Thursday, August 1, 2019

"​ခွေးက လူကို​စော်​ကားခွင့်​ရခဲ့ကြစဉ်​က ရာဇဝင်​​ကြွေးမှတ်​တမ်း (ဆရာ စံဇာဏီဘို)

,
ယနေ့ထက်တိုင် စာဥဟူသော အသံကို ကြားလိုက်သည်နှင့် ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားမျှင်များ တဆတ်ဆတ် လှုပ်ခါ၍ နာကျင် လာ၏။ အာရုံကြောများ ခန္ဓာကိုယ်အနှံ့ ဖြစ်တည်နေသော ရိုးတွင်းချဉ်ဆီတို့မှ ဆတ်ကနဲ ပူကနဲ ဖြစ်သွား၏ အရိုးနှင့် ကြွက်သားများကြား တည်ရှိနေသည့် ဒဏ်ရာဗလဗွနှင့် ပုံစံပျက်ယွင်းနေသော အရွတ်တို့မှ အနာဝေဒနာဟောင်းများ ပြန်လည် နိုးထလာသည်။ ကျီးပေါင်းတက်နေသော အရိုးပက်ကြားအက်များ ကြားတွင် စိမ့်ဝင်စွဲမှတ်ထားသည့် ၁၉၉၀
စက်တင်ဘာ ၂၅ ရက် ရက်စက် ကြမ်းကြုတ်လှသော ထိုကာလ အကျဉ်းဦးစီး ညွှန်ချုပ်ကြီး ဦးဇော်မင်း၊ ဒုချုပ်ဦးအုန်းဟန်၊ ညွှန်မှူး ဗိုလ်မှူးကြီးခင်မောင်လတ်၊ ထောင်ပိုင်ကြီး ဦးအုန်းဖေ၊ ထောင်ပိုင်ဦး ဘိုကြည်၊
ထောင်ပိုင်လေး ဦးပြုံးချို၊ မိန်းဂျေး
ထောင်မှူးကြီး ဦးလှမြင့်၊ ထောင်ဆရာဝန် ဦးစိုးကြည်၊ လက်ပါးစေဝါဒ အကြပ် တပ်သားများရဲ့ မောက်မာ ခက်ထန်လှသည့် မျက်နှာများကို မြင်ယောင်လာသည်။ မသေရုံတမယ် ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသား
ဗိုလ်မှူးသူရ၊ ဦးငွေလှိုင် (ငြိမ်း)၊ လေထီး ဦးအောင်နိုင်၊ အငြိမ်းစားဗိုလ်မှူးဘသော် (စာရေးဆရာ မောင်သော်က)၊ ရှေ့နေကြီး ဦးကိုယု၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ (ဘကြီးမိုး)၊ ရှေ့နေဂျိုးဖြူ
ဦးသိန်းဟန်၊ ဘိုးတော် ခင်ဝင်း စသည့် လူကြီးများနှင့် လူငယ် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော ၈၈ ကျောင်းသား ခေါင်းဆောင် မင်းဇေယျာ၊ သုံးရောင်ခြယ် ဝင်းသိန်း၊ ကျောင်းသားခေါင်းဆောင်ညိုထွန်း၊
လူ့ဘောင်သစ်မှယဉ်ထွေး၊ အောင်ဇေယျ၊ မိုးဟိန်း၊ စက်မှုကျောင်းသား
ဇော်မျိုးအောင် (ချီးပေ) စသည့် အကျဉ်းခံ ရဲဘော်ရဲဘက်များနှင့် အထူးတလည် ရက်ရက်စက်စက် နှိပ်စက်ခံရသော ဒေါက်တာတင်မျိုးဝင်း တို့ကိုလဲ အထူး သတိရမိတယ်။ တဖောင်းဖောင်း တဒုန်းဒုန်း တအုံးအုံး တဖုံးဖုံး နှိပ်စက်ကလူ ပြုခံနေရသော နိုင်ငံရေး အကျဉ်းသားတို့၏ ရဲမာန်သတ္တိ၊ ရိုင်းစိုင်း ယုတ်မာ ရက်စက် ပက်စက်၊ လူစိတ်ကင်းမဲ့၊ စာနာစိတ်နတ္ထိ၊ ဂရုဏာစိတ်ပျောက်၊ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ စော်ကား မော်ကားလုပ်သော ဝန်ထမ်း ဝါဒါများအား ရင်မှ တနင့်နင့် နာကြည်းမုန်းတီးမိ၏။
ဖိနပ်သံခွာများနဲ့ နင်း၍တဖုံ၊ ကန်ကာတစ်လှည့်၊ ခြေလက် ညို့သကြီးတလျောက် မာကျောလှသည့် နံပါတ်တုတ်များ Gunpipe ဟုခေါ်သော ရာဘာတုတ်များနှင့် တဖြောင်းဖြောင်းရိုက်၊ ဝမ်းလျားထိုးကာ လက်နှစ်ဖက်
ဆန့်တန်းထားသော လက်တို့အား
သံခွာဖြင့် ကြိတ်နင်းခြေခြင်း၊ ဦးခေါင်းကို အဝတ်စွပ်၍ ညို့သကြီးအားး ဖြောင်းကနဲ မြည်အောင် အားကုန်အောက်မှ ဖြတ်ရိုက်ကာ ခွေးသေကောင်ပုပ် ဠင်းတများဆွဲသလို တဖြုန်းဖြုန်းရိုက်၊ ကိုယ့်ပုဆိုးနဲ့ ကိုယ့်ခေါင်းအုပ်၍ လည်တွင်ပတ်၊ လက်ပြန်ပုဆိုးပတ်၍ ဘေးမှရိုက်၊ နောက်မှဆောင့်ကန်ကာ မှောက်လျက် လဲကာမှ တက်နင်း၊ ရိုက်သူကရိုက်၊ အပေါ်မှခွစီးကာ ဘယ်ညာပြန် ထိုးသူကထိုး၊ ဖိသူကဖိ၊ ရေကန်အုတ်ခုံမှာ တန်းစီပြီး ပတ္တလားတီးသလို သံစဉ်ညှိကာ တဖုန်းဖုန်း တအုန်းအုန်း တဖျောင်းဖျောင်းနဲ့ ဂီတသံပုံဖော်ပြီးရိုက်၊ ထောင်လုံးကျွတ်၊ ဝါဒါအကုန်မက သင်တန်းသားများကိုပါ ခေါ်ယူကာ လက်တွေ့ရိုက်နည်းကို သင်တန်း ပေးခဲ့တယ်။ အော်သံ တချက်မပါ၊ ညည်းသံတချက်မှ မထွက်ပဲ သွားဖုံးများကြားမှ သွေး ယိုစီး ကျအောင် အံကြိတ်ကာ အရိုက်နှက် ခံရသူများ၊ မေ့မျော သွားသူများကို အသေကောင်ပမာ ပစ်ပုံ ထားတာဟာ နာဇီ အကျဉ်းစခန်းမှ လူသေကောင်တွေလို အပုံလိုက် အထပ်လိုက် ပစ်ထားခဲ့တာ နာကျင်လွန်း၍ ထွက်ကျ လာသောဆီး၊ သွေး၊ ချွေး၊  ဝမ်းများနှင့် ဝမ်းဗိုက်၊ ရင်ဘတ်တို့မှ ထုရိုက်၍ ထွက်ကျလာသော သွေးစွန်းသော အံဖတ်၊ တံတွေး များဟာ အကျဉ်းသားဝတ်စုံပေါ်မှာ အကွက်လိုက် အထင်းလိုက် စွန်းပေကုန်၏။ အကျဉ်းသားတို့ရဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်သူများ ဘောင်ကျော်လွန် ဖိနှိပ် ချုပ်ချယ်ခြင်း အပေါ် ဆန္ဒ ပြသူများအား ညှိနှိုင်းမယောင် အချိုသပ်ပြီး တစ်ဖန် ခေါ်ယူ ရိုက်နှက်ခြင်းများသည်ကား လူတို့တွင် မရှိအပ်သော ကောက်ကျစ်စဉ်းလဲမှု့များ၊
"ဒီမိုကရေစီဆိုတာ ဒါပဲ" ဟုဆိုကာ
ဘောင်းဘီဂွကြားမှ ငယ်ပါ ကပ်ပယ်အိတ်ကို ဆုပ်ကာ၊ ကိုင်ကာ၊ ပင့်ကာ၊ မကာ လှုပ်ခါ ပြ၍ အသက်အရွယ်နှင့် ရာထူး ဂုဏ်ရှိန်ကိုပင် အားမနာ ယုတ်ညံ့ ရိုင်းစိုင်းသော အကျဉ်းဦးစီးမှ ဒုချုပ် ဦးအုန်းဟန်သည် ခါးတွင် ခြောက်လုံးပြူးသေနတ်ဒင်ကို ကိုင်ကာ ဒါပဲရမယ်ဟု ပြောကာ ဟန်ရေးပြတတ်သော လူရမ်းကား၊ ဘိုင်စကုပ်မင်းသားဝင်းဦး၊ ရန်အောင်တို့ ထက်ပင် အချိုးကျ သားနားအောင် အင်္ကင်္ျီလက်လက်၊ စတိုင်ဘောင်းဘီ၊ ရှူးဖိနပ် ပြောင်ပြောင် ဝတ်ဆင်ပြီး ရုပ်ရည်ပြေပြစ်သလောက် စိတ်ဓာတ် ယုတ်ညံ့ အောက်တန်းကျသော ထောင်ဆရာဝန် ဒေါက်တာဦးစိုးကြည်ဟာ အရိုက်ခံရသူ အကျဉ်းသားများအား နားကြပ်ထောက်ကာ " အိုကေ မသေနိုင်သေးဘူး ထပ်ရိုက်လို့ ရတယ် Carry on " ထိုင်ခုံပေါ် အကျအန ထိုင်ကာနာကျင်
မေ့မျောသူတို့အား အရသာခံ ကြည့်နေပုံမှာ အာဏာရှင် ဆက်ဒမ်ဟူစိန် ကာ့ဒ်လူမျိုးတွေကို သတ်သောဗွီဒီယို မှတ်တမ်းကို Marlboro စီးကရက်ခဲ၍ ကြည့်နေပုံနဲ့ တစ်ထေရာတည်း
တူလွန်းတဲ့ ဆရာဝန်တစ်ယောက် *
ထောင်တွင်း အကျဉ်းသားတို့ရဲ့ တောင်းဆိုသံ ညီညာသော ကြွေးကြော်သံတို့ကို ထောင်အပြင်မှ မကြားရအောင် ထောင်တွင်း ဖိနှိပ်ညှဉ်းပမ်းခြင်းများကို မသိရလေအောင်ထောင် နံရံဂါတ်ကြီးပေါ်မှ လော်စပီကာ (အသံချဲ့စက်)ဖြင့် ဟင်္သာတထွန်းရင်ရဲ့
"နေညိုချိန်တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေး" အစချီသော" စာဥ "
သီချင်းအား အသံကုန် ထပ်ကာ ထပ်ကာ ဖွင့်လေ၏ ထိုစာသားများ အတိုင်း ငါ အရောက်ပြန်ခဲ့မှာ ဆိုပြီး စိမ်ပြေနပြေ ရိုက်နှက်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေလဲ စာဥသီချင်းနဲ့အတူ သွေးအန်သူ၊ မေ့မျော သွားသူ များဟာ ငရဲခန်း သဖွယ် အတိပြီးခဲ့တယ်။
တရားဥပဒေဘောင် အထက်မှ နားကြပ်ကိုင်၊ ဝါရင်းတုတ်ကိုင်၊ သေနတ်ခါးကြားထိုး၍ လုပ်ပိုင်ခွင့် ကျော်ကျူးသော ဝန်ထမ်းများ ပေါ်ထွန်းစေသော ခေတ်ဆိုး စနစ်ဆိုးများ မည်သည့် နိုင်ငံတွင်မှ မရှိစေလိုတော့ပါ။ ခပ်ရိုင်းရိုင်း ပြောသော နေ့စဉ်သုံး စကားတို့ အနက် မြှောက်ပေးလျှင် ဂွေးတက်အောင် ကတတ်သော ဝန်ထမ်းဆိုး ဝန်ထမ်းယုတ်မျိုး "တို့နိုင်ငံတွင်မရှိသင့်" ဟူသော ဆရာစံဇာဏီဘို (ဗေဒင်ဆရာ ကိုယ်တွေ့မှတ်တမ်း) အား ဂုဏ်ပြု မျှဝေ လိုက်ရပါသည်။

Credit


https://m.facebook.com/story.php?story_fbid=808251676230843&id=100011380546987

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"​ခွေးက လူကို​စော်​ကားခွင့်​ရခဲ့ကြစဉ်​က ရာဇဝင်​​ကြွေးမှတ်​တမ်း (ဆရာ စံဇာဏီဘို) ”

Post a Comment

Related Posts Plugin for WordPress, Blogger...