Thursday, January 30, 2020

မောက်ဥက္ကလာပဗလီအရေးအခင်း

,
ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြဌာန်းခြင်းအကျဉ်းချုပ်

၁၉၄၇ မေလ  ဖဆပလ ပဏာမညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက မိမိသဘောထားကို တင်ပြခဲ့သည်။
- ခုမနက်ဘဲ နိုင်ငံတော် ရဲ့ ဘာသာဟာ ဗုဒ္ဓဘာသာဖြစ်ရမယ် လို့ လာကမ်းတယ်။ ဒါဟာခြေထိုးတာ။
အဲဒီအထဲမှည ဝန်ကြီးမလုပ်ရတဲ့လူတွေ ဘုန်းကြီး တွေကို ဘန်းပြပြီး လုပ်တဲ့အလုပ်၊ သမတဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်လို့ ဆိုရင်မှားတယ်။ ဒီလို့လုပ်လို့မရဘူး။
ကျုပ်အတိအလင်း ဗေဒင်ဟောချင်တယ်။ အဲဒီလူတွေက တခုခုဖန်တီးကြလိမ့်မယ်။ အဲဒါမှားတယ် မကောင်းဘူး။ ကျွန်တော့် စိတ်ထဲမှ တသီးပုဂ္ဂလ ယုံကြည်ယူဆထားတာကိုတော့ အလျှော့မပေးနိုင်ဘူး၊ အသက်နဲ့လဲပြီး တိုက်မယ်။ ဒီလို လုပ်ကြရင် နိုင်ငံဟာတော့ ကံဆိုးမိုးမှောင်ကျမှာဘဲ၊ မပေးနိုင်တာတော့ မပေးဘူး။ အခုလို့ ညီညွတ်ထားတဲ့ အင်အားစုကို ဘယ်တုန်းကများ ရဘူးလို့လဲ၊ အစွန်းကုန် တိုက်မယ်။-
ဗိုလ်ချုပ်အောင်ဆန်း
ဒီးဒုတ်ဂျာနယ်၊
အတွဲ၂၁ နံပတ်၇၊၎
ဩဂုတ်၊ ၁၉၄၇ စာ ၂၁

၁၉၄၇ မေလ  ဖဆပလ ပဏာမညီလာခံတွင် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းရန် သင့်ကြောင်း အဆိုတင်သွင်းသည်။
ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါအတိုင်း ချေပပြောဆိုခဲ့သည်။
--သည်မှာဆရာ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့ တိုင်းပြည်ဟာ မကြာမီ ပျက်စီး ပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေရှိတယ်။
ဘရင်ဂျီတွေရှိတယ်၊ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက အချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲ နေကြတာရှိတယ်၊ သူတို့တတွေဟာ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုံးက ကျွန်တော် တို့ချည်း မဟုတ်ဘူး။ သူတို့ တတွေပါကြတယ်၊ ယခုကျွန်တွင်းက လွတ်မည် မကြံသေးဘူး၊ သူတို့ တတွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့ လူများစုရဲ့ ဘာသာကို နိုင်ငံတော် ဘာသာဖြစ်ရမည်လို့ လုပ်လိုက်လျှင် ကျွန်တော် တို့ဟာ ခွေးလောက်တောင် သောက်သုံး မကျတဲ့ အကောင်တွေ ဖြစ်သွားကြာမှာပေါ့ဆရာ၊ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ၊ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့် ကျွန်တော်တို့ဟာ တိုင်းပြည် တခုလုံး စည်းလုံးကြဘို့လိုတယ်။ .. ယခုချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့် လူတွေပေါ်မလာစေဘဲ နိုင်ငံရေး စိတ်ဓာတ် တခုတည်းရှိအောင် သွင်းပြီး စည်းလုံးဘို့လိုတယ်။ နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ လုပ်ချင်လျှင်
ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဘာသာ ဆရာ ကြေညာ ကျွန်တော် မပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း
ဒီးဒုတ်ဂျာနယ်၊
အတွဲ၂၁ နံပတ်၇၊၎
ဩဂုတ်၊ ၁၉၄၇ စာ ၂၁

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြည်ပြု လွှတ်တော် ပထမညီလာခံကျင်းပခဲ့သည်။
 ဖဆပလ အမတ်ပေါင်းစုံ အစည်းအဝေးတစ်ရပ်ကျင်းပရန်
ဗိုလ်ချုပ်အောင်ဆန်းက ဖိတ်ခေါ်ခဲ့သည်။
အမတ်ပေါင်းစုံ အစည်းအဝေး ကျင်းပနေစဉ် ဗုဒ္ဓဘာသာ ခေါင်းဆောင် အချို့ နဲ့ ရဟန်း အချို့ သည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် သတင်းစာများမှ ထပ်ဆင့်တောင်း ဆိုကြသည်။
အခြေခံဥပဒေတွင် ဘာသာရေး ပါလာမည်ကို မနှစ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း က သတင်းစာ မှာတောင်းဆိုချက်နဲ့ ပတ်သတ်ပြီး
"ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူး" ဟူ၍ အမှတ်တမဲ့ ပြောလိုက်သည်။
ဗိုလ်ချုပ် အောင်ဆန်းက ရဟန်းတော်များကို ပုတ်ခေတ်သယောင်ယောင် သတင်းစာ များက လှည့်ပတ်ရေးထားခဲ့သည်။
ဘုရင်ခံ ဆာဟူးဗတ်ရန့် က ဖဆပလ ဒုဥက္ကဌ သခင်နု ကိုခေါ်၍ ဗိုလ်ချုပ် အောင်ဆန်း ပြောလိုက်တဲ့စကား အတွက် ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းသာစရာ ဖြစ်နေသည်ဟု သိရကြောင်း သခင်နု ကြားဝင်သင့်ကြောင်းပြောခဲ့သည်
ဘုရင်ခံသည် သခင်နုအား အိုင်ယာလန် အခြေခံဥပဒေစာအုပ်ကိုပေးခဲ့သည်။
ဘာသာရေး မပါရင် ဗုဒ္ဓဘာသာ ဝင်များ စိတ်ထိခိုက်ရမည်။
အိုင်ယာလန် ဥပဒေလို့ ဗုဒ္ဓဘာသာ သည် လူများစု ကိုးကွယ်သည့်ဘာသာဖြစ်သည်၊ အခြားဘာသာ များလည်း ရှိတဲ့အကြောင်း ထည့်သွင်းပေးသင့်ကြောင်း
သခင်နုက ကြားဝင်သင့်ကြောင်း ဘုရင်ခံကပြောခဲ့သည်။
သခင်နု ကြားဝင်မှုကို ဗိုလ်ချုပ်အောင်ဆန်း လက်ခံသည်သဘောရှိသည်။

၁၉၄၇ အခြေခံဥပေဒတွင် ပြဌာန်းထားသည်။
အခြေခံဥပဒေပုဒ်မ ၂၁ (၁) တွင်
(၁) ဗုဒ္ဓသာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာကြီးဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။
(၂) နိုင်ငံတော်သည် အစ္စလာမ်ဘာသာ၊ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သည့် ဘာသာစသည့် ဘာသာတို့ကို ဤနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသော အချိန်၌ နိုင်ငံတော်တွင်ရှိကြသော ဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်။
ဖဆပလ အစိုးရခေတ်တွင် ဗုဒ္ဓဘာသာ သာသနာ ရေးဆောင်ရွက်ချက်များ
၁၉၅၀ နှင့် ၁၉၅၁ တွင် သာသနာရေးဝန်ကြီးဌာန ဖွဲ့စည်းခြင်း၊ သံဃာ့ဝိနီစ္ဆယ အက်ဥပေဒေပြဌန်းခြင်း၊ ပါဠိ တက္ကသိုလ် နှင့် ဓမ္မာစရ အက်ဥပဒေများပြဌန်းခြင်း၊ ဗုဒ္ဓသာသနာကောင်စီ ဖွဲ့စည်းပေးခြင်းတို့တွေကိုလုပ်ခဲ့ပါသည်။
ဝန်ကြီးချုပ် ဦးနုသည် အခြားဘာသာဝင်များအတွက် အတိုက်အလျှောက် ဆောင်ရွက်ပေးသည်။
ထောက်ပံ့ကြေးများကို မည်မျှပေးမည် သတ်မှတ်လိုက်ပြီး သက်ဆိုင်ရာ  ဘာသာရေး အဖွဲ့ များကို လူဦးရေအလိုက်ခွဲဝေပေးခဲ့သည်။
ဗာတီကန်မြို့တော်မှာ ပုပ်ရဟန်းမင်းကြီးကို ဂါရဝပြုပြီး ခရစ်တော်၏ပုံတော်ကားများ၊
ပုပ်ရဟန်းမင်းကြီး၏ တံဆိပ်တော်များကို ဦးနုသည် ခရစ်ယာန် များကို ဝေပေးသည်။
အစ္စရေးနိုင်ငံမှာ ပြန်လာပြီး လက်ဝါးကပ်တိုင်များနှင့် ဂျော်ဒန်မြစ်ရေများကို ခရစ်ယာန်များသို့ဝေပေးခဲ့သည်။ ကက်သလစ် ခေါင်းဆောင်များအဖွဲ့ကိုဖွဲ့ပေးပြီး ပုပ်ရဟန်းမင်းကြီးကို ဂါရဝပြုရန် အစိုးရ စရိတ်ဖြင့် စေလွှတ်သည်။
အလားတူပင် မွတ်စလင်အဖွဲ့တစ်ဖွဲ့ပြီး မက္ကာတွင် ဝတ်ပြုရန် အစိုးရစရိတ်ဖြင့် စေလွှတ်ခဲ့သည်။
ကုရ်အာန်ကျမ်းစာအုပ် ကို အာရဗီဘာသာ မှာ မြန်မာဘာသာတို့ ပြန်ဆိုရေးအတွက် ထောက်ပံ့ကြေးပေးသည်။
ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ညီလာခံ ကိုယ်စားလှယ် များကို သမ္မာကျမ်းစာ တစ်အုပ်စီ ဝန်ကြီးချုပ် ဦးနု က လှူဒါန်းသည်။

ဖဆပလ အစိုးရသည် သာသနာ ရေးတိုးတက်ဆောင်ရွက်စဉ်မှာပင် ၁၉၅၁ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူလွှတ်တော်၌ ပါလီမန် အမတ်  ဒေါ်ခင်လှ (ရန်ကုန်မြို့မ - ကြည့်မြည်တိုင်) က ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ် အတိအလင်း ကြေညာ ပေးရန်တောင်းဆိုခဲ့သည်။ ဗိုလ်ခင်မောင် (ပဲခူးကျေးလက်- မြောက်ပိုင်း) ကထောက်ခံသည်။
ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီး ဦးဝင်းက ကန့်ကွက်ခဲ့သည်။

ဖဆပလ အစိုးရ ဘာသာရေး နဲ့ ပတ်သက်တဲ့ သဘောထား ၁၉၅၄ အထိမပြောင်းလဲသေးချေ။
၁၉၅၄ စက်တင်ဘာလ ၂၅ ရက်တွင် ဝန်ကြီးချုပ် ဦးနုက " အဲသည်တော့ နိုင်ငံရေး အရ မလုပ်မဖြစ်လို့ လုပ်နေရတဲ့ ကိစ္စမျိုးတွေကို သာသနာရေးနယ်ထဲကို ဆွဲမသွင်းဘဲနှင့် ဘာသာရေး နှင့် နိုင်ငံရေး ကို တစ်ခြားစီခွဲပြီး ကြည့်ကြဖို့ ကျွန်တော် လေးနက်စွာ တောင်းပန်ပါသည်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုက ဗမာမွတ်ဆလင်ကွန်ရက်(ဗမက) ကိုဖျက်သိမ်းရန် မိန့်ခွန်းပြောကြားရာတွင်
...ဗမကတွေဟာ ဗမာတွေပါ။ မွတ်စလင်ဘာသာ ယူထားတဲ့ ဗမာတွေပါ။ မွတ်စလင်ဘာသာယူထားမို့လို့ သီးခြားဖွဲ့သင့်တယ်လို့ ခင်ဗျားတို့ ကပြောလာရင် ဗမာခရစ်ယန်တွေကလဲဖွဲ့၊ ဗမာ ဟိန္ဒူ တွေကလဲဖွဲ့လာ ကြလိမ့်မယ်။
ပြည်တော်သာ လုပ်ငန်းတွေပြပြီး စည်းရုံးတာနဲ့ ဘာသာကိုပြပြီး စည်းရုံးတာက ပိုလွယ်ပါတယ်။
ဘာသာပြပြီး စည်းရုံးတဲ့ အဖွဲ့အစည်း ပေါ်လာရင် တိုင်းပြည် အတွက် မကောင်းပါ။
ဘာသာရေး ကိုလွတ်လပ်စွာ ကိုးကွယ်နိုင်ပေမဲ့ ဘာသာရေး ညီညွတ်မူမရှိရင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပြီး တိုင်းပြည် အတွင်း သွေးချောင်းစီးပါလိမ့်မယ်။

‌ဗမကတွေထဲမှာရှိတဲ့ အယူသည်း တဲ့လူတွေကို ထိန်းသိမ်း ထားဘို့လဲ အရေးကြီးပါတယ်။
ဗမက ကို အချိန်မိမဖျက်သိမ်းနိုင်ရင် အခြားဘာသာရေး အဖွဲ့ အစည်း တွေ မှိုလို့ပေါက်လာပြီး လွတ်လပ်ရေး ကို ထိခိုက်နိုင်ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကထဲက ဗမက မရှိသင့်တော့ကြောင်း ကျွန်တော် ပြောခဲ့ဘူးပါတယ် ..

မြန်မာအလင်းသတင်းစာ
၃၀ ဒီဇင်ဘာလ ၁၉၅၅

၁၉၅၅ ခုနှစ် နှောင်းပိုင်းတွင် သံမဏိဦးဝမ်းမောင်နှင့် သခင်ဘသောင်း တို့ တည်ထောင်သည် လက်ယာလမ်းစဉ် သမ္မတဂိုဏ်း ပါတီဖြစ်သည် ။
ပါတီ က ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာအဖြစ်ထောက်ခံသည်။
ပါတီရဲ့ အင်အား မှာ မပြောလောက်သော်လည်း ပြည်သူတွေရဲ့ သဘောထား ပြောင်းလဲမှုကို ပြခဲ့သည်။
၁၉၅၄ ခုနှစ် တွင် ကျင်းပသော
ဆဌသံဂါယာနာတင်ပွဲနောက်ပိုင်းတွင် နိုင်ငံတော် ဘာသာ ကိစ္စ ပိုပြင်းထန်လာခဲ့သည်။
ဗိုလ်ချုပ် နေဝင်း အိမ်စောင့်အစိုးရခေတ်တွင် လည်း နိုင်ငံတော် ဘာသာကိစ္စ ဆက်လက် ရှိနေသည်။
ဆာအမ်အေ ဦးမောင်ကြီး က "ဗုဒ္ဓဝါဒပြည်သူဆန္ဒအဖွဲ့ချုပ်ပါတီ တည်ထောင်ခဲ့သည်။
၁၉၅၉ တွင် ကျောင်းတိုင်ဆရာတော်များ အဖွဲ့ က ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းရန် ဆန္ဒရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
တစ်ချိန်တည်း မှာ လူပုဂ္ဂိုလ် များသာပါဝင်ပြီး နိုင်ငံရေးပါတီ များနှင့် အဆက်အတွယ် မရှိတဲ့ အဖွဲ့တစ်ခုပေါ်လာပြီး  ဆက်လက် တောင်းဆိုခဲ့သည်။
အဖွဲ့ နာယက သည် သီပေါမင်း ၏ တတိယ သမီးတော်၊ အတွင်းရေးမှူး သည် သီပေါမင်း၏ မြေးတော်သူ ဦးသန့်ဇင်ဖြစ်သည်။

သန့်ရှင်း ဖဆပလ ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း နှင့် လုပ်ငန်း စဉ်မှာ ဗုဒ္ဓဘာသာ ကိုနိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းပေးမည် ကတိမပါရှိပေ။ သို့ပေမဲ့ လူနည်းစုဘာသာဝင်တွေနဲ့ ဆွေးနွေးပြီး ဥပဒေကြမ်း တစ်ခုကို ရေးဆွဲမယ်။ ပြဌာန်းမည် လို့ ကတိပေးလိုက်သည်။

သန့်ရှင်းဖဆပလ နိုင်ပြီး ၁၉၆၀ ဧပြီလ တွင် နိုင်ငံတော်ဘာသာအကြံပေးအဖွဲ့ ကို ဗုဒ္ဓဘာသာဝင် ၂၁ ဦးနဲ့ဖွဲ့လိုက်သည်။

ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် ပြဌန်းခြင်း ကိစ္စဖြင့် ၁၉၆၀ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနု သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ နှင့် နတ်ကိုးကွယ်သူ ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်၍ လက်ဖက်ရည်ပွဲဖြင့် တည့်ခင်းဧည်ခံခဲ့သည်။

အစ္စလာမ်ဘာသာဝင်တို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မော်လဝီ ဦးစံရှားက မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာနိုင်ငံအတွင်း ဗလီများဆောက်ပေးခဲ့ပုံ။
မက္ကာမြို့တွင် တိုက်ဇရပ်ကြီး ဆောက်ပေးခဲ့ပုံနှင့် ဝန်ကြီးချုပ် ဦးနုက ကုရ်အာန်ကျမ်းစာကို မြန်မာဘာသာပြန်ဆိုရန်ထောက်ပံ့ခဲ့ပုံ စသည့်တို့ကို ကိုးကားပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သာသနာ လုပ်ဆောင်သော်လည်း အစ္စလာမ် ဘာသာဝင်များသည် မိမိတို့၏အခွင့်အရေးများထိခိုက်လိမ့်မည်ဟု စိုးရိမ်ဖွယ်မရှိကြောင်း စစ်စစ်အားဖြင့် အစ္စလာမ် ဘာသာကို ထောက်ပံ့မှုပို၍ လာလိမ့်မည်ဟုပင် မျှော်လင့်ဖွယ်ရာရှိကြောင်း အကျယ်တဝင့် ရှင်းလင်းထောက်ခံသည်။

မော်လာနာ မဟာမက်ဟာရှင်ကသာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ လက်ရှိအစိုးရအားယုံကြည်အားကိုးရင်းစွဲရှိသည့်အလျှောက် ယခုချိန်တွင် ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြုလုပ်ခြင်းမှာအဆင်ပြေမှုရှိနေမည်ဟု ယုံကြည်သော်လည်း အနာဂတ်အဖို့ အစိုးရတစ်မျိုးပြောင်းလဲလာသည့်အချိန်အခါမျိုးတွင် မိမိတို့ ယုံကြည်ကိုးကွယ်မှုဘာသာများကို ဂယက်ရိုက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

ဤကဲ့သို့ ရှေးဦးပိုင်းတွင် အခြားဘာသာဝင် လူနည်းစုခေါင်းဆောင်များ သဘောထားအမြင်များ ပျော့ပြောင်းသော်လည်း မကြာမီပင်
အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင်များ၏ သဘောထားများတင်းမှာလာပြီး ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရေးကိစ္စကို ပြင်းထန်စွာ ဆန့်ကျင်ကြသည်။

ဗုဒ္ဓဘာသာဝင်များ နဲ့ အခြားဘာသာဝင်များအကြား တင်းမှာမူများဖြစ်ပေါ်လာသည်။
တစ်ဖက်နှင့်တစ်ဖက် အချေအတင် ပြောဆိုမှုများကြမ်းတမ်းလာသည်။
ဗုဒ္ဓဘာသာ ဝင်မဟုတ်သည့် ကချင်၊ ချင်း တိုင်းရင်းသား တို့၏ အပြင်းအထန်ကန့်ကွက်ကြသည်။
ကချင် ပြည်နယ် တွင် ၁၉၆၀ ဩဂုတ်လ တွင် မြစ်ကြီးနား ကချင်အစိုးရအဖွဲ့ရုံး ဝန်းကျင်တွင် လူ ၁၀၀၀၀ ခန့်က ဆန္ဒပြသည်။

၁၉၆၀ဩဂုတ် လ ၂၉ တွင် ပြည်သူလွှတ်တော် အစည်းအဝေးတွင် ဒူဝါလဝမ်လီ က အပြင်းထန် ကန့်ကွက်ခဲ့သည်။
၁၉၆၀ ပြည်နှစ် ဒီဇင်ဘာလ တွင် ချင်းရေးရာကောင်စီက နိုင်ငံတော်ဘာသာ အစီအစဉ် ကို ကန့်ကွက်ကြောင်း
ကန့်ကွက်ကြောင်း အဆိုကို ပထစ မတူပီအမတ် ဦးမင်ထိုးက တင်သွားခဲ့သည်။

နိုင်ငံရေး ပါတီများ အနက် ပမညတ သာလျှင် နိုင်ငံတော် ဘာသာကိစ္စကို အစဉ်တစိုက် အပြင်းအထန်ကန့်ကွက်ခဲ့သည်။
တိုင်းရင်းသားဘာသာရေး လူနည်းစုပေါင်းစုံမဟာမိတ်အဖွဲ့
ချင်းရေးရာဝန်ကြီးဟောင်း
ဦးရာ(လ်)မွန်း
ကချင် အမျိုးသား နမ်ဇာလာ
တိုင်းရင်းသားဘာသာရေး လူနည်းစုပေါင်းစုံမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းတင်
ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာဦးထွန်းဝေ တို့သည် က နိုင်ငံတော် ဘာသာပြုလုပ်မည် အစီအစဉ် ကို ကန်ကွက်ပြောကြားခဲ့သည်။

အစ္စလာမ် ဘာသာဝင်များကိုယ်စား ဦးဂနီ ကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြုလုပ်မည်ဆိုလျှင် တိုင်းရင်းသား ဘာသာဝင် များကို ထိခိုက်မည့် ဖြစ်ကြောင်း၊ လူနည်းစုဘာသာဝင်များကို ထိခိုက်မှူရှိပါက ပြည်ထောင်စုသား အချင်းချင်း မုန်းတီးပြီး ပဋိပက္ခများ များပြား လာမည်ဖြစ်ကြောင်းပြောဆိုသည်။

ဘာသာရေး လူနည်းစုများ၏ နိုင်ငံတော်ဘာသာ ကန့်ကွက်ပွဲတွင် ဗုဒ္ဓဘာသာ ဝင်တစ်ဦးဖြစ်သည့် ညောင်ရွှေစော်ဘွားကြီးက သဘာပတိ ဆောင်ရွက် ခြင်းမှာမူ ထူးခြားသည်ဟု ဆိုနိုင်သည်။

ဦးနုသည် ပထစ ဗုဒ္ဓဘာသာဝင် အမတ်တွေ လွှတ်တော်မှ ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌန်းရာတွင် ထောက်ခံရမယ်။
မထောက်ခံရင် ပထစပါတီက အထုတ်ခံရမည်။
ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ပထစ အမတ်တွေ ကြိုက်သလို နေနိုင်တယ်လို ပြောသံကြားရကြောင်း
ထိုကြီးမားတဲ့ ကိစ္စကို လူအများစုက ထောက်ခံအားပေးနေတာကို ဦးနုက မိမိရဲ့ ပါတီအတွင်း ရဲရဲရင့်ရင့် စည်းမျဉ်း သတ်မှတ်ရမဲ့အစား ပျော့စီစီ လုပ်တာနဲ့ ဟိုက ကန့်ကွက်မယ်၊ ဒီက ဆန္ဒပြမယ် စသည်ဖြင့် ကဲထက်လာနိုင်ကြောင်းကို ဝါရင့်နိုင်ငံရေးသမားကြီး ဘကြီးဘဘေ ကဝေဖန်ခဲ့သည်။

နိုင်ငံတော်ဘာသာဥပဒေကြမ်း နှင့်ပတ်သက်၍ ဘာသာရေး လူနည်းစုတို့ပြန်မူ။

တိုင်းရင်းသားဘာသာရေး လူနည်းစုပေါင်းစုံမဟာမိတ်အဖွဲ့ က နိုင်ငံတော်ဘာသာဥပဒေကြမ်းကို လွှတ်တော်တင်သွားမည့် နေ့တွင် လွှတ်တော်အရှေ့တွင် လူထူဆန္ဒပြပွဲများလုပ်ရန် စီစဉ်ခဲ့သည်။
ပဋိပက္ခ ဖြစ်စရာအကြောင်းပေါ်လာနိုင်သဖြင့် ဘာသာရေး လူနည်းစုခေါင်းဆောင် တို့က စိုးရိမ်မကင်းဖြစ်ကြသည်။
ဦးနုရဲ့ ပထစ အစိုးရ၏ ဝန်ကြီးအဖွဲ့ဝင်နှစ်ဦးဖြစ်ကြသော ဦးရာရှစ် နဲ့ ဦးဇာရဲလျန် တို့သည် ဆန္ဒပြမှုကို မလုပ်ရင်ဖျောင်းဖျပြောဆိုကြသည်။
ဦးရာရှစ်က မိမိဥက္ကဌ ဆောင်ရွက်သော ဗမာမူဆလင် အဖွဲ့ချုပ် ဆန္ဒပြပွဲများပြုလုပ်မည် မဟုတ်ကြောင်း ကြေညာသည်။
ကြေညာပြီး ၁၀ ရက်ခန့်အကြာတွင်
မူဆလင် အဖွဲ့အစည်း ကိုးဖွဲ့မှ ကိုယ်စားလှယ် များကို ၎င်း၏နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။
ဤတွေ့ဆုံပွဲတွင်ဦးရာရှစ် က ကန့်ကွက်ရာတွင် ဒီမိုကကရေစီဘောင် အတွင်းက ပဋိပက္ခများကို ရှောင်ကြည်ပြီး ဗလီဝတ်ပြုကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းပြု၍ ကန့်ကွက်မှုများကိုသာ လုပ်ကြစေလိုကြောင်း၊ လူထု စီတန်း လှည့်လည်မူများ ပြုလုပ်ရင် ပဋိပက္ခ များ တွေ့ကြုံ နိုင်သည်ဖြစ်၍ မပြုလုပ်စေလိုကြောင်း မေတ္တာ ရပ်ခံပြောကြားခဲ့သည်။
ယင်းသို့ မေတ္တာ ရပ်ခံချက်များကို
၁။ နိုင်ငံလုံးဆိုင်ရာ မူဆလင်ကျောင်းသားသမဂ္ဂ
၂။ တက္ကသိုလ် မူဆလင်ကျောင်းသားသမဂ္ဂ
၃။ ဆေးတက္ကသိုလ် မူဆလင်ကျောင်းသားသမဂ္ဂ
၎။ အုလ်မာ ပညာရှင်များ အဖွဲ့
၅။ ရိုဟင်ဂျာ မူဆလင် အဖွဲ့
၆။ ရခိုင်မွတ်ဆလင် အဖွဲ့
၇။ ဗဟို မူဆလင် အဖွဲ့ များမှ ကိုယ်စားလှယ် များက လက်ခံခဲ့ကြသည်။
ဗမက(အသစ်)  ကိုယ်စားလှယ် များကမူ မိမိ တို့အဖွဲ့ က တိုင်းရင်းသား လူနည်းစုများ နဲ့ ပူးပေါင်းပြီး ဆန္ဒပြမယ်။
တတ်နိုင်သမျှ ပဋိပက္ခ မဖြစ်အောင် ဥပဒေဘောင်အတွင်း မှ ဆန္ဒပြမည် ဖြစ်ကြောင်း ပြောဆိုကြတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် အခြေခံဥပေဒ ( တတိယပြင်ဆင်ချက်) အက်ဥပဒေကြမ်း ( ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းသတ်မှတ်ရေး) ကို ပြည်သူလွှတ်တော်၌ တင်သွင်းခဲ့သည်။
ဩဂုတ်လ ၂၆ ရက်တွင် ကျင်းပသော လွှတ်တော်နှစ်ရပ်မှ အခြေခံဥပေဒ ( တတိယပြင်ဆင်ချက်)
ပုဒ်မ ၂၁(၁)  ဗုဒ္ဓသာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သည့်အားလျော်စွာ နိုင်ငံတော် ဘာသာဖြစ်စေရမည်အက်ဥပဒေကြမ်း ကိုထောက်ခံမဲ ၃၂၄ကန့်ကွက်မဲ ၂၈ မဲဖြစ် အတည်ပြုခဲ့သည်။
၁၉၆၁ ခုနှစ် စင်တင်ဘာလ ၁၅ ရက်နေ့တွင် ဝန်ကြီးဦးဘစောက နိုင်ငံတော်ဘာသာသာသနာ ချီးမြောက်ထောက်ပံ့ရေး ဥပဒေကြမ်းကိုတင်သွင်းခဲ့ပြီ
လွှတ်တော်က အတည်ပြုခဲ့သည်။

အခြေခံဥပဒေ (စတုတ္ထပြင်ဆင်ချက်)
 ပြည်ထောင်စုအဖွဲ့ချုပ် (ပထစ) အစိုးရသည် ဘာသာရေးလူနည်းစုတို့၏ ယုံကြက်ချက်ရရှိအောင် အခြေခံဥပဒေ (စတုတ္ထပြင်ဆင်ချက်) အက်ဥပဒေ တင်သွင်းရန်ကြိုးပမ်းရာမှာ ပထစအစိုးရနှင့် သံဃာတို့ထိပ်တိုက်ရင်ဆိုင်ရသည်။
အခြေခံဥပဒေ (စတုတ္ထပြင်ဆင်ချက်)အက်ဥပဒေ ကို သံဃာတော်များ ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသည်။
ဝန်ကြီးးချုပ်‌ဦးနုအား ခရစ်ယန်ခေါင်းဆောင်အချို့က အခြေခံဥပဒေ ပုဒ်မ ၂၀တွင် မိမိယုံကြည်ရာ ဘာသာကို လွတ်လပ်စွာယူဆနိုင်ခွင့်၊ လွတ်လပ်စွာကိုးကွယ်နိုင်ခွင့် ဖော်ပြထားးပြီး လွတ်လပ်စွာ ဟောပြောနိုင်ခွင့်ကိုလည်း အခြေခံဥပဒေ ပုဒ်မ ၂၀ တွင်ထည့်သွင်းပေးရန်တောင်းဆိုကြသည်။

တရားရေးဝန်ကြီးဒေါက်တာ ဧမောင်က
၁၉၆၁ ခုနှစ် စင်တာဘာလ ၁၀ ရက်နေ့တွင် အခြေခံဥပဒေ ပုဒ်မ ၂၀ (စတုတ္ထပြင်ဆင်ချက်) ဥပဒေကြမ်း ကိုဆွေနွေးရန် အဆိုတင်သွင်းပြီး တင်သွင်းရတဲ့အကြောင်းကို လွှတ်တော် တွင် ရှင်းလင်းတင်ပြရာတွင်
... တိုင်းရင်းသား စစ်စစ်မှန်မှန်ဖြစ်တဲ့ မြန်မာလူမျိုး၊ ချင်း၊ ကချင်၊ ကယား၊ အစရှိသည့်လူမျိုးများ မြန်မာမွစွလင် လူမျိုး၊ မြန်မာမွစွလင် ဆိုတာ မြန်မာပါဘဲ။ အဲဒီလူများ နဲ့ မြန်မာခရစ်ယာန်များ၊ အဲသည်လူတွေအတွက် တရားသဖြင့် ကာကွယ်ဖို့ တာဝန်ရှိပါတယ်။
ဝန်ကြီးချုပ် ဦးနုက တရားရေးဝန်ကြီး ဒေါက်တာဧမောင် တင်သွင်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးသည်။
ဝန်ကြီး ဦးရာရှစ် က ပြင်ဆင်ချက်တစ်ခုကို တင်သွင်းပြီး အတည်ပြုခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၂၀ (စတုတ္ထပြင်ဆင်ချက်) ခြွင်းချက်အနေနဲ့ မိဘ နဲ့ အုပ်ထိန်းသူ၏ စာဖြင့် ရေးထားသော သဘောတူညီချက် မရှိဘဲ ကျောင်းများတွင် အသက်မပြည့်သေးသူကိုမျှ ၎င်း မိဘကိုးကွယ်သည့် ဘာသာ မဟုတ်တဲ့ မည်သည့် ဘာသာကိုမျှသင်ကြားမပြုရ။
၁၉၆၁ ခုနှစ်တွင်
အခြေခံဥပဒေ ပုဒ်မ ၂၀ (စတုတ္ထပြင်ဆင်ချက်)အက်ဥပဒေ တွင်
 လွတ်လပ်စွာယူဆနိုင်သောအခွင့်ရေး၊ လွတ်လပ်စွာကိုးကွယ်နိုင်သောအခွင့်အရေး ဆိုတည့် စကားရပ်အစား
လွတ်လပ်စွာယူဆနိုင်သောအခွင့်ရေး၊
လွတ်လပ်စွာကိုးကွယ်နိုင်သောအခွင့်အရေး
 လွတ်လပ်စွာသင်ကြားနိုင်သော အခွင့်အရေး ဆိုသည့် စကားရပ်ကို တည့်သွင်းရမည်ဖြစ်သည် ။

အခြေခံဥပဒေ ပုဒ်မ ၂၀ (စတုတ္ထပြင်ဆင်ချက်)အက်ဥပဒေကြမ်း (ပြင်ဆင်ထားသည့်အတိုင်း) ပြည်သူလွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါသည်။

မြောက်ဥက္ကလာပ ဗလီအရေးအခင်း

အခြေခံဥပဒေ စတုတ္ထပြင်ဆင်ချက် အက်ဥပဒေကို အတည်ပြုပြီးနောက် တစ်လခန့် အကြာတွင် မြောက်ဥက္ကလာပ ဗလီအရေးခင်းဖြစ်ခဲ့ပါသည်။
ပထစ အစိုးရလက်ထက် လူဦးရေ အလိုက် ဗလီ သုံးခု ဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။
သံဃာတော်များက တဲအိမ်ဖျက်သိမ်းစဉ်က ဓမ္မာရုံ များဖျက်သိမ်းခံကခြင်းကြောင့် အစားထိုးပေးခြင်းသာဖြစ်သည်။
ဗလီမြေနေရာပေးရခြင်းမှာ အကြောင်းမရှိဘဲပေးရခြင်း ဖြစ်သည်ဟု မကျေမနပ်ဖြစ်ကြသည်။
ဘုန်းကြီးကျောင်းများကို ပေ၄၀ ပေ၆၀ ဘဲပေးပြီး ပလီမြေကွက်ကို ပေ ၈၀ ပေ ၁၀၀ ပေးလို့မကျေမနပ်ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ ကျောင်းများကို မြို့ပြင်မှာ ထုတ်ထားပြီး အခြားဘာသာရေးကျောင်းများကို လူနေရပ်ကွက်အတွင်းမှာ နေရချထားပေးခြင်းကိုလည်း
သံဃာတော်များ မကျေမနပ်ဖြစ်ခဲ့သည်။
ဤအကြောင်းအရာများကြောင့် မြို့သစ် သံဃာတော်များက အပြင်းအထန်ဆန္ဒပြ၍ ကန့်ကွက်ကြသည်။
၁၉၆၁ အောက်တိုဘာလ ၂၉ ရက်တွင် မြောက်ဥက္ကလ တွင် ဗလီဆောက်ခွင့်ပြုခြင်းကိစ္စ နဲ့ သံဃာအပါး ၂၀၀ကျော်၏ ကန့်ကွက်မူကို ဝန်ကြီးချုပ် ဦးနုအိမ်ရှေ့တွင် ကျင်းပခဲ့သည်။
ပြည်ထဲရေး ဝန်ကြီး ဒေါက်တာဧမောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တောင်းဆိုချက်များကို မလိုက်လျောနိုင်ကြောင်းပြောဆိုပြီး ငြိမ်းချမ်းစွာ လူစုခွဲကြရန် မေတ္တာရပ်ခံခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်ည အချိန်တွင် သံဃာတော် အပါး ၅၀ခန့်သည်
မြောက်ဥက္ကလပ ဆောက်လုပ်ဆဲ ဗလီတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။
နံနက် ၂ နာရီ ခန့်တွင် ဒေါက်တာဦးဧမောင်၏ ရုပ်အလောင်းပုံသဏ္ဌန်ပြုလုပ်၍ မီးရှို့ခဲ့သည်။
နောက်ရက်တွင် ရဲများက သံဃာတော်များ ပလီအထဲဝင်ခြင်းက ဥပဒေ ချိုးဖောက်ခြင်း ဖြစ်၍ ဗလီ ထဲမှာ ထွက်ခွာပေးဖို့ မေတ္တာရပ်ခံခဲ့သည်။
သံဃာတော်များက ဝန်ကြီးချုပ် နဲ့တွေ့ဆုံခွင့် နှင့် ထိုအချိန်အတွင်း ဗလီ ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်းတောင်းဆိုခဲ့သည်။
ဤအရေးအခင်းသည် ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားနိုင်သဖြင့် အစ္စလာမ်ခေါင်းဆောင်တို့က အစ္စလာမ်ဘာသာဝင်အပေါင်းတို့အား စိတ်ရှည်ကြရန်နှင့် ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဆုတောင်းကြရန် မေတ္တာရပ်ခံသည်။
ပြည်ထဲရေး ဝန်ကြီး က ဗလီဆောက်လုပ်ရေး အစီအစဉ် တရားမျှတ၍ ပြန်ရင် အကြောင်းမရှိဟု ကြော်ငြာချက်ထုတ်သည်။
ဆက်လက်၍ ပြည်ထဲရေး ဌာနသည် ဗိုလ်ချုပ်ကြီး(နေဝင်း အိမ်စောင့်)အစိုးရ လက်ထက် ချမှတ်ခဲ့သော ဓမ္မရုံများ၊ဗလီများ၊ခရစ်ယာန်နှင့် ဟိန္ဒူဘုရားရှိခိုး ကျောင်းများအတွက် ချမှတ်ထားတောမူများ အတိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
***
ဘာသာရေး အဆောက်အဦးအတွက်ချမှတ်ထားသောမူများမှာ

(၁) ဓမ္မာရုံနှင့် စာဘက်အသင်းများ ရပ်ကွက်အသီးသီးတွင် မြေနေရာချထားရေးကော်မတီ နဲ့ ကြံခိုင်ရေးတို့က ပူးပေါင်းဆောင်ရွက်ရန်။

(၂) အခြားဘာသာရေးဆိုင်ရာတို့၏ ဘုရားရှိခိုးကျောင်း နှင့် ဗလီများအတွက် မြေနေရာများ သတ်မှတ်ပေးရာတွင် ၎င်းဘာသာကိုးကွယ်သူများ၏ လူဦးရေစာရင်းကို ကောက်ယူပြီး သင့်တော်မည့်နေရာတွင် မြို့ပြစီမံကိန်းအရာရှိက မြေကွက်သတ်မှတ်ပေးရန်။

(၃) ရန်ကုန်မြို့တွင်းမှ ဖျက်သိမ်းခဲ့သော အစ္စလာမ်ဗလီ၊ ဘာသာရေးကျောင်းများ ဖျက်သိမ်းစဉ်က ပါလာခဲ့သော ဧည့်ခံစောင့်ရှောက်ရေးကော်မတီက မြေနေရာချထားရေးကော်မတီနှင့် ကြံခိုင်ရေး အဖွဲ့တို့ ညိနိုင်းဆောင်ရွက်ရန်တို့ဖြစ်သည်။
၁၉၆၁ နိုဝင်ဘာလ ၁ရက်နေ့ညတွင်
မြောက်ဥက္ကလာပရှိ ပလီအတွင်းသို့ သံဃာတော်များ ဝင်ရောက်ဆန္ဒပြခြင်းကိစ္စနှင့် ပတ်သတ်၍ အစ္စလာမ်ကောင်စီဗဟိုအလုပ်အမှုဆောင်များနှင့် ဘာသာရေးဆိုင်ရာကိုယ်စားလှယ်များ အစည်းအဝေးကျင်းပ၍ ပြသနာကို ပြေလည်အောင် အေးချမ်းသည့်နည်းလည်းဖြင့် ဆောင်ရွက် သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
တရားဥပဒေအရဆောင်ရွက်ရန် ခေတ္တ ယာယီကော်မတီဖွဲ့စည်းရန်၊
နိုင်ငံတော်အစိုးရက အလျင်အမြန် ဖယ်ရှားမပေးနိုင်ပါက သက်ဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် ဒီမိုကရေစီဘောင်အတွင်းမှာ စုရုံးကာ အရေးယူဆောင်ရွက်ရန် ကြိုးစားကြမည် ဖြစ်ကြောင်း အများသဘောတူ ဆုံးဖြတ်ကြသည်။ ။
ဝန်ကြီးချုပ် ဦးနုက ဆန္ဒပြနေသောသံဃာတော်များ သီတင်းသုံး နေထိုင်တဲ့ ကျောင်းထိုင် ဆရာတော်ကြီးများထံ ကြားဝင်ဆောင်ရွက်ပေးပါရန် လျှောက်ထားပန်ကြားသည်။
ကျောင်းထိုင် ဆရာတော်ကြီးများ ဖျန်ဖြေပေးမူကြောင့် ဆန္ဒပြသံဃာတော်များက အစိုးရက မြောက်ဥက္ကလာပ ရှိ ဆောက်လုပ်ဆဲ ဗလီ နှစ်ခုကို ဆက်မဆောက်စေဘဲ ချိပ်ပိတ် ရပ်ဆိုင်းပေးလျှင် မြောက်ဥက္ကလာပ (က) ရပ်ကွက် အတွင်းရှိ ဗလီဆောက်လုပ်ခြင်းကို သဘောတူမည်ဖြစ်ကြောင်း သံဃာတော်များက အစိုးရထံ တင်ပြသည်။
သို့ရာတွင် အစိုးရ ဘက်က မည်သည့် ဆုံးဖြတ်ချက် မူ မချမှတ်သဖြင့် ဆန္ဒပြ သံဃာတော်များက ၎င်းတို့၏ တင်ပြချက်များကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကြီးများက မိမိတို့အနေနဲ့ သံဃာတော်များ ဗလီမှာ ထွက်ခွာသွားအောင် ကြိုးပမ်းမူ မအောင်မြင် ကြောင်းကို ဝန်ကြီးချုပ် ဦးနု ထံ အကြောင်းကြားခဲ့သည်။

၁၉၆၁ နိုဝင်ဘာလ ၁၃ ရက်နေ့ညတွင် ဗလီထဲ၌ ဆန္ဒပြ နေသော သံဃာများကို ရဲက လာရောက်ဖမ်းဆီးရာမှာ သံဃာတော်များနှင့် လူထူ ၁၅၀၀ ခန့်နှင့်အတူ ဆောက်လုပ်ဆဲဗလီ ကို ဖျက်ဆီးလိုက်သည်။
အခြားဗလီတစ်ခုကိုလည်း မီးရှို့ကြသည်။
ရဲ့လူထူ ပဋိပက္ခ ဖြစ်ရာမှ အစ္စလာမ်ဘာသာဝင် နှစ်ဦး၊ ဗုဒ္ဓဘာသာ နှစ်ဦး သေဆုံးပြီး အရပ်သားငါးဦး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။

သံဃာ ၉၃ပါး၊ အရပ်သား ၃၉၁ ဦး အဖမ်းခံရပြီး နံနက် ၄ နာရီ တွင် ငြိမ်ဝပ်ပိပြားရေးအတွက် ပုဒ်မ ၁၄၄ ထုတ်ကာ ပြည်စောင့်ရဲကို အာဏာလွဲပေးလိုက်သည်။
နောက်တစ်ရက်တွင် ဝန်ကြီးချုပ်ဦးနုက ဗလီသုံးလုံးကို အစိုးရ က ဆက်လက်ထိန်းသိမ်းထားပါမည်။
သံဃာတော်များနဲ့ လူများကို စစ်ဆေး၍ လွှတ်ပေးပါမည်။
အဓိကရုဏ်းဖြစ်အောင် လုပ်လျှင်မူ တရားဥပေဒ နဲ့ အရေးယူရမည်ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်ကြီးများကို လျှောက်ထားခဲ့ပါသည်။

----------------------------
အထက်ပါအကြောင်းအရာတွေကို နည်းနည်းသုံးသပ်ရရင် ဗိုလ်ချုပ်သည် ဘာသာရေး နှင့် နိုင်ငံရေး ကိုသီးသန့်ကိုခွဲထားပါသည်။
ဗြိတိသျှ အစိုးရ ကလည်း မြန်မာပြည်သူလူများစုရဲ့သဘောထားကိုလည်း လက်ခံကျင့်သုံးတဲ့သဘောရှိတယ်။
ငါလက်ကလွတ်ရင်ပြီးရောသဘောမထားဘူး။
ဦးနုသည် ပထမအပိုင်းမှာ သီးသန့်ခွဲထားသော်လည်း နောက်ပိုင်းတွင် ဘာသာရေး ကိုအသုံးချခဲ့တယ်။
သူရဲ့ပြိုင်ဘက်တွေက စစ်တပ်၊ ဆိုရှယ်လစ်အုပ်စု လက်ယာအုပ်စု တွေအားကိုးနဲ့ ဦးနုကို ယှဉ်လာတာရယ်၊ ပြည်သူဖိအားတွေရယ်ကြောင့်ကလည်း ပါမယ်တင်တယ်။
ပြည်သူအားကို ယူပြီး အတိုက်အခံတွေကို နိုင်အောင်လုပ်ခဲ့တယ်။
(ဦးနုက ဖဆပလ တပ်ပေါင်းစုမှာ
ကျောင်းသားသမဂ္ဂရယ် တို့ဗမာအစည်းအရုံး တွေဖြစ်ခဲ့ဘူးတာ ကလွဲရင် နောက်ခံပါတီ၊အသင်းအဖွဲ့၊လက်နက်ကိုင်တပ်မရှိတဲ့သူပါ။)
ဖဆပလ ခေတ်မှာ မြန်မာ(ဗမာ)မွတ်စလင်တွေကို ဗမာ အနေနဲ့ ဆက်လက် အသိအမှတ်ပြုထားတာကိုတွေ့မိတယ်။
တတိယပြင်ဆင်ချက် ကို ထောက်ခံခဲ့သည် သူတွေသည် စတုတ္ထပြင်ဆင်ချက်က ကန့်ကွက်ရာတွင် တတိယပြင်ဆက်ချက်ကန့်ကွက်တယ်လူ တွေထက် ပိုပြင်းထန်ခဲ့သည်။
လွှတ်တော်အမတ်တွေ အပြင်မှာ တိုက်ပုံတောင်မဝတ်ရဲအောင် ကန့်ကွက်ခဲ့သည် ကိုတွေ့ရသည်။

မြို့သစ် စီမံကိန်း မှာ လည်း ဘုန်းတော်ကြီး ကျောင်း နဲ့ အခြားဘာသာ အဆောက်အဦးတွေရဲ့ မြေတည်နေရာ ကို လာယှဉ်ပြောပြနေတာက ဘုန်းတော်ကြီးကျောင်းတွေရဲ့ စည်းကမ်းချက်တွေ၊ ဘာသာရေး အယူအဆ တွေကို မသိတာတွေပေါ်လွင်ပါတယ်။
တစ်ခြားဘာသာတွေက လူနေရပ်ကွက် လူစည်ကားထဲမှာ ဘာသာရေးအဆော်အဦးတွေကို ဘဲဆောက်ရပါတယ်။
မြို့အဝင်၊မြို့အစွန်၊စိတ်ငြိမ်နေရယတွေမှာ တည်ဆောက်တဲ့ ဘာသာတွေမဟုတ်ပါဘူး။
မြောက်ဥက္ကလပ ဖျက်ဆီးခံရတဲ့ပလီတွေက ၁၉၆၁ ကနေ အခုချိန်ထိ အစိုးရ ထိန်းသိမ်းထားပါသည်။
Thuyazaw Annawar

မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

#Zawgyi
#မြောက်ဥက္ကလာပဗလီအရေးအခင်း

https://www.facebook.com/100011122213454/posts/1023938617986869/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မောက်ဥက္ကလာပဗလီအရေးအခင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...