Saturday, July 13, 2019

ပြသနာပေါင်း သောင်းခြောက်ထောင်

,
ဒီတိုင်းပြည် ဒီနေ့ ဒီလောက်အထိ အသုံးမကျ ဖြစ်နေသေးတာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းတရားများစွာ တွေ ထဲ မှာ (( သွေးဖြင့် နိုင်ငံသား ကို ဆုံးဖြတ်သည်)) ဆိုတဲ့ အယူအဆ တစ်ခု က ထိပ်ဆုံး က ပါနေပါတယ်။ ဒါကို စာနဲ့ ပေနဲ့ ဥပဒေအသွင် ပြောင်း တည်ဆောက်ထားတာကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေ ပေါ့။

ဒီ ဥပဒေ အရ တိုင်းရင်းသားဖြစ်မှု ကို သွေးနဲ့ပဲ ဆုံးဖြတ်ပါသတဲ့။ တိုင်းရင်းသားတွေ ဟာ အော်တို နိုင်ငံသားတွေ ဖြစ်ပြီးတဲ့ အပြင် နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးတွေ ကိုလည်း ရရှိနိုင်သူတွေ ဖြစ်လို့ ထိပ်တန်းအကျဆုံး နိုင်ငံသားတွေ လို့ ဆိုရမယ်ပေါ့။

ဒီ သွေးအခြေခံဥပဒေ ဆိုတာဟာ တကယ်တော့ လူမျိုးရေး အခြေခံ နိုင်ငံရေး အမြင်ပါပဲ။နိုင်ငံသားချင်းတူရင်တောင် တိုင်းရင်းသားဖြစ်သူ နဲ့ မဖြစ်သူတွေ အကြားခွဲခြားထားသလို တိုင်းရင်းသားတွေ အကြားမှာလည်း ထပ်မံခွဲခြားထာတဲ့ တံတိုင်းတွေ က မမြင်နိုင်သော်လည်း တည်ရှိနေပါတယ်။

သွေးအခြေခံဥပဒေ ဟာ အကြောက်တရားပေါ်မှာ အခြေခံလို့ ရေးဆွဲထားတာဖြစ်တယ်။ အကြောက်တရားကို အခြေခံလို့ စည်းဝိုင်းခတ်ရတဲ့ သဘောမျိုးဖြစ်တယ်။ သွေးမတူသူတွေ သွေးကွဲသွေးနှောတွေ အပေါ်မှာ ယုံကြည်မှု တစ်စက်ကလေးမှ မရှိကြောင်း ဘောင်ခတ်ပယ်ထုတ်ထားတဲ့ ဥပဒေမျိုးလည်း ဖြစ်တယ်။ သွေးတူမှ တိုင်းပြည်အပေါ် သစ္စာရှိမယ် တိုင်းပြည်ကောင်းကျိုးလုပ်နိုင်မယ်လို့ တလွဲယုတ္တိဗေဒ အတွေးနဲ့ ရေးဆွဲထားတာလဲ ဖြစ်တယ်။

ဒီ ဥပဒေ က တိုင်းပြည်တိုးတက်ဖို့ထက် တိုင်းပြည်အချုပ်အခြာဆုံးရှုံးရမှာ တခြား လူမျိုးကွဲတွေ လွှမ်းမိုးလာမှာကို ကြောက်တဲ့ စိတ်အခံပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။ စစ်ပွဲတစ်ခုမှာ သင်ဟာ အတိုက်ခိုက်ခံရမှာ ကြောက်လို့ သံချပ်ကာထူထူကြီးတွေ ၀တ်ထားမယ်ဆိုရင် လှုပ်ရှားမှု ကလည်း နှေးကွေးလေးလံသွားမှာ ဖြစ်သလိုပဲ လုံခြုံမှု ကို ရှေ့တန်းတင်လွန်းတဲ့ အခါ တိုးတက်မှု ကို နှေးကွေးစေတာ အမှန်ပါပဲ။

ကျွန်တော်တို့ ငယ်စဉ်ကတည်းက နိုင်ငံခြားသားဖြစ်လို့ဆိုပြီး ပညာရေးအခွင့်အရေးတန်းတူမရခဲ့သူတွေ တိုင်းပြည်ထဲက ထွက်သွားရပြီး ပညာရှင်တွေ ဖြစ်နေကြ တိုင်းပြည်က လူသားရင်းမြစ်ဆုံးရှုံးရတာတွေ လည်း အများကြီးပေါ့။ မနေနိုင်လို့ ထွက်သွားကြသူတွေ ကို ဆုံးရှုံးရသလို ကျန်ရစ်ခဲ့သူတွေ ကလည်း စနစ်ကို မပြောင်းနိုင် မပြင်နိုင်နဲ့ လူရည်လူသွေးတွေ ပိုပိုလို့သာ ညံ့လာကြရတော့တာပေါ့။

တကယ်တော့ တိုင်းပြည်တည်ဆောက်ရာမှာ သွေးနဲ့ လူမျိုးရေးနဲ့ မကြည့်ကြပဲ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားနဲ့ လုပ်အားပေးဆပ်နိုင်မှုတွေနဲ့ ပဲ ကြည့်ကြရမှာ ဖြစ်တယ်။ တစ်လောက သိပ္ပံနည်းပညာတီထွင်မှုပြိုင်ပွဲမှာ ပထမဆုရတဲ့ ရှမ်းမိန်းမငယ်လေးတစ်ယောက်ကို ထိုင်းနိုင်ငံက နိုင်ငံသား ပေးလိုက် ကြောင်း ဖတ်ရသလို ထူးချွန်တဲ့ ကရင်လူငယ်တွေလည်း ထိုင်း က နိုင်ငံသား အဖြစ်လက်ခံနေပါတယ်။

ထိုင်းရဲ့ နိုင်ငံသားဖြစ်မှုဟာ သွေးကို အခြေမခံပဲ ထိုင်းယဉ်ကျေးမှုနဲ့ ထိုင်းတန်ဖိုးတွေ ကိုပဲ အခြေခံတာကြောင့် အပွင့်စနစ်တစ်ခု ဖြစ်တယ်။ ထူးချွန်သူတွေ အရည်အချင်းရှိပြီး ထိုင်းယဉ်ကျေးမှုကိုလက်ခံနိုင်သူတိုင်းဟာ နိုင်ငံသား အဖြစ်ကို ရရှိနိုင်တဲ့ အတွက် ထိုင်းနိုင်ငံရဲ့ လူသားအရင်းအမြစ်ဟာ ပိုပြီး ကြီးထွားသထက်ကြီးထွားလာမှာ အမှန်ပါပဲ။ သွေးကို အခြေမခံတော့ ဟာမိုနီဖြစ်တဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ကိုတည်ဆောက်ဖို့ အတွက် ပိုပြီးလွယ်ကူသွားတာ အမှန်ပါ။

အခု အသစ်ပြင်ဆင်တဲ့ ကလေးသူငယ်ဥပဒေမှာ မြန်မာနိုင်ငံအတွင်း မွေးဖွားတဲ့ ကလေးတိုင်း မွေးစာရင်းရရှိခွင့်နဲ့ သားသမီးအဖြစ် အမွေးစားခံပိုင်ခွင့်တွေ ပါလာတာကို ကြိုဆိုရမှာ ပါပဲ။ ဒါပေမဲ့ ဒီလို အခွင့်အရေးတွေ ရှိတာဟာ နိုင်ငံသားဖြစ်မှုနဲ့ မဆိုင်ဘူးလို့လည်း ဆိုထားပြန်တယ်။ ဆိုကြပါစို့= ဒီလိုနည်းနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ ထူးချွန်တဲ့ လူငယ်လေး ပညာတတ်သိပ္ပံပညာရှင်လေး ဖြစ်လာရင်ရော နိုင်ငံသားအဖြစ် လက်မခံတော့ ဘူး လား အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာရင်ရော မြန်မာနိုင်ငံသား အဖြစ်ကို မရနိုင်ဘူး လား လို့ မေးချင်တယ်။

သွေးမတူလို့ မပေးနိုင်ဘူးကွ လို့ ဖြေချင်ဖြေပါလိမ့်မယ်။ ငါတို့ဘာငါတို့ ဘယ်လောက် စုတ်ပြတ်နုံချာ အောက်တန်းကျနေပစေ ငါတို့ သွေးတူသူတွေ ကိုပဲ နိုင်ငံသား ပေးမကွ လို့လည်း ဘူးခံချင်ခံပါလိမ့်မယ်။ တစ်ခု မေ့နေတာက ဒီကနေ့ တိုင်းပြည်တွေ ရဲ့ အချုပ်အခြာဆိုတာ သွေးတူသူတွေချည်းစုနေရုံနဲ့ မရနိုင်တော့ပါဘူး။ အရည်အချင်းရှိတဲ့သူတွေ နဲ့ ဦးဆောင်မှု မှန်ကန်မှ တိုင်းပြည်တိုးတက်ချမ်းသာပြီး အချုပ်အခြာ စစ်စစ်ကို ရမှာ ပါပဲ။ မြန်မာနိုင်ငံသားဆိုတဲ့ ကျယ်ပြန့်တဲ့ အိုင်ဒီ တစ်ခုအောက်မှာ အတူတကွရပ်တည်ကြပြီး သွေးတူသွေးကွဲ အားလုံး တိုင်းပြည်ချစ်စိတ်နဲ့ အလုပ်လုပ်ကြမှ တိုးတက်အောင်မြင်တဲ့ တိုင်းပြည် ဖြစ်မှာ အမှန်ပါ။

ငါတို့ သွေးမနှော စစ်စစ်ဆိုတာကို အသေဖက်တွယ်ထားပြီး တက်ခေတ်ကြီးမှာ နောက်ကျကျန်ရစ် စုန်းစုန်းမြုပ်ပစ်ရမဲ့ အခြေအနေ ဟာ မဝေးလှတော့ဘူးလို့ မြင်မိတယ်။ တစ်ခုခု ကို အသေဆုပ်ကိုင်ထားတဲ့ လူ့အဖွဲ့အစည်းတွေဟာ အကြောက်တရားကို အခြေခံရပ်တည်နေကြပြီး တကယ့် အပြောင်းအလဲတွေ နဲ့ ရင်ဆိုင်ရတဲ့ အခါ ကျဆုံးပျောက်ကွယ်သွားကြတာပါပဲ။ အဲဒီအထဲမယ် ကိုယ်ချစ်တဲ့ အမိမြေ မပါပါစေနဲ့ လို့ ပဲ ဆုတောင်းနေမိပါတယ်။

https://www.facebook.com/744769315/posts/10158028664019316/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြသနာပေါင်း သောင်းခြောက်ထောင်”

Post a Comment

Related Posts Plugin for WordPress, Blogger...