရှိနေသေးသည်။ ထိုဆော်သြမှုသည် မတည်ငြိမ်မှုဘက်သို့ ဦးတည်ခြင်းဖြစ်သည်။ ခိုက်ရန်၊ ပဋိပက္ခဖြစ်နေသောဒေသ မည်သည့်အခါမှ တိုးတက်မှု၊ အေးချမ်းသာယာမှုမရှိနိုင်ချေ၊ ဆူဒန်၊ ကွန်ဂူ၊ ဆီရီလီယွန်၊ အလယ်အာဖရိက နိုင်ငံများမှ သင်ခန်းစာယူစရာဖြစ်သည်။

နှစ်ပေါင်းရာစုနှစ်များခွဲခြားထားခဲ့သော တောင်အာဖရိကနိုင်ငံမှ လူဖြူလူမဲအတူတူ နေထိုင်နိုင်လျှင် ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း ရာပေါင်းများစွာ သဟဇာတကျကျ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လာခဲ့သူ မူဆလင်နှင့်ရခိုင် ယခုကျမှ အတူယှဉ်တွဲမနေနိုင်၊ ခွဲခြားထားရမည်ဟု ပြောဆိုနေခြင်းများသည်။ လူမျိုးရေး စကားသပ်သပ်ဖြစ်သည်။ Aparltied အယူအဆဖြစ်သည်။  Aparthied ကို ကုလသမဂ္ဂက လူသား မျိုးနွယ်စုပေါ်ကျူးလွန်သောပြစ်မှု၊ Crime against Humanity ဟု သတ်မှတ်သည်ကို သတိပြုသင့်သည်။

ဖဆပလ၊ ပထစ၊ တော်လှန်ရေးအစိုးရများလက်ထက်တွင် ကြီးမားသော လူမျိုးရေး၊ ပဋိပက္ခ မပေါ်ပေါက်ခဲ့ချေ၊ အစိုးရများက တရားဥပဒေစိုးမိုးမှု လူမျိုးရေး သဟဇာတကျမှုကို အဓိကထားခဲ့ခြင်း ကြောင့်ဖြစ်သည်။ န၀တ၊ နအဖအစိုးရကျမှ ခိုက်ရန်ဖြစ်မှု၊ အုပ်စုအလိုက် တိုက်ခိုက်မှု မကြာခဏ ပေါ်ပေါက်လာပြီး ၂၀၁၂ ခုတွင် အကြီးမားဆုံးပွဲများဖြစ်သွားသည်။ နိုင်ငံတကာဂရုစိုက်စိတ်ဝင်စားသော ပြဿနာဖြစ်လာပါသည်။ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အစီရင်ခံစာအရ - မူဆလင် တသိန်း သုံးသောင်းနှင့် ရခိုင်သုံးထောင် အိုးအိမ်စွန့်ခွာဖြစ်ရပြီး၊ ရခိုင်များတို့ အိုးအိမ်ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်။ အမှန် ထိုအစီရင်ခံစာသည် တဖက်သတ် မူဆလင်နှိမ်နင်းရေး၊ လမ်းညွှန်စာဖြစ်ပြီး မူဆလင်နှင့် ပတ်သက်သော ကိန်းဂဏန်းမှန်သည်ဟု လက်မခံနိုင်၊ လူမျိုးရေးနှိပ်ကွပ်မှုပိုမိုခိုင်မြဲအောင် အကြံပြုထား သော အစီရင်ခံစာသာဖြစ်သည်။

မူဆလင်အရေး ရခိုင်ပြဿနာနှင့်ပတ်သက်၍ အစိုးရမှ စုံစမ်းရေး ကော်မရှင်များ အကြိမ်ကြိမ် ဖွဲ့ထားသော်လည်း၊ ပြဿနာဖြေရှင်းပေးခြင်းမတွေ့ရှိရပါ။ ကိုဖီအာနန်ကော်မရှင်ပါ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းလဲမရှိဘဲ စုံစမ်းရေးကော်မရှင်၊ ထောက်ပံ့ရေးကော်မတီ၊ ဖွံ့ဖြိုးရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေးကော်မတီများ ဖွဲ့စည်းသည်ဟုကြေညာခြင်းသာရှိသည်။ နယ်မြေအခြေအနေတိုးတက် ပြောင်းလဲဖြစ်ပေါ်ခြင်းတစ်စုံတစ်ရာမတွေ့ရှိပါ။ အာနန်၏ အဓိက အကြံပြုချက်ဖြစ်သော IDP များ ရွှေ့ပြောင်း နေရာချထားရေးပင် မဆောင်ရွက်နိုင်သေးချေ။ တချို့ကို သူတို့နေရာရင်းမပို့ဘဲ စီးပွားရေး အဆင်မပြေသည့် နေရာသို့ပို့ထားသည်ဟုသိရသည်- ထိုသူများ သက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲနှင့် ကြုံနေသည်။ ပင်လယ်ကမ်းစပ်မှာ ရွာတည်နေထိုင်ပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခဲ့သူများကို ဝေးလံသော တောင်ပေါ်ဒေသသို့ နေရာချပေးခြင်းကြောင့်ဖြစ်သည်။

တချို့ခေါင်းဆောင်များက မူဆလင်-ရခိုင်ပြဿနာ ၁၈ ရာစုက စတင်ခဲ့တာ၊ ချက်ချင်း မဖြေရှင်းနိုင ဟု အကြောင်းပြသည်။ မြန်မာ့သမိုင်းပညာရှင်များကမူ  ၁၈ ရာစုတွင် ရနိုင်သည် Cosmopolitan နိုင်ငံ (လူမျိုးပေါင်းစုံရှိသောနိုင်ငံ) ဖြစ်ခဲ့ပြီး တရားစီရင်ရေးစနစ်ပင်လျှင် ဗုဒ္ဓနှင့်အစ္စလာမ် hybrid (ရောနှောကဗျား စနစ်) ရှိခဲ့သည်ဟု သုတေသနပြုထားကြောင်းတွေ့ရသည်။ (Dr Thant Myint U ၏ The river of lost-footsteps) မှာတွေ့ရနိုင်သည်။) ၎င်း Cosmopolitan စနစ်ပျောက်ဆုံးသဖြင့် မြန်မာပြည်ဆင်းရဲ သွားခြင်း ဖြစ်သည်ဟု ဒေါက်တာသန်းမြင့်ဦးက ရှင်းလင်းထားသည်ကိုတွေ့ရသည်။
ပြဿနာဖြေရှင်းရန်အတွက်ဆိုလျှင် ပထမခြေလှမ်း၊ ခိုးဝင်ဘင်္ဂါလီဟူသော စွပ်စွဲချက်ကို ရပ်တန်းရန်လိုပေမည်။ ဘင်္ဂါလီများက မြောက်ဦးမြို့ကို တည်ထောင်ပေးပြီး၊ မြောက်ဦးနိုင်ငံတော်ကို စောင့်ရှောက်ပေးခဲ့သော သမိုင်းမှတ်တမ်းကို ဖျောက်ဖျက်၍ မရနိုင်၊ ယခင်အစိုးရများ လက်ထပ်မှာကဲ့သို့ တင်းပြည့်နိုင်ငံသား အခွင့်အရေးပေးပါ။ NVC ကိုင်၍ တဦးချင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ ၆၅အရ လျှောက်ထားရမည်ဟုပြောနေခြင်းသည် မူဆလင်များကို သိက္ခာချခြင်း၊ နိုင်ငံသားဖြစ်နေသူကို နိုင်ငံမဲ့ ပြုလုပ်လိုခြင်းဖြစ်သည်။ ဤကိစ္စသည် ရိုဟင်ဂျာပြဿနာ၏ အခြေခံသော့ချက်ဖြစ်သည်။ အစိုးရနှင့် ဆိုင်သော ကိစ္စဖြစ်သည်။ အစိုးရဖြေရှင်းမှ ပြဿနာရှင်းသွားမည်၊ တည်ငြိမ်အေးချမ်းသွားမည် ဖြစ်သည်။ ယခင်ရာစုနှစ်များစွာ တည်ငြိမ်အေးချမ်းစွာအတူ ယှဉ်တွဲနေထိုင်သူများ ဖြစ်ခဲ့ခြင်းကြောင့် အေးချမ်း သွားမည်ဟု မျှော်လင့်ခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်က ပွဲစားများဖြင့် ရခိုင်မှ လူတွေခေါ်ယူဦးဏှောက်ရေဆေးခြင်းမျိုး ပြုလုပ်လျှင် တစ်စုံတစ်ရာဖြစ်နိုင်စရာမရှိ၊ ပွဲစားက ပွဲစားအဆင့်သာရှိသည်။ ရခိုင်က မူဆလင်ပြဿနာဖြေရှင်းနိုင်ခြင်း ရှိသူများမဖြစ်နိုင်၊ ဒီမိုကရေစီအစိုးရသိက္ခာကျရန်သာရှိသည်။ ဒီမိုကရေစီနိုင်ငံမှာ အောက်ခြေလူထု၏ အသံ နားထောင်ပြီး ပြဿနာဖြေရှင်း သင့်ပေသည်။  ပြည်သူသာအမိ၊ ပြည်သူသာအဘဖြစ်သည်၊ ယနေ့ ခိုးဝင်ဟုစွပ်စွဲခံရသူများသည် တချိန်က နိုင်ငံသား အခွင့်အရေး အပြည့်အ၀ရရှိခဲ့သည်။ နယ်စပ်ဖြစ်၍ လူဝင်လူထွက်များသည်။ Porous border ဖြစ်သည်၊ ခိုးဝင်သူများစီစစ်ရမည်ဆိုလျှင် နစက-အနှစ်နှစ်ဆယ် စောင့်ကြပ်ခဲ့ရာ ခိုးဝင်သူများ မဖော်ထုတ်နိုင်ခဲ့သည်ကို စဉ်းစားသင့်ပေသည်။ ကစားကွင်း ညီညာပါက အားကစားသမားအားလုံးအတွက် အဆင်ပြေသွားမည်။ မူဆလင်နှင့်ရခိုင်အချင်းချင်း ချစ်ခင်အောင်ဥပဒေ မပြဋ္ဌာန်းနိုင်ဟု ပြောပြန်သည်။ မှန်ပါရေ-သို့သော် စည်းဖောက်သူ၊ ကျူးကျော်သူ၊ အနိုင်ကျင့်သူ၊ ဥပဒေ ကျူးဖောက်သူတို့တော့ အရေးယူနိုင်ရမည်။ ဥပဒေရှိရမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်လျှင် ပြဿနာ ဖြစ်ရန် အကြောင်းမရှိ၊ ဆူပူအောင်လုပ်သူ၊ အမုန်းတရားဟောသူများ၊ ရေးသားဆော်သြသူများကို ထိရောက်စွာ အရေးယူလျှင် မတည်မငြိမ်ဖြစ်စရာ အကြောင်း မရှိပါ။

ယနေ့ဖြစ်နေသည်မှာ သခင်အားရကျွန်ပါးဝခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နာဇီစကြာတံဆိပ်ခတ် ထားသော T.shirt များဝတ်၍ စစ်တွေတွင် သင်္ကြန်ရေပတ်ကစားခဲ့သည်ကို မတားမြစ်ခဲ့၍ ဇွန်လတွင် လူသတ်မှု၊ အကြမ်းဖက်မှုများ၊ ဖြစ်ပေါ်ခြင်းဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုနေသည်ကို တွေ့ရသည်။
ယခင် ၁၉၇၈ နှင့် ၁၉၉၁ ခုနှစ်များတွင် ပြန်လည်လက်ခံရေးစခန်း ၈ ခု ၁၀ ခုရှိသည်။ တစ်နှစ် အတွင်း လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများ ပြီးဆုံးခဲ့သည်။ ပိုင်ဆိုင်မှုများအားလုံး ပြန်လည်ရရှိ ခဲ့သည်။ ယခု တိမ်းရှောင်သူများ ဦးရေသည် ယခင်ထက် ၄ ဆ ၅ ဆ များပြားသည်။ လက်ခံရေးစခန်းက သုံးခု၊ တရက်သုံးရာသာ လက်ခံမည်ဆိုလျှင် ဒုက္ခသည်များ ပြန်လည်လက်ခံရေးသည် နှစ်ဒါဇင်ချီ၍ ကြာမည်၊ ဤတွင် ၎င်းတို့၏ စီးပွားရေး၊ ပညာရေး၊ နစ်နာဆုံးရှုံးမှုများကို စဉ်းစားရန်ရှိသည်။ သူတို့ ပိုင်ဆိုင်မှုများ ပြန်မရနိုင်ဟု သတင်းလည်းရှိနေသည်။ ထွက်ပြေးသူများ ပြန်မလာလျှင် နိုင်ငံအတွက် နစ်နာစရာများရှိသည်ကိုသုံးသပ်ရမည်။ မြန်မာနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုသည် ဖွံ့ဖြိုးမှုတိုင်းတာရေး ကိရိယာများ criteria များအရ ASEAN နိုင်ငံများတွင်ပင် နောက်ဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။ နိုင်ငံ တိုးတက်ရန်လည်း လိုအပ်ပေသည်။ တချိန်လုံးပြဿနာလုပ်ရန်သာ စဉ်းစားမနေသင့်ပေ။ လူမျိုးအချင်းချင်း တန်းတူအခွင့်အရေးရှိမှ အေးချမ်းသာယာတိုးတက်မှုများ ဖြစ်လာနိုင်မည်။

ထွက်ပြေးသူများ၏ အိုးအိမ်းများ မီးလောင်ခံရသည့်၊ တချို့ရွာများကို မြေတူးစက်ဖြင့် မြေလှန် ထားသည်။ တချို့နေရာတွင် အစိုးရအိုးအိမ်များ၊ ကုမ္ပဏီများ၏ အိုးအိမ်တိုက်တာများ၊ ဆောက်လုပ် နေကြောင်း တွေ့ရသည်။ ပြန်လာမည့်သူများ အိမ်နေရာများ၊ ပိုင်ဆိုင်မှုများဖြင့် ရနိုင်မည်မဟုတ်ဟု စိုးရိမ်ပူပန်နေကြသည်။ ဤကိစ္စသည် ကြာလေရှုပ်ထွေးလေ ဖြစ်နိုင်သည်။ ရခိုင်ပြည်နယ်အစိုးရ၏ မောင်တောတောင်ပိုင်းမှ ထွက်ပြေးသူ လူသုံးသိန်းခန့်ကို မူလနေရာမပေးရန် ဆုံးဖြတ်ချက်လည်းရှိသည်။

မိမိနှင့်မတူ၍ နိုင်ငံသားမပေးနိုင်။ အချုပ်အချာအာဏာကို ထိပါးမည်ဟုပြောဆိုနေသည်။ အချုပ်အချာ အာဏာ သည် လူတစုအတွက်မဟုတ်၊ နိုင်ငံသားအားလုံးနှင့်ပတ်သက်သည်။ ၎င်းတွင် ရခိုင်မှ မူဆလင်များလည်းပါသည်။ လွတ်လပ်ရေးရစဉ်က သူတို့ပါ နိုင်ငံသားအဖြစ်ရှိနေခဲ့၍ဖြစ်သည်။ မတူညီမှုကို ပေါင်းစပ် ညှိနှိုင်းအတူနေထိုင်ခြင်းသည် ဒီမိုကရေစီဖြစ်ပြီး-၎င်း၏ ဆန့်ကျင်ဘက်သည် အစွန့်ရောက် လူမျိုးရေးဝါဒဖြစ်ပါသည်-
Christian Solidarity World Wide မှ Benedic Rogers က မကြာခင်က ဆောင်းပါးရေးထား သည်။ ၎င်းကားမြန်မာ အရေးကိစ္စများရှုပ်ထွေးနေသည်၊ အစဉ်အလာ ချဉ်းကပ်မှုများနှင့်ဖြေရှင်း၍မရ၊ အမြင်သစ်ဖြင့် ဖြေရှင်းရန် လိုပေမည်။ လူမျိုးဘာသာမတူသူများကို ဒုတိယတန်းစား နိုင်ငံသား အဖြစ် ထားရှိလိုပါက ရေရှည်တွင် ပြဿနာပို၍ ဆိုးရွားသွားနိုင်သည်ဟုဆို၏။ ယခင်နှစ် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်လာစဉ်က အကြံပေးဘူး သော တရားမျှတရေး၊ လူမျိုးရေး၊ ဘာသာရေး၊ တန်းတူညီမျှမှုရှိရေးကို စဉ်းစားသင့်သည်ဟု ထင်ပါသည်။ မလေးရှားနိုင်ငံမှ ယနေ့ပင် လယ်ရပ်ခြားတရုပ်နှင့် အိန္ဒိယနွယ်ဝင်များကို တန်းတူအခွင့်အရေးပေးထားသည်။

ထွက်ပြေးသူများပြန်လည်လက်ခံရာတွင် နိုင်ငံခြားသားများခေါ်လာက ဆက်လက်ပြဿနာ ဖြစ်နေမည်။ နစက နှစ်ပေါင်းနှစ်ဆယ်နီး ခြောက်လတစ်ကြိမ်စိစစ်ပြီး သူများ၊ အထောက်အထားရှိသူများ ကိုသာ လက်ခံပါ။ လ၀ကမှာရှိသော လူဦးရေစာရင်း၊ နစက စိစစ်ပြီးသော စာရင်းများကို အခြေခံ၍ ရွာလိုက် ခေါ်ယူပါ၊  လက်ခံရေးစခန်းများများဖွင့်ပေးပါ။ မူလစိစစ်ပြီးသူများ အမျိုးသားမှတ်ပုံတင် ရရှိခဲ့သူ များကို နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးပါ၊ ပြဿနာရှင်းသွားပါမည်။ မြန်မာနိုင်ငံအခြေခံဖွဲ့စည်းပုံ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေများတွင် နိုင်ငံသားများသာ မဲထည့်ခွင့် ရှိသည်ဟုပါရှိသည်။ ယခင်ဝန်ကြီးတဦးက ပြောခဲ့သလို မဲ့ထည်ခွင့်ရတိုင်း နိုင်ငံသားမဖြစ်နိုင်ဆိုတဲ့ ဥပဒေမဲ့ စကားမျိုးကို စွန့်လွှတ်ရန် လိုပေသည်။ ထိုစကားသည် ရခိုင်မှမဲထည့်ခွင့်ရရှိခဲ့သူ မူဆလင်များကို နိုင်ငံသား မပေးလို၍ ပြောခဲ့ခြင်း ဖြစ်သည်။ ပြန်လည်လက်ခံရေးတွင် မဲစာရင်းကိုလည်း အခြေခံနိုင်သည်။ ပြန်လည် လက်ခံရေးကိစ္စ မြန်ဆန် ရန် လိုအပ်ပေသည်။ ရခိုင်မှာ နိုင်ငံမဲ့များရှိသည်ဟုပြောဆိုသူများသည် ထိုဒေသမှ မူဆလင်များကို နှိပ်ကွပ်လိုသူများသာဖြစ်သည်။

ယာယီသက်သေခံကတ်ပြား (လက်မှတ်) ပြဿနာရှိသည်-ဥပဒေမှာ ယာယီသက်သေခံလက်မှတ် နှင့်သက်သေခံကတ်ပြား (အမျိုးသားမှတ်ပုံတင်) အတူတူဖြစ်သည်။ အမျိုးသားမှတ်ပုံတင်အစား ယာယီ ထုတ်ပေးသော လက်မှတ်ဖြစ်သည်။ နိုင်ငံခြားသားကို ထုတ်မပေးနိုင်၊ နိုင်ငံခြားသားမှတ်ပုံတင်ရေး ဥပဒေ နည်းဥပဒေများနှင့်အကျုံးမ၀င်သူများကိုသာ ယာယီသက်သေခံကတ်ထုတ်ပေးကြောင်း လ၀ကဌာန ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြသော အစီရင်ခံစာမှာတွေ့ရသည်။ သို့ဖြစ်၍ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့သူများကို နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးသင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၆၅ ဖြင့် လျှောက်လွှာတင်ပြီး မြို့နယ်စိစစ်ရေးအဖွဲ့၏ စိစစ်ခြင်းခံရမည်ဟု ပြောခြင်းသည် ရခိုင်ပြည်နယ် အခြေအနေအရ လက်တွေ့မကျပါ။ ဥပဒေတွင် အောက်ခြေစိစစ်ရေးအဖွဲ့များဖြင့် စိစစ်ရမည့် အကြောင်း မပါရှိပါ။ အထောက်အထားစုံလင်သူကို ဥပဒေအရ နိုင်ငံသားအသိအမှတ်ပြုပေးရန်သာရှိသည်။ ယာယီ သက်သေခံ ကတ်ထုတ်ပေးသော ဥပဒေသည် တည်ဆဲဥပဒေဖြစ်သည်။ ရခိုင်တွင် အမျိုးသားမှတ်ပုံတင် ကတ်များသိမ်းပြီး လူခုနှစ်သိန်းခန့်ကို ယာယီသက်သေခံလက်မှတ်များ ထုတ်ပေးခဲ့သဖြင့် ထိုလူများ နိုင်ငံမဲ့ မဖြစ်နိုင်ပါ။

ယခင်အစိုးရများက အထက်မူဆလင် (ရိုဟင်ဂျာ) ပြဿနာကို အပြီးပိုင်ဖြေရှင်းခဲ့ပြီးဖြစ်သည်။ သူတို့သည် နိုင်ငံသားများဖြစ်ခဲ့သည်။ ပါတီ၊ ကောင်စီမှာ ပါဝင်ခွင့်၊ လွှတ်တော်မှာ ပါဝင်ခွင့်များရရှိခဲ့သည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်ခွင့်ရှိခဲ့သည်။ နိုင်ငံထမ်းဖြစ်ခွင့်ရှိခဲ့သည်။ ထိုရရှိပြီး၊ အခွင့်အရေးများ ပြန်ပေးပါ။ ၁၉၇၃ ခု ဥပဒေ စကားရပ်များအဓိပ္ပါယ်ဖွင့်ဆိုသောဥပဒေ- အပိုဒ်-၁၄ (က) (ခ) တို့တွင် ဥပဒေ အသစ်က ဥပဒေဟောင်းအရ ရရှိခဲ့သော အခွင့်အရေးများကို ပိတ်ပင်ခြင်းမပြုနိုင်၊ အကျိုးခံစားခွင့်များက နောက်ကြောင်းပြန်ပြီး ပြန်လည်မရုပ်သိမ်းနိုင်ပါ။ သို့ဖြစ်၍ ရခိုင်မူဆလင်များ ယခင်ရရှိခဲ့သော အခွင့်အရေး များ ပိတ်ပင်ခြင်းမပြုပါက ရိုဟင်ဂျာ ပြဿနာဖြေရှင်းသွားမည်။ ကမ္ဘာကလည်း အရေးဆိုခြင်း၊ ၀င်စွက်ခြင်းများပြုမည်မဟုတ်ပါ။ နိုင်ငံအုပ်ချုပ်ခြင်းသည် မိမိဖြစ်စေလိုသော ဆန္ဒအတိုင်းမဖြစ်ဘဲ ဥပဒေအတိုင်း ဖြစ်သင့်သည်။ ဥပဒေကို အခြေခံထားရမည်။
၁၉၄၂ ခုနှစ် မူဆလင်နှင့် ရခိုင်အဓိကရုဏ်းကို မူဆလင်များက ကျူးကျော်သည်ဟု အထင်လွဲ သူများလည်းရှိပါသည်။ ထိုစဉ်က ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးဘစံနှင့် ဗုံပေါက်သာကျော်တို့၏ ကိုယ်တွေ့ မှတ်တမ်းမှာ အိန္ဒိယလူမျိုး ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု၏ ကွင်းဆက်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ လက်တွေ့ခံစားရခဲ့သူများမှာ ဒေသခံမူဆလင်များဖြစ်ပါသည်။ ရခိုင်သုံးလေးသောင်း အသတ်ခံ ရကြောင်း သူတို့၏ ကိုယ်တွေ့မှတ်တမ်းမှာ မတွေ့ရှိရပါ။

ဘင်္ဂလားဒေရှ့်လွတ်လပ်ရေးတိုက်ပွဲကာလတွင် ဘင်္ဂါလီ  ၁ သန်းခွဲ ၂ သန်းခန့် ၀င်လာသည်ဟု စွပ်စွဲပြန်သည်။ ထိုစဉ်က အစိုးရမရှိလို့လား၊ ထိုစဉ် ရခိုင်ပြည်လူဦးရေပင် ၂ သန်း မရှိပါ။ အထက် ဘင်္ဂါလီနှစ်သန်းကို ဘယ်မှာနေရာချထားခဲ့သနည်း။ လူဦးရေနှစ်သန်းအစိုးရမပါဘဲ နေထိုင်ခွင့်ရမလား၊  နေထိုင်ရန် နေရာရမလား။ ထိုနှစ်သန်း ယခုဘယ်မှာနည်း။ မူဆလင် ဦးရေတသန်းကျော်သာရှိသည်ဟု အစိုးရမှ စာရင်းပြနေကြောင်းတွေ့ရသည်။

ရခိုင်ပြည်နယ်တည်ငြိမ်ရေးသည် အစိုးရ၏ စေတနာပေါ် မူတည်သည် အမုန်းတရားဖွားသူ၊ လူမျိုးရေး ခွဲခြားမှုပြုလုပ်သူကို အရေးယူပါ။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတရားများ အောက်ခြေအထိ ဟောပြောပါ။ အုပ်ချုပ်သူ အာဏာပိုင်များတွဲ၍ ပါရမည်။ မတရားပြုကျင့်လိုသူ တဖြည်းဖြည်း လျော့နည်း သွားပေမည်။ ခွဲခြားဆက်ဆံရေး၊ ဖိနှိပ်ရေး၊ ငွေကြေးညှစ်စားရေး--တို့နှင့် မွေ့လျော်နေသော ၀န်ထမ်းများကို ရွှေ့ပြောင်းပေးရမည်။ စည်းကမ်းနာခံသော ၀န်ထမ်းသစ်များဖြင့် အစားထိုးရမည်။ ရခိုင်နိုင်ငံရေးမှာ ဘုန်းကြီးများ အစဉ်အဆက်ပါဝင်ခဲ့သည်။ ဆရာတော် ပညာသီဟ၊ ဆရာတော် ဦးစိန္ဓာတို့သည် လက်နက် ကိုင် အဖွဲ့အစည်းကိုပင် ဦးဆောင်ခဲ့သည်။ သို့ဖြစ်၍ ဘုန်းကြီးများကို ငြိမ်းချမ်းရေးအတွက် လက်တွဲရမည် ဟုယူဆသည်။

လူတစုစာ-ကန့်ကွက်၍ အခြားလူမျိုးစုတစုကို အခွင့်အရေးပိတ်ထားခြင်းသည် လူများစု ကြီးစိုးရေးဝါဒ Tyranny of majority ဖြစ်မည်။ လူတဦးချင်း၏ အခွင့်အရေးနှင့် လုံခြုံမှုကို အမာခံပေးနိုင်ခြင်း သည် ဒီမိုကရေစီဖြစ်သည်။ Majority Communalism ဘက်သို့ ဦးမတည်သင့်၊ Nelson Mandela က လူဖြူလူမဲ ပြဿနာဖြေရှင်းသည်ကို ပုံစံနမူနာယူသင့်သည်-
ပြဿနာဖန်တီး၍သာပြဿနာဖြစ်ခြင်းပါ၊ ဥပမာ မောင်တောတောင်ပိုင်းထွက်ပြေးသူ သုံးသိန်း နီးပါးကို သူုတို့နေရာပြန်မပေးနိုင်ကြောင်း၊ ဘုန်းကြီးများ ဦးဆောင်၍ ဆန္ဒပြခြင်း၊  ရခိုင်ပြည်နယ် အစိုးရက ဆုံးဖြတ်ခြင်းများသည် ရခိုင်နှင့် မူဆလင်ခိုက်ရန် ဖြစ်အောင် ရန်စ မွှေးပေးခြင်းဖြစ်သည်။ ထိုဒေသ၏ အခြေခံစီးပွားရေးသည်လယ်မြေဖြစ်သည်။ လယ်မြေ သိမ်းယူခြင်းပင်လျှင် တည်ငြိမ်အေးချမ်းမှု၊ ကို ထိပါးခြင်းဖြစ်သည်။ ထိုဒေသမှ လူထုအလုပ်လက်မဲ့၊ ၀င်ငွေမဲ့ဖြစ်အောင် ပြုလုပ်ခြင်း နှင့်တူပေမည်။

၂၀၁၅ ခုနှစ်တွင် အခြေခံဥပဒေခုံရုံးမှ ယာယီသက်သေခံလက်မှတ် White Card ကိုင်ဆောင် သူများမဲထည့်ခွင့်မရှိဟု ဆုံးဖြတ်ခဲ့ရာ--ကိုးကားခဲ့သော အခြေခံဥပဒေပုဒ်မ (၄) ပုဒ်မ ၃၈ (က) ပုဒ်မ (၃၉၁) တို့တွင် White Card ယာယီသက်သေခံလက်မှတ်အကြောင်းမပါ White Card သမားကို နိုင်ငံသား မသတ်မှတ်ရသေးသူများဟု သုံးသပ်ပြသည်။ White Card သမားနိုင်ငံသားမဟုတ်ကြောင်း မည်သည့် ဥပဒေမှာမှမရှိသည်ကို ပြန်လည်သုံးသပ်သင့်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ခဲ့သူများကို မဲထည့်ခွင့်မပြုခဲ့သည့်အပြင် အမျိုးသားမှတ်ပုံတင်ကတ် NRC ကိုင်ဆောင်သူများ ကိုပါ မဲထည့်ခွင့်မပြုခဲ့ခြင်းသည် ဥပဒေကြောင်းမဟုတ်ဘဲ၊ လူမျိုးခွဲခြားရေး ပေါ်လစီကြောင့်သာဖြစ်သည်။
တနိုင်ငံလုံးတွင် အမျိုးသားမှတ်ပုံတင် NRC ကိုင်ဆောင်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခဲ့သည်။ ရခိုင်မှာ NRC များသိမ်းပြီး  White Card (TRC) ထုတ်ပေးခြင်းသည် ကောင်းသော ရည်ရွယ်ချက်မဟုတ်၊ နိုင်ငံမဲ့ပြုလုပ်လိုခြင်း NVC ကဲ့သို့ ဥပဒေကြောင်းအရမဟုတ်သော လက်မှတ်များ ကိုင်ဆောင်စေရန် ဦးတည်ချက်ရှိခဲ့၍ ဖြစ်သည်။ ဤစီမံချက်သည် လူမျိုးတုန်း သတ်ဖြတ်ရေး၏ ခြေလှမ်း တခုဟု နိုင်ငံတကာက သုံးသပ်နေသည်ကို စဉ်းစားရမည်။ နိုင်ငံတကာနှင့် ဖြေရှင်းရသော ပြဿနာ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ရိုဟင်ဂျာပြဿနာဖြေရှင်းရန် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရများက ထုတ်ပေး ခဲ့သော အမျိုးသားမှတ်ပုံတင် NRC ကို အခြေခံရန် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးသင့်သည်။ သိမ်းယူပြီးသောလယ်မြေများကို ပြန်ပေးသင့်သည်။ ယခင်က - ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ကြောင့် တရားရုံး ဆုံးဖြတ်ချက်များလည်းရှိခဲ့ဘူးသည်ကို စဉ်းစားသင့်ပေသည်။
မူဂျာဟစ်များက မြောက်ပိုင်းမှာ ရခိုင်ကို နှိပ်စက်ခြင်းမပြုခဲ့ပေ။ တောင်ပိုင်းမှာ မူဆလင်များ ပေါ်လက်စားချေနိုင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့၍ ဖြစ်သည်။
ရခိုင် မြောက်ပိုင်းတွင်ထုချေပခွင့်၊ ရှေ့နေကိုင်ခွင့်မရရှိဘဲ ထောင်ကျနေသူ ထောင်ချီ၍ ရှိသည်။ သူတို့သည် နိုင်ငံရေးနွယ်နေသူများဖြစ်သည်။ သူတို့ကိုလည်း လေးငါးခြောက်နှစ်ရှိပြီ၊ ပြန်လွှတ်ပေး သင့်သည်။

မြန်မာက နိုင်ငံတကာတွင် လက်မှတ်ထိုးထားသော လူ့အခွင့်အရေး ကြေညာစာတမ်း၊ (UHD) ကလေးသူငယ်များအခွင့်အရေးစာတမ်း  CRC၊ အမျိုးသမီးအခွင့်အရေးစောင့်ရှောက်ရေးစာတမ်း CEADAW လူမှုရေး၊ စီးပွားရေးနိုင်ငံရေးဆိုင် သဘောတူညီချက် CSECR အရ ရိုဟင်ဂျာများကို နိုင်ငံသားအခွင့်အရေး ပိတ်ပင်နိုင်ခြေမရှိပါ။
တရုတ်၊ အိန္ဒိယတို့က မြန်မာအစိုးရကို ရခိုင်အရေးမှာ အားပေးထောက်ခံနေသည်မှာ ယာယီသာ ဖြစ်မည်။ သူတို့ နိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေးပေါ်လစီရှိနေ၍ ဖြစ်သည်။ ရုရှားမှာလည်း မူဆလင်များ၏ တော်လှန်ပုန်ကန်မှု၊ ခွဲထွက်ရေး လှုပ်ရှားမှုရှိ၍  မြန်မာမှ မူဆလင်များကို အလားတူအမြင်ဖြင့် သုံးသပ်ခြင်း ဖြစ်နိုင်သည်။ ရခိုင်မှ မူဆလင်အရေးသည် ထိုမျှ ကြီးမားသောနိုင်ငံရေးပြဿနာမဟုတ်ပါ။
ဖဆပလ၊ ပထစ၊ အိမ်စောင့်အစိုးရများခေတ်က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အချုပ်အချာအာဏာကို၎င်း၊ အမျိုးသား လုံခြုံရေးကိုထိပါးခဲ့ခြင်းမတွေ့ခဲ့ရပါ။ လက်နက်ကို မူဂျာဟစ်များပင် လက်နက်ချ- အလင်းဝင်ခဲ့ခြင်းသာရှိခဲ့သူ။

လ၀က၀န်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် - ၂၁/၂၀၁၇ တွင် NVC သည် NRC, TRC တို့ထက် အဆင့်နိမ့်သည်ဟု ရှင်းလင်းထားသည်။ ထိုလက်မှတ်ကို မကိုင်ရပါစေနဲ့ဟု ရခိုင်မှ မူဆလင်များ ဆုတောင်းလျက်ရှိနေသည်။ ၎င်းတို့၏အသံကို နိုင်ငံတော်အစိုးရနားထောင်ပါက ပြဿနာဖြေရှင်းသွားမည် ဟုယူဆပါကြောင်းနှင့် ပြည်နယ်တွင်းနေ ပြည်သူများအားလုံး၏ နိုင်ငံသားအဆင့်အတန်းအတူတူဖြစ်ပါက အပြန်အလှန်ခိုက်ရန် ဖြစ်ရန်ရှိမည် မဟုတ်ပါဟုရှုမြင်ကြောင်း၊ အပြန်အလှန်လေးစားမှုရှိမည်ဟု ထင်မြင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်-

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြဿနာဖြေရှင်းရေးအဖြေရှိသလား?”

Post a Comment

Related Posts Plugin for WordPress, Blogger...