Wednesday, September 30, 2020

အိမ်ကျယ်တွေမှာ အစွယ်ရှိသေးရဲ့လား။ ။

,

ဘင်္ဂလားဒေ့ရှ်ကတော့ နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေမှုနဲ့ မကျေနပ် ချက်ပေါင်းစုံကို စစ်ခင်းပြီး တုန့်ပြန်ဖို့ ဟန်ပြင်နေပါပြီ။ တစ်ကမ္ဘာလုံး ကပ်ဘေးဆိုက်နေချိန်မှာ အခုလိုစစ်ပြင်တာဟာ စစ်တို့ရဲ့ သဘောတရားအရ သူ့တိုင်းပြည်အတွက် ထွက်ပေါက်တစ်ခု ရှာတာပါပဲ။


ဖတ်ရတဲ့သတင်းတွေအရ ဘင်္ဂလားဒေ့ရှ် အမှတ် (၁၀) တပ်မဟာက ရော့ကက် လောင်ချာတွေ၊ ပုခုံးထမ်း လေယာဉ်ပစ် လက်နက်တွေ၊ လေယာဉ်ပစ် အမြှောက်လက်နက်ကြီးတွေနဲ့ ဆွီဒင်လုပ် အဆင့်မြင့် ဘန်ကာ နှင့် တင့်ကားဖျက် M4 အမြှောက်ကြီးတွေကို နယ်စပ်တလျှောက် ဖြန့်ကျက်ချထားလိုက်ပြီလို့ ဆိုပါတယ်။


အကယ်၍ မြန်မာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ခင်းရပြီဆိုပါတော့။ မြန်မာ စစ်တပ်ဟာ စစ်ပွဲနယ်မြေကို စိုးမိုးထားနိုင်ဖို့ နေနေသာသာ ဒေသခံ အေအေတပ်ကို တောင်နိုင်အောင် မတိုက်နိုင်ဘူး။ ဒါကြောင့် နယ်မြေမပိုင် စစ်မနိုင်ဆိုတဲ့ သဘောတရားအရ အားနည်းချက် အကြီးအကျယ်ရှိတယ်။


မြန်မာစစ်တပ်ကို ရခိုင်ပြည်နယ်ဒေသခံအများစုက လက်မခံသလို တစ်နိုင် ငံလုံး အတိုင်းအတာနဲ့လည်း ထောက်ခံမှု အကြီးအကျယ် ကျဆင်း နေတယ်။


တပ်တွင်းက ရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ဆန်းစစ်ကြည့်ပြန်တော့ ရခိုင်စစ်မြေမြင်မှာ အဖမ်းခံရတဲ့ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိ အကြပ် စစ်သည်တွေ အဖမ်းခံထားရတာ နှစ်နဲ့ချီကြာတာတောင် လွတ်လမ်း မမြင်ဘဲ ပေလယျကံ ပစ်ထားခံရတာကြောင့် ရခိုင်ကို စစ်ချီဖို့ ဘယ်စစ်သားမှ တက်တက်ကြွကြွ မရှိနိုင်လောက်ဘူး။


လက်နက်အင်အားကို နှိုင်းယှဉ်ကြည့်ပြန်တော့ မြန်မာစစ်တပ်မှာ တရုတ်၊ ရုရှားထုတ် အရည်အသွေးမမီဘဲ ဂျင်းထည့်ရောင်းထားတဲ့ လက်နက် အစုတ်အပြတ်တွေပဲ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာက အမေရိကန်နဲ့ ဥရောပ ထုတ် အဆင့်မီလက်နက်တွေရှိတယ်။


အရေးကြီးဆုံးအချက်က ဘင်္ဂလားဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တာကြောင့် စစ်တပ်ဟာ သမ္မတအမိန့်ကို နာခံပြီး တစ်သွေးတစ်သံတစ်မိန့်နဲ့ စုစုစည်းစည်း ရှိနေတယ်။ မြန်မာစစ်တပ်က အစိုးရအမိန့်ကို မနာခံဘဲ ဘတ်ဂျက်ကိုသာ တွင်တွင်နင်းတောင်းပြီး  ခေတ်မီတပ်မတော်ဖြစ်လာအောင် မစွမ်းဆောင် နိုင်ဘူး။ 


လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပြုတ်ကျရေးကိုပဲ အစဉ်တစိုက်လုပ်ဆောင်နေခဲ့တယ်။ ကြံ့ခိုင်ရေးအတွက် မဲဆွယ်တယ်။ ဘာသာရေး ဗန်းပြပြီး လူထုကို မှိုင်းတိုက်တယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်က လွဲရင် သိက္ခာမရှိတဲ့အလုပ်အားလုံးကို အကုန်လုပ်တယ်။


ထစ်ခနဲရှိ အကြည်ညိုပျက်စေပါတယ်ဆိုတဲ့ စွပ်စွဲနဲ့ ပုဒ်မ ၆၆(ဃ) တပ်မယ်။ သံချပ်ထိုးမိတဲ့ ကလေးတွေကိုတောင် ရန်ငြိုးကြီးကြီးနဲ့ ပြစ်ဒဏ်တွေ တစ်သီ တစ်တန်းကြီးချနေတယ်။


အခုအချိန်ဟာ ကပ်ဘေးကာလဖြစ်သလို တောင်တရုတ်ပင်လယ်အရေး မှာလည်း တရုတ်နဲ့ အမေရိကန်မဟာမိတ်အင်အားစုတွေ အားပြိုင်မှု ပြင်းထန်နေဆဲကာလဖြစ်တာမို့ မြန်မာဘင်္ဂလားဒေ့ရှ် စစ်ပွဲဟာ ကမ္ဘာ့စစ် ပွဲကြီးအဖြစ် ချိတ်ဆက်ပြောင်းလဲသွားနိုင်တယ်။ ထုံးစံအတိုင်း မြန်မာဗိုလ် ချုပ်ကြီးများကတော့ တရုတ်ဘက်ကနေ ရပ်တည်ဖို့ကလွဲပြီး အခြားနည်း လမ်းကို ရှာဖွေကြံဆနိုင်ပုံ မရဘူး။


ဒီလိုရေးလိုက်တော့ မင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကလူလား လို့ အငေါ်တူး ကြလိမ့်ဦးမယ်။ အငေါ်တူးရမယ့် အချိန်မဟုတ်ပါဘူး။ မြန်မာ့သွေးစစ်စစ်မို့ ဘင်္ဂလားဒေ့ရှ်ခွေးနဲ့ မြန်မာခွေး ကိုက်ရင်တောင် မြန်မာခွေး နိုင်စေ ချင်တာပေါ့။


ခက်နေတာက ကိုယ့်ကောင်တွေက ပြည်တွင်းစစ်မှာတောင် ကေအိုင်အေကို မနိုင်ဘူး။ ကေအင်ယူကို မနိုင်ဘူး။ အက်စ်အက်စ်အေကို မနိုင်ဘူး။ အေအေကို မနိုင်ဘူး။ ဝ တပ်ဖွဲ့ဆိုရင် ဝေလာဝေးပေါ့။


လက်နက်မဲ့လူထုက လွဲပြီး ဘယ်သူ့ကိုမှ မနိုင်တဲ့၊ ပြည်သူ့အင်အားမကိုးစားတဲ့၊ ဖေ့စ်ဘွတ်စာမျက်နှာမှာတောင် လိုက်ခ်နဲ့ ရှဲ များများ မရရှာတဲ့  ကိုရွှေအိမ်ကျယ်တွေမှာ အစွယ်မှရှိသေးရဲ့လားဆိုတာ ကျုပ်တွေးတွေးပြီး ပူပါတယ်။ ။


Credit - မင်းဒင်



https://www.facebook.com/100005325845709/posts/1568104940043686/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အိမ်ကျယ်တွေမှာ အစွယ်ရှိသေးရဲ့လား။ ။”

Post a Comment

Related Posts Plugin for WordPress, Blogger...