Wednesday, June 12, 2019

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၁)

,
ယနေ့မြန်မာ့တပ်မတော်အပေါ် ဦးစီးကြိုးကိုင် ချယ်လှယ်နေသော စစ်ဗိုလ်ချုပ်များ၊ တပ်မတော်ခေါင်းဆောင်များသည် မြန်မာလက်နက် ကိုင်စစ်တပ်ကို အင်အားအဖြစ်အသုံးပြု၍ မြန်မာနိုင်ငံအပေါ် စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည်မှာ ၁၉၈၈ ခုနှစ် (မြန်မာ တနိုင်ငံလုံး အုံကြွ၍ ဒီမိုကရေစီတောင်းဆိုပွဲကြီး ဖြစ်ပွားသောနှစ်) မှ စတင်၍ ယနေ့ထိတိုင်ပင်ဖြစ်၏။ ယနေ့  ၂၀၀၆ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံတကာမျက်နှာစာတွင် ခေါင်းမဖေါ်ဝံ့အောင် ဖြစ်နေရသည့် လက်ရှိအခြေအနေ၏ အကြောင်းအရင်းမှန်ကို မြန်မာပြည်သူ ပြည်သားများနှင့် ကမ္ဘာ့ပြည်သူတရပ်လုံး သိရှိမှသာ မြန်မာပြည်၏ အနာဂတ်အလားအလာ ကောင်းမွန်လာနိုင်ဖွယ်ရှိသည်။

စစ်အာဏာရှင် စနစ်ကျင့်သုံး၍ တိုင်းပြည်နှင့်လူမျိုးအား တိုးတက်ဖွံ့ဖြိုး အောင်စွမ်းဆောင်နိုင်ခဲ့သည့် အစိုးရအဖွဲ့ဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဖူးပါ။ သို့သော်လည်း ယနေ့ ကျနော်တို့မြန်မာနိုင်ငံကို လက်နက်ကိုင်စစ်တပ်အင်အားဖြင့် ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျကာ အဓမ္မအုပ်ချုပ်နေသော စစ်အာဏာရှင်အုပ်စု၏ လက်အောက်၌ တိုင်းပြည်၏အထွေထွေအခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် အမွဲဆုံးနိုင်ငံဖြစ် နေပေပြီ။ ထိုသို့အဆိုးဝါးဆုံးအခြေအနေ ရောက်နေသည့်တိုင် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့ ဖန်တီးနေသော အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်၏လက်ရှိဖြစ်ပေါ်နေသော ဆင်းရဲမွဲတေခြင်းနှင့် ဆုတ်ယုတ်နိမ့်ပါးမှုအခြေအနေမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မှုမရှိကြောင်း အမြင်မှန် မရနိုင်တော့ဘဲ၊ ၎င်းတို့စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနှင့် ၎င်းတို့၏သားချင်းဆွေမျိုးတသိုက် ချမ်းသာကောင်းစားရေးကိုသာ၊ အရှက်တရားကင်းမဲ့စွာဖြင့် အစွမ်းကုန်၊ နည်းလမ်းစုံ၊ ကောက်ကျစ် ရက်စက်မှုပေါင်းစုံသုံး၍ ကြိုးပမ်းဆောင်ရွက်နေကြ၏။

ပြည်သူလူထုတရပ်လုံးမှ ရွေးကောက်တင်မြှောက်ထားသော ပြည်ချစ်နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များအား အကြောင်းမဲ့ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ဒီမိုကရေစီရရှိရေး ဆောင်ရွက်သူ မျိုးချစ်နိုင်ငံရေးသမား မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုပ်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အပြစ်မရှိပါဘဲ သားချင်းဆွေမျိုးမကျန်ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်များပေး၍ မျိုးဆက်တုံးသုတ်သင်ခြင်းများပြုလုပ်ကာ ရက်စက်စွာဖိနှိပ် အုပ်ချုပ် နေကြသည်။ တိုင်းပြည်အား အမှောင်တိုက်လမ်းမှားသို့ ဇွတ်အတင်း သွတ်သွင်းဆွဲချနေကြသည်။ ၎င်းတို့ စစ်ဗိုလ်ချုပ်ကြီးတစု အာဏာတည် မြဲရေးအတွက် ဘာကိုမဆို ရက်စက်ကြမ်းကြုတ်စွာ ပြုလုပ်နေသည့် အချိန်လည်း ဖြစ်၏။

လာဘ်စား၊ ခြစားမှုများ၊ မတရားမှုမျာ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာနေမှုများ၊ ဥပဒေဘက်တော် သားဟု အမည်ခံထားသော စစ်ဘက်၊ နယ်ဘက်၊ အာဏာပိုင် အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် မတရားဖိစီး နှိပ်စက်အနိုင်ကျင့်၍ ၎င်းတို့ကိုယ်ကျိုးစီးပွားတခုတည်းအတွက် မတရားစီးပွား ရှာဖွေနေကြခြင်းဖြစ်စဉ်များ တိုင်းပြည်၏နေရာအနှံ့တွင် ဖြစ်ပွားနေ၏။ ဥပဒေ၏အထက်တွင်မည်သူမှမရှိစေရဟု အမိန့်ထုတ်ပြန်သူ အာဏာရှင်ကြီးကိုယ်တိုင်ကပင် မတရားကိုယ်ကျိုးစီးပွား ရှာဖွေနေသူဖြစ်နေခြင်း စသောအနာဂတ်ပြည်ထောင်စုအတွက် ရတက်မအေးစဖွယ်၊ ရင်လေးဖွယ်၊ အခြေအနေများကြောင့် ယနေ့မြန်မာ နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသည့် မြန်မာစစ်တပ်အစိုးရ၏ ကျောထောက် နောက်ခံအဖြစ်ရပ်တည်နေသော မြန်မာ့တပ်မတော်သည် ကမ္ဘာ့လူထုကြီး၏ ဝေဖန်ရှုတ်ချခြင်းကို ခံရယုံသာမက၊ မြန်မာတိုင်းရင်း သားအပေါင်း၊ မိဘပြည်သူအပေါင်း၏ မလိုမုန်းထားခြင်း၊ စက်ဆုပ် ရွံရှာစွာ ရှောင်ရှားဖယ်ကျဉ်ခံရခြင်း၊ မေတ္တာတရားကင်းမဲ့စွာ ဆက်ဆံပြောဆိုခံရခြင်း၊.. စသောရင်ထုမနာဖြစ်ဖွယ်အကြောင်းများ ဖြစ်ပေါ်လာနေပေ၏။

အမှန်စင်စစ် မြန်မာ့တပ်မတော်သည် မြန်မာပြည်သူတို့၏ ရင်နှစ် သည်းချာ သားရတနာတို့ဖြင့် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ထားသော အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့ကြီးတဖွဲ့ဖြစ်သည်။

ပြည်သူ့လူတန်းစားအမျိုးမျိုးမှ မွေးဖွားလာသော လူငယ်မျိုးဆက် သစ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လက်နက်ကိုင် အဖွဲ့ကြီးတခုသာဖြစ်ပေသည်။ မြန်မာတိုင်းရင်းသားလူမျိုးစုအားလုံး၏ မည်သည့်ယဉ်ကျေးမှုတွင်ဖြစ်စေ လူတဦးသည် မိမိ၏ဆွေမျိုးသားချင်း မိဘမောင်ဘွားများ၏ မလိုမုန်းထား စက်ဆုပ်ရွံရှာစွာဆက်ဆံခံရခြင်း၊ အော့ကြော့လန်ခြင်းကို နှစ်ခြိုက်လိုလားသူ တဦးတယောက်မျှမရှိပါ။ မိမိနှင့်မိမိ၏မိသားစုဘ၀ ၀မ်းရေးအတွက် ကျင်လည်လုပ်ကိုင်နေရသော တာဝန်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး၊ မိဘဆွေမျိုး၊ အပေါင်းအသင်းနှင့် သူငယ်ချင်းတို့၏ ကြည်ဖြူနှစ်သက်ခြင်းကို ခံယူလိုကြသည်ချည်းဖြစ်၏။

ယနေ့ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းပါ.... ရည်ရွယ်ချက်များသည် တိုင်းပြည်နှင့်လူမျိုးစုအားလုံးအတွက် အင်အားရှိဖွယ်ရာ၊ အားကိုးရာ တပ်မတော်ကြီးအဖြစ် အားကိုးအားထားပြုနိုင်ဖွယ်အင်အားစုကြီးအဖြစ် မျှော်ရည်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော မွန်မြတ်သည့် ရည်ရွယ်ချက်တို့ဖြင့် တည်ထောင်ခဲ့သည့် စစ်တပ်... ယနေ့ဘာတွေဖြစ်နေသလဲ ...

"...ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်နေမယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကား ပဲဖြစ်မယ်..." ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆိုခဲ့၏။ သူ့စကားမှန်ကန်အောင်လည်း သူကိုယ်တိုင်စံနမူနာပြ စစ် ခေါင်းဆောင်အဖြစ် အောင်မြင်စွာတည်ဆောက်ခဲ့၏။

မြန်မာမျိုးချစ်လူငယ်များ၏ စံနမူနာပြခေါင်းဆောင်င်္ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တပ်မတော်အပေါ် ထားရှိခဲ့သော ရည်ရွယ်ချက်သဘော ထားသည် ယနေ့ခတ်တွင် မှန်-မမှန် တော့မသိ။ တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကိုပင်မမြင်ရတော့။ မည်သည့် စစ်တပ်၊ ဌာန၊ ရုံးခန်းတွင်မှ ချိတ်ဆွဲခွင့်မရှိတော့ပေ။ ကမ္ဘာနှင့်တ၀န်း နိုင်ငံတကာသုံးငွေကြေးများတွင် သူတို့နိုင်ငံအတွက် ကိုယ်ကျိုးစွန့် လွတ်၊ အနစ်နာခံကာ လွတ်လပ်ရေးရအောင် အသက်စွန့်ကြိုးပမ်းခဲ့သူ မျိုးချစ်အာဇာနည်တို့၏ ဓါတ်ပုံရုပ်လွှာကို တခမ်းတနားရိုက်နှိပ်၊ ဂုဏ်ယူဝင့်ကြွားစွာ မြတ်နိုးလေးစား တန်ဖိုးထားနေချိန်တွင် ကျနော်တို့နိုင်ငံ၌ ငွေစက္ကူပေါ်တွင်ဝေးစွ၊ မည်သည့်နေရာမှာမှ အမှတ်တရချိတ်ဆွဲခွင့် မပြုတော့သည်ကို အလွန်တရာဝမ်းနည်းဖွယ် ကောင်းစွာ တွေ့မြင်နေရသည်။ ရိုသေလေးစားမှုဖြင့် အမှတ် တရပြုခြင်းကိုပင် တားမြစ်ပိတ်ပင်ထားယုံမျှမက အမျိုးသား ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓတ်ကို မြတ်နိုးလေးစား သောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ဓါတ်ပုံကို တရိုတသေ အလေးပြုမိသူ မျိုးချစ်ပုဂ္ဂိုလ်တို့အား ပြင်းထန်လှသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ ရက်ရက်စက်စက်နှိပ်ကွပ် နေသည်ကိုလည်း ပြည်သူပြည်သားအားလုံးက ရင်ထုမနာဖြစ်စွာ တွေ့မြင်နေရလေသည်။

ဤသို့ တိုင်းပြည်နှင့်လူမျိုးအတွက် စံနမူနာကောင်းများပြသခဲ့သူ၊ ကိုယ်ကျိုးအတွက် တစက်မှ မငဲ့ကွက်ခဲ့ဘဲ တိုင်းပြည်အတွက်သာ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ အာဇာနည်များ၏ မွန်မြတ်စွာရေး သားခဲ့သည့်သမိုင်းကို ဖျောက်ဖျက်ပစ်ပြီး ၎င်းတို့၏ ဖက်ဆစ်အာဏာရှင် စနစ် ကြီးစိုးချယ်လှယ်မှု သက်တမ်းရှည်ကြာစေရန် အထောက်အကူ ပြုမည့် လီဆယ်လိမ်ညာထားသည့် သမိုင်းအတုအယောင်များဖြင့် အစားထိုးကာ နည်းမျိုးစုံဖြင့် ပြည်သူကိုလှည့်စားသိမ်းသွင်းရန် ကြိုးပမ်းနေကြသည်ကို တွေ့ရ၏။ ထိုသို့ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်များကို မြန်မာ့သမိုင်းမှ ဖျောက်ဖျက်ဖယ်ရှားရန် တဖက်မှကြိုးစားနေသကဲ့သို့ တဖက်မှလည်း သူတို့စစ်တပ်ကြီးစိုးသော အာဏာရှင်စနစ်ကို အားကိုးယုံကြည်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်ကို တွေ့ရှိရ၏။ တိုင်းပြည်၏နေရာအနှံ့ တွေ့မြင်နေကြရ သော စစ်တပ်၏၀ါဒဖြန့်ဆိုင်းဘုတ်များတွင် စာလုံးမည်းကြီးများဖြင့် ရေးသားထားသလို (တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ) ဟု တွင်တွင်ကြော်ငြာကာ စစ်တပ်ကို ပြည်သူက ငြိုငြင်မှုလျှော့ပါးစေရန် ဆွဲဆောင်၏။ တဖက်မှလည်း ၎င်းတို့တပ်မတော်ကို အမိ၊ အဖ၊ အကြီးအမှူးသဖွယ် သဘောမထားဘဲ အပြစ်ပြောသူ ကလန်ကဆန် လုပ်သူတို့ကို ရက်ရက်စက်စက် အပြစ်ပေးဖမ်းဆီးသတ်ဖြတ်သည်အထိ ပြုနေ၏။

အကြောက်တရားကို နောက်ကွယ်တွင် မသိမသာရော သိသိသာသာ လုပ်ရပ်များဖြင့်ပါ လှစ်ဟပြ ခြိမ်းခြောက်ထားပြီး မျိုးချစ်ပြည်သူ၊ ပြည်သားများကို လူမမြင်၊ သူမမြင် တိတ်တဆိတ်ဖမ်းဆီးကာ ဘ၀ပျက်သည်အထိ ရက်စက်စွာပြစ်ဒဏ်ခတ်၏။ နောက်ဆုံး ရက်ရက်စက်စက် တိရိစ္ဆာန်တကောင်လောက်ပင် တန်ဖိုးမထားဘဲ အကြမ်းဖက်သတ်ဖြတ်၏။ ဖက်ဆစ်စနစ် ဂျပန်ခေတ်က ဂတ်စတာပို ကင်ပေတိုင်စစ်ပုလိပ်တို့ဖြင့် တိုင်းပြည်ကို အကြောက်တရားဖြင့် ခြိမ်းခြောက်စေကာ အုပ်ချုပ်သွားသကဲ့သို့ ယနေ့ ကိုယ့်လူမျိုးချင်း သွေးခွဲအုပ်ချုပ်ကာ စစ်တပ်အစိုးရအပေါ် ဖိန့်ဖိန့်တုန်ကြောက်လန့်စေ၏။ မော်၍ပင်မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် ပုံသွင်းထား၏။ အခြားတဖက်မှ စစ်အာဏာရှင်စနစ်၏ အာဏာပိုင်တန်ခိုးကိုအသုံးပြုပြီး နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားရှာနေသူ စစ်ဗိုလ်ချုပ်ကြီးတို့အပေါ် လူမြင်သူမြင် ကောင်းစေသော ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ဘာသာရေးဗန်းပြသော သူတော်ကောင်းယောင်ဆောင်မှုလုပ်ရပ်များ၊ ဥပမာ..(ထီးတင်ခြင်း၊ ကောင်းမှုကုသိုလ်ဆိုသော ရေစက်ချခြင်း။) အများပြည်သူ၏သွေးနှင့်ချွေးနှင့်ရင်းနှီးကာ အတင်းအဓမ္မလုပ်အားပေး ခိုင်းပြီး ဖြစ်ပေါ်လာသည့် လုပ်ငန်းအဆောက်အဦးများကို အခမ်းအနားကြီးများကျင်းပကာ ၎င်းတို့က အခန့်သား လာရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သူတို့၏လုပ်ပိုင်ခွင့်တန်ခိုးအာဏာ ကို အလွန်အကြူးပိုင်ဆိုင်လေဟန် ဂျင်ပေါ်ကထုံးပမာ လုပ်ရပ်များဖြင့် အမြတ်ထုတ် ကိုယ်ကျိုးရှာသေး၏။ ထိုသို့ ကြောင်သူတော်အရေခြုံ၍ ဟန်ပြသူတော်ကောင်းအလုပ်များကို မီဒီယာများမှ တွင်တွင်ပြကာ မသိနားမလည်သူ ပြည်သူတို့ အထင်တကြီးဖြစ်လာအောင်၊ မသိနားမလည်သောပြည်သူတို့ကို ဝေခွဲမရ၊ ဇဝေဇ၀ါဖြစ်လာအောင် ၀ါဒမှိုင်းတိုက်စေ၏။ မင်းဆိုးမင်းညစ်တို့၏ လူမမြင်သူမမြင် ရက်စက် ယုတ်မာပုံ၊ ကိုယ်ကျိုးစီးပွားကောင်းစားဖို့အတွက်သာဆိုလျှင် ဇတ်တူသားပင် စားရန်မကြောက်သော စားခွက်လုမှု၊ အာဏာပြိုင်ဆိုင်နေမှုတို့ကို ပြည်သူလူထု မသိရှိစေရန်၊ စိတ်မ၀င်စား စေရန် ကြောင်သူတော်ကောင်းအဖြစ် ဟန်ဆောင်ကြော်ငြာသော လုပ်ကြံသတင်းများ ဖြန့်ေ၀၀ါဒဖြန့်ကာ မှိုင်းတိုက်ဖုံးကွယ်ရန် ကြိုးစားနေသောကာလလည်းဖြစ်၏။

သို့ပါသော်လည်း လက်ရှိအောက်ခြေ လက်နက်ကိုင် စစ်တပ်အတွင်းတွင် ဖြစ်ပေါ်နေသည့် မျိုးချစ်စစ်သည် သာမန်စစ်သားတို့၏ ခံစားချက်များ၊ ရင်ထုမနာအတွေးများ၊ အထက် အာဏာပိုင်တို့၏ မတရားကိုယ်ကျိုးစီးပွားရှာနေကြပုံများကို ငြိုငြင်ကဲ့ရဲနေမှုများ၊ လက်တွေ့ဘ၀အပေါ် အလိုမကျ ဒေါသဖြစ်နေသည့် တပ်မတော်သားတို့၏ ရင်တွင်းစိတ်ဆန္ဒများကို စစ်ဗိုလ်ချုပ်ကြီးတို့မသိ။ သိအောင်လည်း အားမထုတ်ရဲကြပေ။

ယနေ့မြန်မာပြည်သူလူထုက ယနေ့တပ်မတော်အပေါ် ယုံကြည်စွာ အားကိုးအားထားခြင်း၊ အားပေးထောက်ခံခြင်း၊ မြတ်နိုးလေးစား ဂုဏ်ယူကြခြင်းကို မြန်မာစစ်တပ်အတွင်း စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းမှုပြုကာ ဘ၀ရပ်တည်နေကြသော ကျနော်စစ်ဗိုလ်အပါအ၀င် မြန်မာ့စစ်တပ်မှ စစ်သည်အဆင့်အတန်း အားလုံးတို့က လိုလိုလားလားတောင့်တကြပါသည်။ ပြည်သူလူထု၏အားကိုးယုံကြည်ခြင်းကို ခံယူလိုကြပါသည်။ (မြန်မာ့သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၏ အကြွင်းအကျန်အမွေအဖြစ် ပဒေသရာဇ်အနွယ်ဝင် ဖက်စစ်အာဏာရှင်တို့ ပုံသွင်းချမှတ် ဖေါ် ဆောင်မွေးမြူထားသည့် ..အလွန်တော်သည့် ကျွန်မျိုးကျွန်နွယ်၏ စကားလှယ် ကျွန်တော် ဆိုသော ဝေါဟာရကို ဆန့်ကျင်တော်လှန် ပယ်ဖျက်၍ စကားသစ်ဖြစ်သော "ကျနော်"ဆိုသည့် စကားလုံးကိုသာ အစားထိုး၍ သုံးစွဲသွားပါမည်။)

သို့ပါသော်လည်း.. .. ..
ပြည်သူလူထုနှင့် တိုင်းရင်းသားတရပ်လုံးက သူတို့အပေါ်ဖိစီးနှိပ်စက် အနိုင်ကျင့်သော အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်နှင့် လက်နက်ကိုင် အဖွဲ့ဟူသမျှ မုန်း၏။ ရ.ယ.က ကိုမုန်း၏။ မ.ယ.က၊ ပ.ယ.က၊ တ.ယ.က စသော စသော အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး အမည်ခံ ၎င်းတို့ကိုယ်ကျိုးစီးပွားရှာရေးအတွက်၊ အထက်စစ်အာဏာပိုင်များအား မျက်နှာလို၊ မျက်နှာရ ဖော်လန်ဖားပြီး အားကိုးရာမဲ့ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက်နေကြသူ၊ ပြည်သူ့သစ္စာဖေါက်များကို မုန်း၏။ လူထုကြားမှနေ၍ ပြည်သူလူထုဖိနှိပ်ရေး၊ ဖက်ဆစ်အုပ် ချုပ်ရေးယန္တရားကို လျှို့ဝှက်ကူညီကာ မတရားကြီးပွားချမ်းသာ နေကြသော (အရပ်သားသတင်းပေး) သစ္စာဖေါက်သူလျှိုများအား မုန်း၏။ ထိုသစ္စာဖေါက်ပုဆိန်ရိုးများ၏ လက်ထောက်ချ သတင်းပေး မှုကြောင့် ရိုးသားသော တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်မြောက်များစွာတို့ စစ်ထောက်လှမ်းရေး (ယခု စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့) နှင့် စ.စ.စ၊ အထူးသတင်းတပ်ဖွဲ့ စသည်ဖြင့် ပြည်သူကို ထောင့်ပေါင်းစုံမှ စောင့်ကြည့်ဖိနှိပ်ရန် ဖွဲ့စည်းထားသော ကိုယ်ကျိုးရှာ အာဏာသုံး လက်ပါးစေအဖွဲ့များ၊ ဖက်ဆစ် စစ်ပုလိပ်လူယုတ်မာတို့၏ မတရားအကွက်ဆင် ဖမ်းဆီးခြင်းကိုခံခဲ့ကြရသည်၊ ခံနေကြရဆဲ ဖြစ်သည်ကို ပြည်သူတို့က မချိတင်ကဲဖြစ်စွာ ခံစားတွေ့မြင်နေရ၏။ ပြည်သူ့ရဲတပ်ဖွဲ့ ဟုခေါ်သော ယူနီဖောင်းဝတ် သူခိုး၊ ဓါးပြ၊ ပြန်ပေးဆွဲ ဂိုဏ်း၊ လူဆိုးလူမိုက်ဆန်ဆန် စစ်အာဏာရှင်စိတ်ကြိုက်ဥပဒေ၏ အကာအကွယ်အောက်မှ အဓမ္မမှုများကျူးလွန်နေသော ဥပဒေမဲ့ အဖွဲ့ အစည်းများ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းအပြင် ထိုဥပဒေဘက်တော် သားဆိုသူတို့၏ မတရားသောအခွန်အတုပ်များ အတင်းအဓမ္မ တောင်းယူခြင်းကို အပြစ်မဲ့သော ပြည်သူလူထုမှ ခံနေကြရသည် ဆိုသည်ကိုလည်း ပြည်သူလူထုကသိ၏။

ပြည်သူလူထုအတွက်ဥပဒေနည်းလမ်းတကျ ကာကွယ်၊ စောင့်ရှောက်ရန်ဟု စစ်အာဏာရှင်အဖွဲ့က ကင်ပွန်းတပ်ပေးထားသော ပြည်သူတို့ကို ဒုက္ခပေးသော အဖွဲ့အစည်း၊ လူတစုတို့ကိုလည်း ပြည်သူလူထုက မုန်းတီးနေကြပေပြီ။

ဒီကြားထဲ ရသမျှလက်တဆုပ်စာ၊ အာဏာငယ်ဖြင့်၊ ပြည်သူအပေါ် မောက်မာရိုင်းစိုင်း အနိုင်ကျင့်တတ်သော စစ်ဗိုလ်၊ စစ်သားအချို့ ကလည်း၊ သူတို့ကိုသူတို့ မြို့စား၊ နယ်စား၊ မင်းဟန်ပန်ဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက်အနိုင်ကျင့်ကာ မတရား ဖိစီးနှိပ်စက်သေးသည်။ အရှက်တရားမဲ့ ကိုယ်ကျိုးရှာနေကြသည့် မင်းလိုလိုက်၊ မင်းကြိုက် ဆောင် သခင်အားရ၊ ကျွန်ပါးဝနေသော အာဏာရှင်အငယ်စား စစ်ဗိုလ်၊ စစ်သားအချို့ကိုလည်း ပြည်သူလူထုက နာကျည်းမုန်းတီးနေ၏။ နေရာတိုင်း၊ ဌါနတိုင်း၊ အချိန်တိုင်းတွင် အပြစ်မဲ့ပြည်သူအရပ်သားတို့အား ဖိစီးနှိပ်စက်နေသည်မှာ ဤအာဏာ၊ ရိုးသားသောတိုင်းရင်းသား မျိုးချစ်သူတို့၏ အားမာန်ကို ရိုက်ချိုးဖျက်ဆီးနေသည်ကလည်း ဤအာဏာ၊ မြင့်မြတ်သောသာသနာပြု ရဟန်းရှင်၊ လူတို့၏စိတ်နှလုံး တို့ကို မှေးမှန်ကွယ်ပျောက်စေသည့်....ဤအာဏာ၊ မျိုးရိုးဂုဏ်ရှိန် ထည်ဝါတောက်ပခဲ့သော မျိုးမြန်မာတို့၏ ဇာတိမာန်ကို ချိုးနှိမ်ဖိနှိပ်နေ သည်မှာလည်း ဤအာဏာ၊ မကြာမြင့်သေးသည့် ဆယ်စုနှစ်အနည်းငယ် ခန့်အချိန်က အရှေ့တောင်အာရှနိုင်ငံများအကြားတွင် အချမ်းသာဆုံးဟု ကြွေးကြော်နိုင်ခဲ့သော ကျနော်တို့၏ အမိမြန်မာပြည်ကြီးကို ကမ္ဘာ့ အဆင်းရဲဆုံးစာရင်းဝင်သွားအောင် ဖျက်ဆီးခဲ့သည်သာမက၊ နုနယ်ပျိုမျစ်သော မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ မွေးရပ်အမိမြေကိုစွန့်ခွာကာ တိုင်းတပါးရပ်ခြား၊ လူမျိုးခြားတို့ လက်အောက်တွင် ရရာအလုပ်လုပ်၊ မတရားဖိစီးနှိပ်စက်ခံ၊ ကျွန်သာသာ ဘ၀များဖြင့် ၀မ်းစာရှာဖွေရလောက်အောင်၊ အမိတိုင်းပြည်ကြီး၏ စီးပွားရေးရော၊ လူမှု အနာဂတ်ရေးပါ ဆုတ်ယုတ် နိမ့်ပါးစေခဲ့သည် မှာလည်း ဤစစ်အာဏာရှင်စနစ်...။
ဤစနစ်ကြီးတည်တန့်ရေးအတွက် အဓိကကျောထောက်နောက်ခံ ပြုနေသည်မှာ မြန်မာစစ်တပ်၊ ကျနော်က ဤလက်နက်ကိုင်စစ်တပ် အတွင်း အရာရှိငယ်တဦးအဖြစ် အလုပ်လုပ်နေ၏။

စစ်ဗိုလ်တဦးအဖြစ် စစ်သားတွေကို အုပ်ချုပ်နေ၏။ စစ်အရာရှိဟု ခေါ်သော စစ်ကျွန်ခေါင်းတဦးအဖြစ် စစ်အာဏာပိုင်ကြီးများခိုင်းသမျှ လုပ်နေရသော စစ်ဗိုလ်ဖြစ်နေ၏။ သာမန်အရပ်သား၊ သာမည ပြည်သူထဲက မွေးဖွားလာသော အညတရစစ်ဗိုလ် ကျနော်သည် ပြည်သူ ချစ်သောစစ်သားအဖြစ် မိမိဘ၀ကို ရပ်တည် ရှင်သန်လိုသော ကြောင့်သာ ဤမျိုးချစ်မြန်မာ့တပ်မတော်ဟု ရုပ်မြင်သံကြား၊ မြန်မာသတင်းစာတို့တွင် ဖန်တရာတေ ရေးသားဖေါ်ပြနေကြသော မြန်မာစစ်တပ်အတွင်း ၀င်ရောက်အမှုထမ်းနေသူဖြစ်၏။ တိုင်းပြည် ကာကွယ်ရေးနှင့် ပြည်သူလူထုဘ၀ ကူညီစောင့်ရှောက်ရေးအတွက် ၀င်ရောက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်၏။
သို့သော် ယနေ့အခြေအနေအရ ပြည်သူလူထုတရပ်လုံး မျက်မုန်းကျိုးနေသော ဤအဖွဲ့အစည်း၊ စိတ်မပါသော်လည်း ဆန့်ကျင် ဟန် မပြရဲဘဲ လိုက်လျောခေါင်းညိတ်နေရသော အဖွဲ့အစည်း၊ မတော်လှန်ဝံ့၍သာ သည်းခံဆက်ဆံနေရသော အဖွဲ့အစည်း၊ ၎င်းတို့ကိုင်ဆောင်ထားသည့် လူသတ်လက်နက်နှင့် ထင်သလို၊ ခြိမ်းခြောက်နှိပ်စက်ပိုင်ခွင့်ရှိသောအာဏာကို စိုးထိတ်သည့် အတွက် ရွံ့ကြောက် ကြောက်နေရသော အဖွဲ့အစည်းမှာ ကျနော် အလုပ်လုပ်နေ သည့် မြန်မာစစ်တပ်နှင့်အပေါင်းအပါ လက်နက်ကိုင်အဖွဲ့များဖြစ်နေ၏။

အဆိုပါ အပေါင်းအပါလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အကွက်ကျကျ လည်ပတ်လှုပ်ရှားနေသော ဤစနစ်ဆိုးကြီးက ပြည်သူလူထုကို၊ မတရားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်၊ ကြောက်လန့်စေကာ၊ ခြောက်လှန့်လွမ်းမိုးထား၏။ ဆိုးရွားရက်စက် ပြင်းထန်လှသော ပြစ်ဒဏ်များ၊ ထိတ်လန့်ရွံ့ရှာ စက်ဆုပ်ဖွယ် ဘ၀ပျက်ခမန်း ကျရောက်လာနိုင်သော စီးပွားရေး၊ လူမှုရေးဆိုင်ရာ နှောက်ယှက်ဖျက်စီး ကန့်သတ်ချုပ်ချယ်ခံရခြင်းများဖြင့် မလူးသာ၊ မလွန့်သာအောင် ထိမ်းချုပ်ထား၏။ စစ်တပ်အစိုးရအပေါ် တော်လှန် ဆန့်ကျင်လိုစိတ် လုံးဝမပေါ်ရဲအောင် နှိပ်ကွပ်ဖိစီး ချုပ်ချယ်ထားပေ သည်။ ထို့အတူပင် ငွေဝယ်ကျွန်သာသာအဆင့်ရှိသည့်၊ ကျနော် အပါအ၀င် မျိုးချစ်စိတ်ဓါတ်အရင်းခံဖြင့် စစ်တပ်ထဲဝင်လာသူ စစ်သည်အများစုပါဝင် ဖွဲ့စည်းထားသည့် အောက်ခြေလက်နက်ကိုင် တပ်ဖွဲ့များအတွင်းတွင်လည်း ပြင်းထန်ရက်စက်သော ပြစ်ဒါဏ်များ၊ ဆိုးဝါးများမြောင် ကျပ်တည်းလွန်းသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များ၊ ညွန်ကြားချက်များအပြင်၊ လုံးဝငြင်းဆန်ဖယ်ရှား၊ ပျက်ကွက်ခွင့် မရှိသော အမိန့် ဟူသော အထက်အာဏာပိုင်၏ အမိန့်နှင့် ညွန်ကြားချက်ဆိုသော အပြင်းထန်ဆုံးဥပဒေတခုဖြင့် တင်းမာကျပ်တည်းစွာ၊ ချုပ်ချယ်ကန့်သတ်ထားပေသည်။ ခြိမ်းခြောက်ကြောက်လန့်စေမှုများဖြင့် ဖိနှိပ်ထားသကဲ့သို့ စိတ်ဓါတ်ရေးရာ၊ ခံယူချက်ရေးရာအရလည်း မှိုင်းတိုက် အသိညာဏ်မဲ့စေကာ၊ ၎င်းတို့ပြောသမျှ အဟုတ်ကြီးထင်ရအောင် ၀ါဒဖြန့်ယန္တယား စနစ်တကျလည်ပတ်စေကာ ဇဝေဇ၀ါ အတွေးအခေါ် များသာ တွေးခေါ်စေ၏။

ပြည်သူလူထုတို့ စစ်အာဏာရှင်အစိုးရအောက် ကြုံတွေ့ရပုံနှင့် လက်နက်ကိုင်တပ်ဖွဲ့အတွင်းမှ ဆင်းရဲချို့ တည့်စွာ ဘ၀ရပ်တည်နေ ရသော မျိုးချစ်စစ်သားတို့၏ ရင်ဆိုင်တွေ့ကြုံနေပုံမှာ သိပ်ထူးမခြား ကြောင်း အရာရှိဖြစ်နေသူ ကျနော်ကိုယ်တိုင် နှိုင်းယှဉ်သုံးသပ် တွေ့ရှိရသည်။ ပြည်သူ့ဘ၀အခြေနေမှန်ကို စစ်သားတိုင်းက မသိ ပြည်သူတွေကလည်း မျိုးချစ်စစ်သည်တော်တို့ မြိုသိပ်ကြိတ်မှိတ်နေရသော မလွန်ဆန်ဝံ့သည့် အာဏာရှင့်စနစ်အောက် ပြားပြားမှောက် ကြောက်နေရသည့် ဘ၀အမှန်တိုင်းကိုလည်း အားလုံးမသိနိုင်ပေ။ ဤသို့အဆင်မပြေမှုများ ကိုယ်စီခံစားနေရသော ပြည်သူနှင့် တပ်မတော်သားလက်နက်ကိုင်အင်အားစုများအကြား အပြန် အလှန်ခြိမ်းခြောက်ပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ကာ အာဏာပိုင် များကို စိုးထိတ်ကြောက်ရွံ့စေပြီး ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေ သည်မှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်း တစုသာလျှင်ဖြစ်သည်။

သာမန် မသိနားမလည်သူ အများစုပါဝင်သည့် လူထုကြီးတရပ်လုံးကို မျက်စိပိတ်၊ နားပိတ်၊ အတတ်ပညာတွေးခေါ်မှုတို့ ပိတ်ဆို့ခံထားရသော နွားခြေရာခွက်အတွင်းမှ ဖားငယ်များကဲ့သို့ လူမဆန်စွာပိတ်ဆို့ခံ ထားကြရသည်။ မိမိတို့ ယနေ့ကြုံတွေ့နေရသည့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဤအခြေနေဆိုးများ ဖြစ်ပေါ်နေရသည်ဆိုသည့် အမှန်တရားကို ပြည်သူ ပြည်သားအားလုံး တညီတညွတ်တည်း လက်ခံယုံကြည်လာမည်ကို အလွန်ကြောက်ရွံ့သော စစ်အာဏာရှင် များသည် အမှန်တရားဆိုသည့် လက်တွေ့ဘ၀အမှန်၊ အခြေအနေမှန် တို့ကို လုံးဝ(လုံးဝ)ပြောဆို၊ ရေးသား၊ ဖေါ်ပြ၊ ပုံနှိပ်၊ ဖြန့်ဖြူးခွင့်မပြုရဲဘဲ၊ အလွန်ကြပ်တည်းစွာ၊ ပြင်းထန်စွာ တားမြစ်ထားခြင်းဖြစ်ပေသည်။

မည်သို့ပင် စစ်အာဏာရှင်ကြီးများက ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ဖိနှိပ်၊ အနိုင်ကျင့်မှုများနှင့် မတရားအုပ်ချုပ်နေပါစေ၊ အမှောင်မိုက်ဆုံး ကာလပြီးလျှင် လင်းအာရုံတို့ ရောက်လာမြဲ ဖြစ်သည်ကို ပြည်သူတို့ ကြိုတင်မျှော်လင့် ပြင်ဆင်ထားရကြမည်သာဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး ဘုရင်ရှုး ဦးဆောင်သည့် စစ်အာဏာရှင်တစုသည် မြန်မာပြည်သူ တချို့ကို တချိန်လုံးနီးပါးဖိနှိပ်အုပ်ချုပ်၍ ရကောင်းရနိုင်မည်ဖြစ်ပြီး၊ တိုင်းပြည်တပြည်လုံး လူထုတရပ်လုံးကို အချိန်တချို့ အခိုက်အတန့် တွင်သာ ကြောက်ရွံ့မှုကိုအခြေပြုသည့် ရက်စက်ဖိနှိပ်မှုဖြင့် အာဏာသုံး ခိုင်းစေ အနိုင်ကျင့်နိုင်မည်ဖြစ်သည်။ သို့သော်..စစ်အာဏာရှုး၊ ဘုရင်ရှုး၊ စစ်ဗိုလ်ချုပ်များသည် မြန်မာပြည်တပြည်လုံးရှိ ပြည်သူ၊ ပြည်သားအားလုံးကိုတော့ ယနေ့သူတို့ အကွက်ချစီစဉ်နေသလို ရာသက်ပန်စစ်တပ်လွှမ်းမိုးသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အာဏာရှင့်စိတ်ကြိုက် စိုးမိုးချယ်လှယ် အုပ်ချုပ်နိုင်မည် မဟုတ်ကြောင်း မကြာမီသက်သေထူ နိုင်တော့မည် ဖြစ်ပါသည်။

အာဏာရှင်များ စိတ်ကြိုက်ရေးသားထုတ်ပြန်ထားသော ဥပဒေပျက် များဖြင့် ခြိမ်းခြောက်တားဆီး၊ ပိတ်ဆို့ကန့်သတ်ချုပ်ချယ်၊ အပြစ်ဒဏ်ကြီးမားစွာပေး၍ အမှန်တရားဆိုသည်ကို မပြောရဲ၊ မဆိုရဲ၊ ထုတ်ဖေါ်ခြင်းမပြုရဲအောင် မည်သို့ပင်လုပ်ဆောင်ထားပါစေ။ သမိုင်းဟူ သည် တနေ့နေ့တွင် အမှန်အတိုင်း ပေါ်ထွက်လာတတ်သည့် လောက ဓမ္မတာကို စစ်ဗိုလ်ချုပ်ကြီးတို့ ရှောင်လွှဲ၍မရနိုင်ပေ။ ယခု ဤစာစုသည်ပင်လျှင် အမှန်တရားကို အမှန်အတိုင်းပြောဆိုရေးသားရန် မ၀ံ့မရဲ ဖြစ်နေသည့် မြန်မာပြည်တွင်းမှ ပြည်သူလူထုအတွက် အမှန်တရားကို ဦးဆောင်ကာ ထုတ်ဖေါ်ပြသသည့် စာစုတို့အနက်မှ တခုဖြစ်ပေသည်။ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်ရယူလိုမှု၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေးတို့စသော အခွင့်ထူးခံလူတန်းစားတို့ တပ်မက်တတ်သည့် စည်းစိမ်အားလုံးကို စွန့်လွှတ်ခဲ့သော စစ်တက္ကသိုလ်ကျောင်းဆင်း စစ်ဗိုလ်တဦး၏ အမှန်တရားဘက်မှ အတိအလင်းရပ်တည်လာခြင်း ဦးဆောင်မှုမှသည် စစ်တပ်အတွင်းရှိ အမှန်တရားကိုမြတ်နိုးသူ စစ်သည်တော်အားလုံးအတွက် ရှေ့ဆောင် လမ်းပြဖြစ်စေပါမည်။ စစ်တပ်တွင်းမှ မျိုးချစ်စိတ်မှန်ကန်သူလူတန်းစား စစ်သည်အဆင့်တန်းအားလုံးတို့အား ပြည်သူလူထုဘက်မှ ကာကွယ်သည့် အမှန်တရားဘက် ပြောင်းလဲရပ်တည်လာစေရန် စံနမူနာပြ ဦးဆောင်ပြုမူလာခြင်းလည်း ဖြစ်သည်။

တိုင်းပြည်တွင်း ယနေ့အချိန်အခါတွင် မဖြစ်မနေလိုအပ်နေပြီဟု တတ်အပ်ဆိုနိုင်သော တပ်မတော်အင်အားစုအတွင်းမှ ပြည်သူလူထုဘက် ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ကာကွယ်မည့် မျိုးချစ်စစ်သားတို့၏ မိမိတို့ဖြတ်သန်းနေရသော လက်တွေ့ဘ၀ အတွေ့အကြုံများထဲမှ ပြည်သူ့အတွက်ကောင်းကျိုးပြုနိုင်မည့် အမှန်တရားကို ရဲရဲရင့်ရင့်ထုတ်ဖေါ်ရင်ဆိုင်ပြီး၊ မတရား အုပ်စိုးနေသူ တို့၏ ဥပဒေမဲ့လုပ်ရပ်များကို အများသိအောင် ဖွင့်ဟဖေါ်ထုတ်ဖို့ လိုအပ်နေသည့် အချိန်အခါ ဖြစ်သည်။ အရာရှိဖြစ်သူမှစ၍ အမှန်တရားကို လေးစားမြတ်နိုးသူ စစ်သည်တော်တိုင်း ယနေ့ စစ်အာဏာရှင်စနစ်အပေါ် အတိအလင်းဆန့်ကျင်မှု ပြုကြရန်နှင့် မတရားသောစစ်အမိန့် အာဏာဟူသမျှ ပြတ်ပြတ်သားသားငြင်းဆန်၊ ဖီဆန်ကြရန် ကျနော်တို့စစ်တပ်ထဲမှ မျိုးချစ်အရာရှိများနှင့် မျိုးချစ်စစ်သားများကို ဦးဆောင်ညွန်ပြ မီးမောင်းထိုးပြခြင်းလည်းဖြစ်၏။ စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အတွင်း လမ်းပျောက်၊ အနာဂတ်ပျောက်နေသူ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအားလုံး မိမိတို့အနာဂတ်ကောင်းမွန်လှပဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ် ချက်တခု တက်ညီလက်ညီ ချမှတ်ဆောင်ရွက်နိုင်စေဖို့အတွက် တပ်လှန့်သော အချက်ပေးခရာသံအဖြစ် ကြေငြာ မောင်းခြင်းလည်းဖြစ်ပါသည်။ တပ်မတော်အတွင်းရှိ မျိုးချစ်စစ်သည် အင်အားစုများအားလုံး အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရပ်တည် ရင်ဆိုင်ကြရန် အချိန်သင့်ပြီဖြစ်ကြောင်း၊ သိမြင်ယုံကြည်လာသည့် စစ်ဗိုလ်တဦးမှ တည်ကြည်ဖြောင့်မတ်စွာ၊ ရိုးသားစွာဖြင့် စစ်အာဏာရှင်စနစ်အောက် ကျွန်သဘောက်သာသာ ခံစားရင်ဆိုင်နေကြရရှာသော ပြည်သူတို့ဘက်သို့ ကူးပြောင်း ကာကွယ်လာခြင်း ဖြစ်ပါသည်။

တပ်မတော်နှင့် ပြည်သူလူထ၏ု အနာဂတ်အရေးအတွက် ကောင်းမွန်မှန်ကန်သည့် ကြိုးပမ်းမှုလုပ်ရပ်များကိုသာ ဆောင်ရွက်လိုသည့် မြန်မာလူငယ်အရာရှိတဦး၏ ရိုးရှင်းသောအမြင်၊ ပွင့်လင်းသောခံစားချက်တို့ဖြင့် တပ်မတော်တွင်းရော၊ မြန်မာတိုင်းရင်းသား ပြည်သူလူထုအတွင်းမှပါ ပါဝင်ဆောင်ရွက် ရတော့မည့် အကြောင်းအရာများ၊ ရည်မှန်းချက်များ၊ ပေါ်ထွက်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးများ၊ ရှေ့ဆက် ရင်ဆိုင်သင့်သည့် အာဏာရှင်စနစ် ဆန့်ကျင်ရေးရည်ရွယ်ချက်ဖြင့် အကြမ်းမဖက်၊ သွေးမဆက်ဘဲ၊ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြရမည့် အမျိုးသားရေးလှုပ်ရှားမှု ပုံစံများ၊ စသည်တို့ပါဝင်ပြီး အနာဂတ်ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို မုချ အထောက်အကူပြုနိုင်မည်ဟု ယူဆယုံကြည် ချက်များဖြင့် ဤစာအုပ်ကိုပြုစုရေးသားခြင်း ဖြစ်သည်။

နောင်အနာဂတ် လာမည့်မျိုးဆက်သစ်လူငယ်တို့အတွက် မှန်ကန်ကောင်းမွန်သော သမိုင်းအမွေများကိုသာ ကျန်ခဲ့စေလိုသော အရောင်မရော၊ ၀ါဒမနှောသည့် စိတ်ရင်းစေတနာဖြင့် အမြင်၊ အရှိ၊ အသိအတိုင်း မထိန်မ၀ှက် သုံးသပ်ဖေါ်ပြမည် ဖြစ်သောကြောင့် မြန်မာ ရှေးထုံးနှင့် မကိုက်ညီခြင်း၊ လက်ရှိနိုင်ငံရေးပါတီများ၏ အခြေခံ သဘောတရားများနှင့် မကိုက်ညီခြင်း၊ မိမိတို့ဆိုင်ရာဆိုင်ရာ ဘာသာရေး လတ်တလောကန့်သတ်ချက်၊ အယူဝါဒစွဲလမ်းမှု၊ အများယုံကြည်မှုတို့ အရ ယနေ့ခေတ်စံနှုန်းများနှင့် မအပ်စပ်ခြင်းစသော ရှေးဆန်သူတို့ အတွက် ဘ၀င်မကျ၊ စံမပြ၊ သဘောမတွေ့ဖွယ်ရာ အသုံးအနှုန်းများ၊ အတွေးအခေါ်များ၊ ဆန့်ကျင်မှုများ တွေ့ရှိခဲ့သော်၊ ပါဝင်ခဲ့သော် မျိုးချစ်စိတ်ထက်သန်ပြင်းထန်သော ခေတ်လူငယ်တဦး၏ တိုင်းပြည်ကို ကောင်းမွန်တိုးတက်စေလိုလွန်းသည့် စေတနာစိတ်ဇောကြောင့် ဖြစ်ပေါ် တွေးခေါ်လာမိသော ခံစားချက်ငယ်ဟုသာ သဘောပိုက်နားလည် ပေးစေလိုလှပါသည်။ ကဲ.... အတွေးအခေါ်တွေဘက် ဆက်ကြပါဦး စို့....

ပြည်သူများက စစ်အာဏာရှင်များနှင့် ၎င်းတို့ နောက်လိုက် လက်နက်ကိုင်တပ်များကို ကြောက်ရွံ့စိုးထိတ်နေကြရသကဲ့သို့၊ လက်နက်ကိုင်ထားကြရသော ကျနော်တို့ စစ်တပ်အပါအ၀င် အခြား သော အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများသည်လည်း အထက်အာဏာပိုင် စစ်အာဏာရှင်ကြီးများကို ဖိန့်ဖိန့်တုန် ကြောက်နေကြရကြောင်း သာမန်ပြည်သူတို့ မသိနိုင်ပေ။ ဤမျှတိုင်းပြည် တ၀ှမ်း၊ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော် အပြန်အလှန် ထိတ်လန့်ကြောက်ရွံ့စေ၍ မသိနားမလည်စေမှုများ လွှမ်းမိုးစေကာ အမြတ်ထုတ်စိုးမိုးချယ်လှယ်နေသော စစ်အာဏာရှင်ကြီးများ၏ ညစ်နွမ်းယုတ်ထေးသော သမိုင်းစဉ်ဖြစ်၏။ ၎င်းတို့ကောင်းစားရေး တခုတည်းသာ အဓိကဖြစ်သည့် အာဏာရှင်စနစ်ဆိုးတည်တန့်ရေး၊ ဖန်တီးနေမှုများကို စစ်ပါးဝစွာ၊ ပရိယာယ်ကြွယ်ဝစွာ လုပ်ဆောင်နေခြင်း များဖြစ်၏။ စစ်အာဏာရှင်စနစ်ဆိုးကြီး၏ နောက်ဆက်တွဲရလာဒ်အဖြစ် ပေါ်ထွက်ဖြစ်ထွန်းလာသော ဆင်းရဲမွဲတေမှု၊ လူမှုရေးချို့တဲမှု၊ လူသား တဦး၏ခံစားပိုင်ခွင့်၊ ပိုင်ဆိုင်ပိုင်ခွင့် တို့ ဆုံးရှုံးမှု၊ ဘ၀မလုံခြုံမှု၊ အနာဂတ် မရေရာမှု၊ အသိပညာ၊ အတတ်ပညာမဲ့မှု စသောဘ၀နှင့်ချီ၍ ရင်းနှီးပေးဆပ်ရမည့် ဆိုးကျိုးဒုက္ခများကို လက်ရှိရော အနာဂတ်၌ပါ ခါးစည်းရင်ဆိုင်ခံစားရမည့်သူများမှာ မသိနားမလည်၊ အသိမကြွယ် ရိုးသားသော မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၊ နောက်လာမည့် မျိုးဆက်အားလုံးသာဖြစ်၏။

တိုင်းပြည်နှင့်ယှဉ်၍ ရာဇ၀င်ကြွေးတင်လျှင် ရှင်ဘုရင်လုပ်ခဲ့သူနှင့် ၎င်း၏ ဆွေတော်မျိုးတော်အပေါင်းတို့က ပြေလည်အောင် ပေးဆပ်လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သားတို့ အလေးအနက်ပြု စဉ်းစားရမည့်အချိန် ကျရောက်နေပေပြီ။

ထိုအချင်းအရာတို့၏ လက်တလော ပေါ်ထွက်လာနေသော ဆိုးကျိုးအဖြစ် မျိုးဆက်သစ်လူငယ်များ၊ ပြည်သူ့ရင်နှစ် သားရတနာ ကလေးငယ်လေးများ၊ တဖြည်းဖြည်း သိသာစွာဖြင့် အသိတုံးဉာဏ်တုံး၊ အတွေးအခေါ်တုံး၊ လူညွန့်တုံး၍ လူလုံးမလှစွာဖြင့် တန်ဖိုးမဲ့သော အချိန် များကို ဖြတ်ကျော်နေကြရသည်ကို တွေ့ရ၏။ မျိုးဆက်သစ်ဖြစ်လာမည့် လူငယ်အများစုမှာ မိမိ ဘ၀အရေး၊ မိမိအနာဂတ်အရေး၊ မိမိနိုင်ငံအရေး၊ မိမိပတ်ဝန်းကျင်အရေး စသည့် အရေးပါသည့်အရေးအရာ ဘာဆိုဘာမှ တွေးခေါ်ဆင်ခြင်ဆုံးဖြတ်ခြင်း၊ ဝေဖန်အကဲဖြတ်သုံးသပ်ခြင်း ပြုလုပ် နိုင်စွမ်းမရှိကြသည့် နလဗိန်းတုံးများ မသိမသာဖြစ်လာကြခြင်းကို မလိုလားအပ်စွာ တွေ့မြင်နေရခြင်း ဖြစ်သည်။ ကြုံဆုံနီးစပ်၊ မြင်တွေ့နေရ သည့် မှားယွင်းသော၊ လူမှုရေးကျင့်ဝတ် အစဉ်အလာပျက်များကို၊ လွဲမှားစွာကူးစက်ခံအတုယူမိသောကြောင့် ကိုယ်ကျင့်စာရိတ္တစံနှုန်းများ တဖြည်းဖြည်း နိမ့်ပါးကျဆင်းလာကာ အထက်တန်းမကျစွာ ကိုယ့်ကို ကိုယ် တန်ဖိုးမထားသောလုပ်ရပ်များ သူသူငါငါလုပ်လာနေကြသည်ကို တားဆီးရဲသူ၊ ကန့်ကွက်ရဲသူ မရှိသလို တားမြစ်ရကောင်းမှန်း ကန့်ကွက်ရကောင်းမှန်း မသိအောင်လည်း စစ်အာဏာရှင်စနစ်က ဖန်တီးထားသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို တန်ဖိုးထား လေးစားချစ်ခင်ရကောင်းမှန်းမသိသည့် အမျိုးသားရေး စရိုက်လက္ခဏာညံ့များ၊ တိုင်းတပါးယဉ်ကျေးမှုအတွေးအခေါ်များ၊ ၀င်ရောက်လာကြစေရန် မြောက်ပိုင်းကွန်မြူနစ်နိုင်ငံကြီးတခုမှ ယဉ်ကျေးမှုများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးလုပ်ရပ်များကို မီဒီယာများမှတဆင့် ကျူးကျော်ကူးစက်ခွင့်ပြုထားသည်။ ဒီကြားထဲ မျိုးချစ်စိတ်အရင်းခံဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ရပ်များ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ကြောင်း အကြံပြုကြသည့် နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူ အဖွဲ့အစည်းများကို ပြည်ပသြဇာခံ ပုဆိန်ရိုး၊ တိုင်းတပါး ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်ကို အောက်ကြို့ခံ အတုယူဖို့ မိုက်မဲစွာ ကြိုးစားနေသည် ဟု စွပ်စွဲသေးသည်။ သူတို့ပါးစပ်က နတ်စကားထွက်ရဲ သေးသည့် အရှက်တရားမရှိသော စစ်ခေါင်းဆောင်များကို ကျနော်တို့မျိုးချစ်လူငယ်တွေက အံ့အားသင့်မိကြ၏။ သူတို့ဘယ်လိုဘဲ နတ်စကားထွက်ထွက် ပြင်ပလူနေမှုတွင် မြင်နေကြရသည့် မျိုးဆက်သစ်ဖြစ်လာမည့် ကလေးငယ်တို့ကို ကြည့်လိုက်ရုံဖြင့် စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းတို့ကို တွေ့မြင်နိုင်ပေမည်။

ကျံကျောင်းဓားနှင့် ရှဲရှဲနီ တကြော်ကြော်အော် ဆော့ကစားနေသော မျိုးဆက်သစ်ကလေးသူငယ်တို့ ကြီးပြင်းလာနေသော ဤခေတ်တွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဓါတ်ပုံကို ဦးညွတ်အလေးပြုမိယုံဖြင့်၊ ချက်ချင်းဖမ်းချုပ်ထောင်ချခံရသော အုပ်ချုပ်ရေးစနစ်၊ မိမိ မကြေနပ်သော အကြောင်းအရာ၊ မိမိယုံကြည် သော အတွေးအခေါ်၊ မိမိအနာဂတ်အတွက် တင်ကြိုအားမရနိုင်သည့် အဖြစ်အပျက်စသော အမှန်တရားတခုခုကို လူပုံလယ်ရှေ့ ရင်ဖွင့်ပြောဆို မိယုံဖြင့် ထောင်ဒါဏ နှစ်ရှည်ကျခံနိုင်ရသည့် ဥပဒေ၊ ဒီကနေ့လို ကြပ်တည်းမွတ်သိပ်မှုအပြည့်ပြည့်ဖြင့် အရာရာကိုကြောက်ရွံ့နေရသော စစ်အုပ်ချုပ်ရေးစနစ်ဆိုးကြီးသည် အနာဂတ် ကျနော်တို့တိုင်းပြည်ကို ထိတ်လန့်ဖွယ်ကောင်းစွာ ခြိမ်းခြောက်နေသည်ကို လူငယ်တွေ တွေးတောဆင်ခြင်မိကြဖို့ အရေးတကြီးလိုနေပြီဖြစ်၏။ အသက်အရွယ်အတွေ့အကြုံ ရင့်ကျက်ပြီးဖြစ်သည့် အုပ်ချုပ်ရေးပိုင်း၊ အုပ်ထိန်းမှုပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုအခြေ အနေဆိုးတို့ ကို သိရှိရိပ်မိ၊ နောင်တရကာ ပြင်ဆင်ပြေင်းလဲရေးတွေ လုပ်ရမည့်အစား လူငယ်ထုကိုညံ့ဖျင်းသည့် ပတ်ဝန်းကျင်တွေထဲ နစ်မြုပ်နေကြသည်ကို ဖာသိဖာသာနေနေကြ၏။ ရှေ့ဆောင်နွားလား အုပ်ချုပ်သူများမှ ဖြောင့်ဖြောင့်မသွားသောအခါ မြန်မာပြည်တွင်း လူမှုဆက်ဆံရေး ပတ်ဝန်းကျင်သည် လျင်သူစားစတမ်း၊ လည်သူဝါးစတမ်း၊ ဦးသူခူးစတမ်း စိတ်ဓါတ်ဖြင့် နေထိုင်ကျင့်ကြံသူ တကိုယ်ကောင်းစိတ်ဓါတ်ပိုင်ရှင် တို့သည်သာ အောင်လံထူနိုင်သလို၊ တရားမျှတသလိုဖြစ်လာ၏။...

ထိုအချင်းအရာတို့ကို အစဉ်အမြဲ ထိတွေ့နေရသည့် ရိုးသားသော လူငယ်တို့သည် ခံယူချက်နှင့် စိတ်ဓါတ်၊ အောက်တန်းကျသည့် စံနှုန်းလွဲသော အပြုအမူများ၊ ဖြတ်လမ်းမှ အလွယ်တကူ ငွေရနိုင်ရေးနှင့်၊ လတ်တလောရင်ဆိုင်နေရသည့် ဆင်းရဲတွင်းမှ မြန်မြန်လွတ်ကင်းနိုင် မည့် ကြုံရာကျဗန်း ပေါ်ပင်ခေတ်စား လုပ်ရပ်များ၊ တွေးခေါ်လုပ်ကိုင်ခြင်း သည်သာလျှင် လတ်တလောဘ၀၏ကယ်တင်ရှင် ဖြစ်နိုင်သည်ဟူသော ယွင်းချော်သည့်ယုံကြည်ချက်များ ဖြစ်ပေါ်မွေးမြူလာကြသည်။

“ဖ”လေးလုံးဟုခေါ် သည့် (ဖဲ၊ ဖာ၊ ဖိုး၊ ဖစ် ) ဖဲရိုက်ခြင်း၊ ဖာလိုက်ခြင်း၊ နံပါတ်ဖိုးထိုးခြင်း၊ ဖစ် ဟုခေါ်သည့် ဆေးခြောက် စိတ်ကြွဆေးသုံးစွဲခြင်း စသည့် ရင်ကျိုးနာကျည်းဖွယ် ပျက်စီးခြင်းများအပြင် စိတ်ဓတ်ဝဲစားသော ဖြတ်လမ်းမှ အလွယ်တကူငွေရနိုင်ရေးလုပ်ရပ်များဖြစ်သည့် (ယနေ့ခေတ်စားနေသည့် ဘောလုံးပြိုင်ပွဲမှ လောင်းကြေးထပ်လောင်း ကစားသော) တလုံးထီ၊ ထိုင်းနိုင်ငံ၏ စတော့ရှယ်ယာဂဏန်းကို လောင်းသော နှစ်လုံးထီ၊ ထိုင်းနိုင်ငံမှ ချဲ သုံးလုံးထီ၊ မြန်မာပြည်တွင်းမှ ကြောက်ခမန်းလိလိ မက်မောလောက်ဖွယ်အပိုဆုကြေးများပေးမည်ဟု အကြီးအကျယ်ကြေငြာကာ တွင်တွင်ကျယ်ကျယ်ရောင်းချနေသော အောင်ဘာလေထီထိုးခြင်း၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂုံးဂင်း၊ အနီထောင်၊ စသော စသော စသော နည်းမျိုးစုံဖြင့် လောင်းကြေးထပ် ယှဉ်ပြိုင်ရသော လောင်းကစားခြင်းစရိုက်ဆိုးများ ပျံ့ နှံ့ကူးစက်လာကြ သည်။ ရမ္မက်လောဘ အတောမသတ်နိုင်သည့် အလေ့အကျင့်ဆိုးများ၊ တွေးအခေါ်ရိုင်းများ၊ အကျင့်စာရိတ္တ၀ဲစားသော စရိုက်ကြမ်းများ စသည် တို့အပြင် နောင်မျိုးဆက်နှစ်ဆက်ခန့်အထိတိုင်အောင် အလွန်တရာ၊ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကူးစက်စေနိုင်သော၊ အလေ့အကျင့်ဆိုးတို့ တဖြည်းဖြည်းကူးစက်လာကြသည်။

အထက်ဖား အောက်ဖိ၍၊ ကိုယ်ကျိုးသာရမည်ဆိုလျှင် မည်သူ့မျက်နှာမျှ မထောက် ရက်စက်ယုတ်မာ အောက်တန်းကျစွာ ကုလားဖန်ထိုး နှိမ်နှင်းသုတ်သင်၊ နင်းခွကျော်တက်၊ ခုတုံးလုပ်တတ်သည့် စိတ်ဓါတ်။ ငါတကော ကောပြီး ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဖြစ်ချင် ရာဖြစ် စိတ်ဓါတ်။ ကလိန်ကကျစ် ညာဖြီးပြောဆိုတတ်ပြီး၊ ကိုယ်လိုရာဆွဲ လိမ်ညာတတ်သော စိတ်ဓါတ်။ ကိုယ့်လူမျိုးချင်း ထောင်တွင်းပို့ပြီး ကိုယ်ကျိုးစီးပွားရှာသော အင်ဖော်မာ သတင်းပေးစိတ်ဓါတ်။ သြဇာအာဏာရှိသူတို့ထံ ဒူးထောက်ခစားပြီး မိမိအခွင့်အရေး တောင်းရမ်းတတ်သည့် သူတောင်းစားစိတ်ဓါတ်။ မှန်တာမပြောရဲ မှန်တာမလုပ်ရဲသော လူကြောက်လူအစိတ်ဓါတ်။ သာရာစီး ကိုယ်ကျိုးရှာ စိတ်ဓါတ်။ အခွင့်အရေးတခုရဖို့အတွက် မိမိကိုယ်ကျင့်သိက္ခာကိုပင် ရောင်းစားမည့် စိတ်ဓါတ်။ ကိုယ့်ကိုယ်ကျိုးစီးပွား ကောင်းစားဖို့ ကိုယ့်သားမယား ကောင်းစားဖို့အတွက် မိမိတိုင်းပြည်နှင့် မိမိလူမျိုးကို ရောင်းစားသည့် စိတ်ဓါတ်။ ရေသာခို အချောင်သမားစိတ်ဓါတ်။ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖေါ်လံဖါးစိတ်ဓါတ်။ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့မှု စိတ်ဓါတ်။ မရိုးသား မဖြောင့်မတ်စွာ နိုင်ငံရေးခုတုံးလုပ်ပြီး ကိုယ်ကျိုး စီးပွားရှာတတ်သော စိတ်ဓါတ်။ အပြောတမျိုး အလုပ်တမျိုးစိတ်ဓါတ်။ သစ္စာမရှိ ကတိမတည်သော လူကြီးလူကောင်းမပီသသည့်စိတ်ဓါတ်။ လာဘ်စားခြစားတတ်သည့်စိတ်ဓါတ်။ လူရည်လည် ပါးနပ်လိမ္မာမှုထက် ပိုမိုသော ဖျံကျကောက်ကျစ်တတ်သည့်စိတ်ဓါတ်။ လူရှေ့တွင်တရားမျှတ၊ သမာသမတ်ရှိလေဟန် ဆောင်ပြီး ကွယ်ရာတွင်သြချရလောက်သည့် အောက်တန်းကျမှုများလုပ်သော ကြောင်သူတော် လူကြီးလူကောင်းဟန်ဆောင်တတ်သည့်စိတ်ဓါတ်။ အာဏာရှိသူကို ၀ပ်တွားခယပြီး ကိုယ်ကျိုးတခုအတွက် အနားပြာလုပ်တတ်သော ဖေါ်လန်ဖါး ကင်ပေတိုင်စကားပြန်စိတ်ဓါတ်။ ပုဆိန်ရိုးသစ္စာဖောက် ကွင်းစလင် (မိမိကောင်းစားဖို့တခုတည်းအတွက် တိုင်းပြည်တပြည်လုံးကို နာဇီ ဂျာမနီ ဖက်ဆစ်တို့အား လက်ညိုးထိုး ရောင်းစားခဲ့သော နော်ဝေနိုင်ငံ စစ်ဝန်ကြီးတဦး) စိတ်ဓါတ်။ လူလိမ်လူကောက်၊ လူရှုပ်လူပွေ၊ လူပွေလူလွင့်၊ လူပေါလူချာ၊ လူပျာလူခိုး၊ လူဆိုးလူမိုက် စရိုက်စိတ်ဓါတ်။ အာဏာတန်ခိုး မက်မောတတ်သည့် စိတ်ဓါတ်။ တရယူပြီး တမှီနှိုက်မည့် စိတ်ဓါတ်။ ဘနဖူး သိုက်တူးမည့် စိတ်ဓါတ်။ စသော စသော စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတို့၏ စံနမူနာပြ၊ ခံယူချက်၊ စိတ်ဓါတ်၊ စောက်ကျင့်၊ လုပ်ရပ်ဆိုးများ၊ ပြည်သူများအကြား၊ မျိုးဆက်သစ်လူငယ်များအကြား တဖြည်းဖြည်း ပျံနှံ့လှိုက်စားလာခြင်းဖြင့် နိုင်ငံကြီးတခုလုံး သိသိသာသာ ဆုတ်ယုတ် နိမ့်ပါးလာနေခဲ့ခြင်းပင်ဖြစ်၏။

ထိုအချက်များထက် ပိုမိုဆိုးရွားလွန်းသည်မှာ ဤရွေ့ဤမျှ ချုပ်ချယ် တင်းကျပ်လှပါသည်ဆိုသော စစ်အာဏာရှင်ခေတ်အတွင်းမှ၊ အခုတမျိုး တော်ကြာတမျိုး၊ အာဏာရှင်ဗိုလ်ချုပ်ကြီးများအလိုကျ လိုသလို တင်းလျှော့နိုင်သည့် ဥပဒေစည်းမျဉ်းများ၊ ပြင်းထန်ရက်စက်လှသော ပြစ်ဒဏ်များကို အမှုမထား၊ ဂရုမစိုက်ဘဲ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် တခုတည်းဖြင့်သာ အရာရာကို မကြောက်မရွံ့ရင်ဆိုင်၍ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရရှိလာရေး ဆောင်ရွက်ကြိုးပမ်းနေကြသော ပြည်သူ့သားကောင်းမျိုးချစ် အာဇာနည်လူတော်၊ လူကောင်းများကို ရမယ်ရှာ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခြင်း၊ ၎င်း မျိုးချစ်နိုင်ငံရေး လုပ်ဆောင်သူတို့နှင့် ပတ်သက်တော်စပ်သော မိဘဆွေမျိုးသားချင်း မကျန်၊ ဘ၀ရပ်တည်နေမှု ယိုယွင်းပျက်ပြားယိုင်နဲ့အောင် အဓမ္မနည်း လမ်းအမျိုးမျိုး၊ မတရားသော အနိုင်ကျင့်မှုလုပ်ရပ် အမျိုးမျိုးသုံး၍ ဖိနှိပ်ရက်စက်၊ ကွပ်ညှပ်ခြင်းတို့ဖြင့် စစ်အာဏာရှင်စနစ်ကို နှောင့်ယှက်ဟန့်တား၊ ကန့်ကွက်လာသူမှန်သမျှကို သုတ်သင် နှိပ်ကွက်ဖယ်ရှားနေခြင်း စသည့်အခြေအနေဆိုးများ ဖြစ်ပေသည်။

မည်သည့်ဥပဒေ၊ မည်သည့်ပုဒ်မနှင့်မျှ ငြိစွန်းခြင်းမရှိပါဘဲလျှက် အကြမ်းမဖက် ငြိမ်းချမ်းစွာဖြင့် စစ်မှန်တည်ငြိမ်သော မြန်မာ့ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေး ဆောင်ရွက်နေသော အမျိုးသားနိုင်ငံရေး လှုပ်ရှားသူများနှင့်၊ အမျိုးသားနိုင်ငံရေးခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ ဖြစ်သော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထိမ်းသိမ်းထားသည်မှာလည်း ယနေ့ ကမ္ဘာတ၀ှန်း အသိပင်ဖြစ်သည်။ ဤအကြောင်းအရာတခုတည်းဖြင့်ပင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ ယုတ်မာဆိုးဝါး ရက်စက်ပုံကို ကမ္ဘာက မျက်ဝါးထင်ထင်တွေ့ရှိပြီး၊ ရက်စက်သော အာဏာရှင်စနစ်၏ လက်အောက်၌ ဆင်းရဲချို့တဲ့စွာနေကြရရှာသော၊ အပြစ်မဲ့တိုင်းရင်း သား ပြည်သူများအပေါ် စာနာစွာ၊ ကူညီပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေ အဖြေထုတ်နေကြပြီ ဖြစ်သည်။

ယနေ့မြန်မာ့သက္ကရာဇ် ၂၀၀၆ ခုနှစ်အတွင်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ ကမ္ဘာ့နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ် လေ့လာသုံးသပ်၍ တစုံတခုသော အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန် ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက် နေကြပြီ ဖြစ်၏။

ပြည်တွင်းပြည်ပမှ မျိုးချစ်နိုင်ငံရေး အင်အားစုများကလည်း အကြမ်း မဖက်သော ငြိမ်းချမ်းရေးနည်းလမ်းစဉ်ဖြင့် ဒီမိုကရေစီအမြန်ဆုံး ရရှရန် နိုင်ငံတကာ၏ နားလည်ထောက်ခံမှုကို ရယူ ကြိုးပမ်းဆောင်ရွက် နေကြပြီး ပြည်သူလူထုတရပ်လုံး၏ စိတ်ရောကိုယ်ပါ အားပေးထောက်ခံမှုကို ယခုရရှိနေသည်ထက် ပိုမိုပြင်းထန်ခိုင်မာသော စုစည်းညီညွတ်စွာပေါင်းစည်းမှုကို အမြန်ဆုံးရရှိတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြချိန်ဖြစ်၏။ မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများထဲမှ ကိုယ့်မွေးရပ်မြေ၊ ဤတိုင်းပြည်ကို စစ်မှန်စွာ မြတ်နိုးလေးစားချစ်ခင်သော အမျိုးသား၊ အမျိုးသမီး လူကြီး လူငယ်အားလုံးတို့သည် အမိမြန်မာပြည်ကို ဤစစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖြစ်တန်စွမ်းသောနည်းလမ်းပေါင်းစုံဖြင့်၊ စုစည်းညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အချိန်အခါကျရောက်နေ ပြီဖြစ်ကြောင်း၊ အလေးဂရုပြုမိပါစေရန် ရည်ရွယ်၍ ကျနော် မျိုးချစ်စစ်ဗိုလ်နှင့် မျိုးချစ်စစ်သားများမှ လှုံ့ဆော်တိုက်တွန်းရင်း၊ ကိုယ်တိုင်လည်း စံနမူနာပြအဖြစ် တိုင်းပြည်၏ အရေးအရာတို့တွင် တတ်စွမ်းသမျှ ပူးပေါင်းကူညီ ဆောင်ရွက်နေပါသည်။

တိုင်းပြည်တာဝန်ထမ်းဆောင်နေသည်ဟု မိမိတို့ဘာသာရိုးသားစွာ ယုံကြည်ထားကြသော၊ အရာရှိ (ခေါ်) စစ်ဗိုလ်လူတန်းစားတရပ်၊ စစ်တပ်လက်နက်ကိုင်အဖွဲ့အစည်းတရပ်အတွင်း၊ စစ်ဗိုလ်ချုပ်ကြီးများက အထက်ပါအမျိုးသားအရေး၊ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေ သူများအပေါ် မနာလိုမုန်းထားစိတ်၊ ဆန့်ကျင်လိုစိတ် ဖြစ်ပေါ်နေအောင် စစ်တပ်တွင်းအမှုထမ်းများအား နားလည်မှု၊ ခံယူမှုလွဲမှားစေရန် ပါးနပ်စွာ ၀ါဒဖြန့်ထားခြင်းခံခဲ့ရမှန်း ကျနော်တို့မျိုးချစ်စစ်သည်အများစုက ယနေ့အချိန်တွင် သိရှိလာပေပြီ၊ စစ်တပ်လွှမ်းမိုးသောနိုင်ငံအုပ်ချုပ်ရေး စနစ်နှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ်ဆိုးတခုတည်းတည်တန့်ရေး အတွက်သာ ခံယူကျင့်သုံးချက် ၀ါဒရေးရာလမ်းလွှဲမှုများဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်နေကြရမှုများကို အဟုတ်ထင်နေအောင် လိမ်ညာဝါဒဖြန့်ထားခြင်းခံရမှန်း ခံစားနားလည်သိရှိလာသူ များစွာ တို့ပေါ်ပေါက်လာပေပြီ၊ ကြုံရာ ရရာအခြေအနေများကို စူးစမ်းလေ့လာရာမှ တဆင့်တက်ကာ၊ သမိုင်းအပေါ် အခြေပြုသော နိုင်ငံရေးဆင့်ကဲပြောင်းလဲမှုအပေါ် လေ့လာသုံးသပ်ခြင်း၊ သတင်းနည်းပညာ၊ လွတ်လပ်သော ပြည်သူ့အကျိုးပြုစာအုပ်စာပေနှင့် ကမ္ဘာ့ လွတ်လပ်သောသတင်းမီဒီယာများမှတဆင့် ဆန်းစစ်လေ့လာခြင်း အတွေ့အကြုံတွေရလာမှ မိမိတို့ဘ၀အခြအနေမှန်တွေ သိလာခဲ့ကြ၏။

စစ်အာဏာရှင်စနစ်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည့် ခေတ်နှင့်မလျှော်ညီတော့သော ပဒေသရာဇ်ဆန်ဆန်၊ အာဏာသုံး ကိုယ်ကျိုးရှာသူများ ကြီးစိုးဖို့ အချင်းချင်းအာဏာ စားခွက် လုနေကြပုံများ၊ သူတို့တန်ခိုးသြဇာကြီးမားမှု အထောက်အကူပြုသည့် လူသတ်လက်နက်၊ အဖျက်လက်နက်များ ၀ယ်ယူနိုင်ရန် နိုင်ငံခြားငွေ ရသည့်နည်းဖြင့် ရှာနေကြပုံများ၊ တိုင်းပြည်၏ ရေရှည်အမွေအနှစ်များ၊ ပြည်သူတိုင်းပိုင်ဆိုင်သည့် သယံဇာတအရင်းအမြစ်များကို သူတို့ ဘိုးဘွားပိုင်အမွေကဲ့သို့ လက်ညိုးထိုးရောင်းစားနေသော စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ်မဲ့စွာ လုပ်ချင်ရာလုပ်နေမှု လုပ်ရပ်များကြောင့် တိုင်းပြည်တပြည်လုံး၊ လူမျိုးတမျိုးလုံး ကမ္ဘာမြေပေါ်မှ ပျောက်ထွက်သွားနိုင်သည်အထိ စိုးရိမ်ဖွယ်ကောင်း လှသော အနာဂတ်အရေး တွေးဆပူပင်လာမိသည်။ ယနေ့ တိုင်းပြည်အပေါ် စနစ်ဆိုးကြီးတခုဖြင့်၊ ဂုတ်ပိုးခွစီး ဖျက်ဆီးနေသည့် စစ်အာဏာပိုင် အခွင့်ထူးခံလူတန်းစားတရပ်အတွင်း ရိုးသားစွာ တိုင်းပြည်ကိုချစ်မြတ်နိုးသော စိတ်ဓါတ် အရင်းခံထားကာ အတတ်နိုင်ဆုံး ကိုယ်ကျင့်သိက္ခာထိန်းသိမ်း၍ ကျင်လည်ဖြတ်သန်းနေ ခဲ့သော မျိုးဆက်သစ်လူငယ်အရာရှိတဦး၏ ယနေ့ဖြစ်ပေါ်နေသော အမိနိုင်ငံအတွင်း ကောင်းမှု၊ ဆိုးမှု အထွေထွေအခြေအနေ အရပ်ရပ် တို့အပေါ်၊ ပွင့်လင်းရိုးသားစွာ ရှုမြင်သုံးသပ်မိသမျှအား၊ တတ်စွမ်း နားလည်သရွေ့ စီစဉ်ရေးသား တင်ပြသွားခြင်းသာဖြစ်ပါ၍၊ ဖြုတ်သတ္တ၀ါငယ်၏ အတွေးအခေါ်မျှ၊ အရေးအသားငယ်ဟု ဆိုချင်ဆို၊ မှတ်ချက်ပြုလိုပါကပြုပါ။ တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန်သော ဦးတည်ချက်ဖြင့် အရေးကြီးသောကဏ္ဍများအား ပြုပြင်ပြောင်းလဲ ရေးများ လုပ်ဆောင်ရာတွင် တနည်းတဒေါင့်မှ၊ တစုံတခုသော အတိုင်းအတာနယ်ပယ်တချို့အထိ အထောက်အကူပြုနိုင်လျှင် ကျနော့်ရည်ရွယ်ချက် အထမြောက်ပါ၏။ အပင်ပန်းခံ စွန့်လွတ် ပေးဆပ်ရကျိုးနပ်ပါ၏

ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော်အရာရှိတဦး)

မူလဖော်ပြခဲ့တဲ့ အပိုင်း(၁) မှာကျန်ခဲ့၍ ထပ်မံဖော်ပြပါတယ်။


https://m.facebook.com/story.php?story_fbid=2170212036430179&id=100003242101265

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၁)”

Post a Comment

Related Posts Plugin for WordPress, Blogger...