Sunday, February 9, 2020

ရန်ကုန်ခေတ်သစ်သတင်းဌာနကို ခြိမ်းခြောက်လာမှု

,
ရန်ကုန်ခေတ်သစ်သတင်းဌာနကို ခြိမ်းခြောက်လာမှုနှင့်ပတ်သက်၍ အသိပေးချက် ထုတ်ပြန်ခြင်း
==============================================================

၁- ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် “ဘာသာခြား မြှောက်စား၍ ၀န်ကြီး သူရဦးအောင်ကို ကို "ခွေး" နှင့်နှိုင်း ၊ တွေ့ကရာလူယူသူက ပုဒ်မ ၅၉ (စ) ပြင်၍ သမ္မတလုပ်ရန် ကြိုးပမ်းဟု ဦးဥာဏောဘာသ ပြော” ဆိုသော သတင်းကို တင်ဆက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား အစည်းအရုံးက ဦးဆောင်ပြုလုပ်သည့် အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချပွဲအား တိုက်ရိုက် ထုတ်လွှင့်ခြင်း Live Video ကို တင်ဆက်ခဲ့ပါသည်။

၂- ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်တွင် ၀၉၆၆၁၂၃၈၅၈၅ ဖုန်းနံပါတ်ဖြင့် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်လာပြီး ၎င်းသည် “အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာ အပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကား နေမှုများ အား ကန့်ကွက်ရှုတ်ချပွဲ” စီစဉ်သူဖြစ်ပြီး အမျိုးသားရေးအင်အားစုမှဖြစ်ကြောင်း၊ 

“ဘာသာခြား မြှောက်စား၍ ၀န်ကြီး သူရဦးအောင်ကို ကို "ခွေး" နှင့်နှိုင်း ၊ တွေ့ကရာလူယူသူက ပုဒ်မ ၅၉ (စ) ပြင်၍ သမ္မတလုပ်ရန် ကြိုးပမ်းဟု ဦးဥာဏောဘာသ ပြော” ဆိုသော သတင်းအတွက် ရန်ကုန်ခေတ်သစ် သတင်းဌာနသည် အမှုတွဲဖြစ်မည်ဖြစ်ကြောင်း၊ ဆရာတော်က ထိုသို့ ပြောဆိုခြင်းမရှိကြောင်း ၊ ဆရာတော်က အောင်နက် ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခွေးဟု မပြောခဲ့ကြောင်း၊

အခုချက်ချင်း ရှင်းလင်းလိုကြောင်း၊ ရုံးသို့ လာရောက်မည်ဖြစ်ကြောင်း၊ ရုံးလိပ်စာ သိလိုကြောင်း၊ ဆရာတော်ပါ တစ်ပါတည်း ပါလာမည်ဖြစ်ကြောင်း၊ ခင်ဗျားတို့ မီဒီယာညာတွေကို ညှာတာ၍ မရတော့ဘဲ ရှင်းရမည်ဖြစ်ကြောင်း ၊ အခုချက်ချင်းလာလိုကြောင်း၊ ယခုရှင်းရမည်ဖြစ်ကြောင်း၊ သတင်းကို Screen Shots များ ရိုက်ယူထားကြောင်း   ခြိမ်းခြောက် ပြောဆိုလာသည်။

၃- ရန်ကုန်ခေတ်သစ်သတင်းဌာနဘက်က ပြန်လည်ပြောဆိုရာတွင် မိမိတို့ သတင်းဌာနက တင်ဆက်သော သတင်းများသည် သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ ရေးသားထားခြင်းဖြစ်၍ မည်သည့် ပြဿနာမဆို ရင်ဆိုင် ဖြေရှင်းနိုင်ပါကြောင်း၊ သတင်းနှင့်ပတ်သက်၍ ကျေနပ်ခြင်း မရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်သည့်အပြင် ဥပဒေကြောင်းအရလည်း တရားစွဲနိုင်ကြောင်း၊ တွေ့ဆုံရန် မလိုအပ်သကဲ့သို့ သက်ဆိုင်ရာက သာ စကားပြောမည်ဖြစ်ကြောင်း၊ ရုံးလိပ်စာမပြောနိုင်သည့်အပြင် ညအချိန်မတော်လည်း မတွေ့နိုင်ပါကြောင်း၊ သတင်းနှင့်ပတ်သက်၍ Live Video ကို ပြန်လည် ကြည့်စေလိုကြောင်း တုံ့ပြန် ပြောဆိုပါသည်။

၎- ရန်ကုန်ခေတ်သစ်သတင်းဌာနက တင်ဆက်သော သတင်းနှင့်ပတ်သက်၍ ညအချိန်မတော် ရုံးသို့ လာရောက်ရန် အတင်းအကျပ်တောင်းဆိုလာခြင်း၊ ခင်ဗျားတို့ မီဒီယာညာတွေကို ညှာတာ၍ မရတော့ဘဲ ရှင်းရမည်ဖြစ်ကြောင်း ပြော ဆိုခြင်း၊ အခုချက်ချင်း ရှင်းရမည်ဖြစ်ကြောင်း ပြောဆိုမှုများသည် တရားဝင် ရပ်တည်နေသော သတင်းဌာနတစ်ခုကို ဥပဒေမဲ့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လာခြင်းဖြစ်သည်။

၅- ရန်ကုန်ခေတ်သစ်သတင်းဌာနသည် တရားဝင်သတင်းဌာနဖြစ်သည်နှင့်အညီ ဆက်လက်ဖြစ်ပေါ်လာမည့် နောက် ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ ရပ်တည်၍ ခုခံ ကာကွယ် သွားမည်ဖြစ်ပြီး အသိပေး ထုတ်ပြန် အပ်ပါသည်။

ရန်ကုန်ခေတ်သစ်သတင်းအယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၉ ရက်နေ့၊ ၂၀၂၀ ခုနှစ်၊ ည ၉ နာရီ ၄၆ မိနစ်၊ ရန်ကုန်မြို့ ။

https://www.facebook.com/385165108587508
/posts/848126175624730/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရန်ကုန်ခေတ်သစ်သတင်းဌာနကို ခြိမ်းခြောက်လာမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...