Sunday, December 8, 2019

မြန်မာနိုင်ငံအတွင်း ကလေးသူငယ်၊ လူငယ်များ ပျောက်ဆုံးမှုနှင့် တပ်မတော်ထောက်လှမ်းရေး (ကကလှမ်း)

,
လက်ရှိ မြန်မာနိုင်ငံမှာ ကလေးတွေနဲ့ လူငယ်ပိုင်းတွေ ပျောက်နေတဲ့အချက်ဟာ သာမာန်ကိစ္စဖြစ်တဲ့ ငွေကြေးကြောင့် တရုပ်နိုင်ငံကို ရောင်းစားနေတယ်ဆိုတဲ့ ကိစ္စထက် ပိုမိုလေးနက်တဲ့ ကိစ္စတခုလို့ မြင်မိတယ်။

၁၉၆၂ နေ၀င်းအစိုးရတက်လာခဲ့ပြီး နောက်ဆုံး သိန်းစိန်အစိုးရထိ စစ်အာဏာရှင်တွေဟာ လူထုကို စစ်ထောက်လှမ်းရေးအားကိုးနဲ့ အာရုံလွှဲခဲ့တဲ့ဟာတွေက အများအပြားသက်သေခံနေလို့ပဲ ဖြစ်ပါတယ်။

စစ်အစိုးရဟာ သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို အချင်းချင်းစိတ်ဝမ်းကွဲစေခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ မလုံမခြုံဖြစ်အောင် လုပ်ထားခြင်းဖြင့် သူတို့ရဲ့အာဏာကို တည်မြဲအောင်လုပ်ခဲ့ပါတယ်။

အထူးသဖြင့် ဘာသာရေးသွေးခွဲမှုတွေ၊ လူမျိုးရေးမုန်းတီးမှုတွေကို ဖန်တီးရင်း စားဝတ်နေရေး အကျပ်အတည်းပေါင်းများစွာကြောင့် အသိပညာ၊ အတတ်ပညာ တနေ့ထက် တနေ့ နိမ့်ကျလာတဲ့ ပြည်သူပြည်သားတွေအပေါ်  နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။

အခု အများပြောနေတဲ့ တို့ဆေး'ဆိုတာထက် ဒီကလေးဖမ်းမိတဲ့ သူတော်တော်များကို ကြည့်လိုက်ရင် မေးလည်းမဖြေ၊ ဘာမှ မသိသလို အူကြောင်ကြောင်၊ ရိုက်လည်းမနာသလိုနဲ့ ဒီလိုလူတွေချည်းကိုပဲ တွေ့နေရပါတယ်။

ဒါဟာ ဘယ်ကိစ္စနဲ့ တထပ်တည်း သွားတူနေသလဲဆိုတော့ ၁၉၈၈ လူထုအ ရေးတော်ပုံတိုက်ပွဲမှာ အဆိပ်လိုက်ခတ်တယ်ဆိုတဲ့ သူတွေကို မိတဲ့ ပုံစံမျိုးပါပဲ။ ကျနော့်မျက်မြင်ကိုယ်တွေ့အရ ကျနော်တို့ မင်းမနိုင်ထိပ်က ဒဂုံပန်းခြံဆိုတဲ့ (ခေါင်းသုံးလုံးပန်းခြံ) မှာ အဆိပ်လာခတ်တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ကျောင်းသားအဖွဲ့က ဖမ်းမိခဲ့ပါတယ်။ သူတို့သုံးဦးကို အရင် မဆလပါတီ မြို့နယ်ကောင်စီရုံးထဲမှာ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့ထဲ ကျနော်လည်း အပါအ၀င် မျက်မြင်သက်သေတယောက်ပါပဲ။ဘာမေးမေး မေးလို့မရ၊ ကြောင်တောင်တောင်ကြီးဖြစ်ပြီး သူ့နာမည်တောင် သူမသိတဲ့ အ ခြေအနေမျိုးကို ကြုံတွေ့ဖူးခဲ့ပါတယ်။ ဒီတော့ နောက်ပိုင်းအကျိုးဆက်က ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ အဲဒီအဆိပ်ခတ်တယ်ဆိုတဲ့ သူတွေကို ဝိုင်းဝန်းသတ်ဖြစ်လိုက်တဲ့အဖြစ်ဟာ နိုင်ငံတဝှမ်းမှာ ပေါ် ပေါက်လာပါတော့တယ်။

ဒီတော့ ဘာဖြစ်သလဲဆိုတော့ လူထုရဲ့စိတ်ထဲမှာ မလုံမခြုံဖြစ်လာယုံသာမက တ ယောက်နဲ့တ ယောက်လည်း ယုံကြည်စိတ်ချမှုတွေ မရှိကြတော့ပါဘူး။ တဖက်ကလည်း တိုင်းပြည်မှာ ကစဥ့်ကလျားတွေဖြစ်ပြီး မင်းမဲ့စရိုက်ဆန်လာတာဟာ ဘာကြောင့်လည်းဆိုတော့ စစ်တပ်က စစ်အုပ်ချုပ်ရေးရုတ်သိမ်းပေးလိုက်တဲ့အတွက် ဒီလိုတွေ ဖြစ်လာတယ်လို့ မြင်ပြီး တိုင်းပြည်မှာ စစ်တပ်မရှိရင် မဖြစ်ဘူးဆိုတဲ့ အ ခြေအ နေမျိုးကို ပုံဖေါ်ပြလိုက်တာပါပဲ။ ဒီကိစ္စတွေကို ဘယ်သူတွေက အစီအစဉ်တကျ လုပ်ခဲ့သလဲဆိုတာကတော့ သိပ်တွေးနေစရာမရှိပါဘူး။ နေ၀င်းတည်ထောင်ခဲ့တဲ့ တပ်မတော်စစ်ထောက်လှမ်းရေး (ကကလှမ်း) အထူးသဖြင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှုး ခင်ညွန့်ရဲ့ စီမံခန့်ခွဲမှုတွေက သက်သေခံနေပါတယ်။

NLD အစိုးရတက်ပြီးနောက်ပိုင်းမှာ အစိုးရ ဘေးကျပ်နံကျပ်ဖြစ်မယ့်ကိစ္စတွေကို စစ်အစိုးရရဲ့ ဒေါက်တိုင်ဟောင်းဖြစ်တဲ့ စစ်ထောက်လှမ်းရေးပြုတ်တွေက အစီအမံကျကျ ဆောင်ရွက်လာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ လူထုကြားမှာ ဒေါသတရားနဲ့ ကြောက်ရွံ့မှုတွေကို နည်းမျိုးစုံနဲ့ သူတို့ ဖန်တီးကြပါတော့တယ်။ အထူးသဖြင့် မဘသကို တည်ထောင်ခဲ့ပြီး ဘာသာရေးမုန်းတီးမှုကို အကြီးအကျယ်ဖန်တီးခဲ့ကြပြီး နောက်ဆုံး လူထုဒေါသထွက်အောင် ရှေ့နေ ဦးကိုနီကို လူပုံအလည်မှာ သတ်ပစ်ခဲ့တဲ့အထိ အတင့်ရဲလာပါတယ်။

နောက်တချက်၊ အန်အယ်လ်ဒီအစိုးရတက်ပြီးမှ သက်ငယ်မုဒိန်းဆိုတာတွေ၊ ခိုးဆိုးလုယ်မှုတွေ အဆမတန်များပြားလာသယောင် စစ်ထောက်လှမ်းရေးပြုတ် အကောင့်ပေါင်းများစွာက တင်လာပါတော့တယ်။

🚫 ပြီးတော့ ခုတခါ ကလေးပျောက်မှုတွေနဲ့ လူငယ်ပေါင်းများစွာ ပျောက်ဆုံးမှုတွေကို တင်လာပြန်ပါတယ်။ အဲဒီတင်တဲ့အကောင့်တွေကို သတိထားပြီး ကြည့်မယ်ဆိုရင် မ ကွေးက အသက် ၁၇ နှစ် ကောင်မလေး ပျောက်သွားပြန်ပြီ! တခါ တောင်ကြီးက ကောင်လေး ပျောက်ပြန်ပြီ! ဟိုကလေးလေး ပျောက်ပြန်ပြီ! စတဲ့ သတင်းတွေကို တင်နေ ပေမယ့် သေချာဖတ်ပါ၊ ဓါတ်ပုံတော့ ပါပါတယ်၊ ဒါပေမယ့် ဘယ်မလဲလိပ်စာ? ဘယ်သူ့သားသမီးလဲ? တကယ်ကော ပျောက်တာဟုတ်ရဲ့လား? အဲဒီဓါတ်ပုံကရော အမှန်လားဆိုတာတွေက သေချာ စဉ်းစားရမယ့် အချက်တခုဖြစ်နေပါတယ်။

အဲဒီသတင်းကို ရှဲယ်တဲ့သူတွေကလည်း ကျ နော်ရေးခဲ့သလို ဒေါသနဲ့ မလုံခြုံမှုကို အခြေခံပြီး ငါ့သားသမီးလေးသာ ဖြစ်နေရင် တော့ဆိုတဲ့ စိတ်သောကနဲ့ အချက်အလက်တော်တော်များများကို မကြည့်ပဲ ရှဲယ်ခဲ့၊ တင်ခဲ့တာလို့ပဲ ကျနော့်အ နေနဲ့မြင်ပါတယ်။

. . . ဆိုတော့ ခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ အင်မတန် နီးကပ်လာပါပြီ။ ကြံ့ဖွတ်ဟာ ဘယ်လိုနည်းနဲ့မဆို သူမနိုင်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်းတွက်ထားပြီးသားပါ၊ ပြီးတော့ ကြံ့ဖွတ်ကို တိုင်းပြည်မှာ ရည်ရွယ်ချက်ရှိရှိ တည်ထောင်ခဲ့တာ စစ်ထောက်လှမ်းရေးညွှန်မှုး ခင်ညွန့်ပါ။ ဆိုတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲမနိုင်ဘူးဆိုတာ ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးပြုတ်တွေလည်း ကြိုတွက်ထားပြီးသားပါ။ အဲဒီတော့ ဘာလုပ်မလဲ မင်းသားကြီးမလုပ်ရတော့ ပတ်မကြီးတော့ ထိုးဖေါက်မယ်ဆိုတာ အားလုံးတွက်ကြရမယ့် အချက်လည်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
ထက်ရာဇာ (နိုင်ငံရေးအကျဉ်းသားဟောင်း)
ရတနာပုံ နေ့စဉ်


https://m.facebook.com/story.php?story_fbid=106680994153918&id=100240528131298

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာနိုင်ငံအတွင်း ကလေးသူငယ်၊ လူငယ်များ ပျောက်ဆုံးမှုနှင့် တပ်မတော်ထောက်လှမ်းရေး (ကကလှမ်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...