Thursday, October 22, 2020

ကြံ့ဖွံ့ပါတီ -ရာဇဝတ်ဂိုဏ်း၏ နိုင်ငံရေးပါတီ

,

မကြာမီကျင်းပတော့မယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာ ၁၁၂၈ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ မြန်မာစစ်တပ်ရဲ့ ကြိုးကိုင်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ဟာ စစ်တပ်ရာဇဝတ်ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။


ကြံ့ဖွံ့ပါတီဟာ စစ်တပ်လိုဘဲ တပ်အရာရှိတွေ၊ ခရိုနီတွေနဲ့ နိုင်ငံပိုင်အရင်းအမြစ်တွေ ပါဝင်ပတ်သက်နေတဲ့ လျို့ဝှက်ပြီးခြစားနေတဲ့ စီးပွားရေးကွန်ရက်များနဲ့ ရှင်သန်နေတာဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းရဲ့ ပါတီဖြစ်တာမို့ ကြံ့ဖွံ့ပါတီဟာလဲ စစ်တပ်ရရှိနေတဲ့ ပြစ်ဒါဏ်ပေးခံရခြင်းမှ အလုံးစုံကင်းလွတ်ခွင့် အကျိုးအမြတ်ကိုရရှိနေပြီး ပါတီနဲ့ ပါတီအဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ဥပဒေတွေ ချိုးဖောက်နေနိုင်တာကို တွေ့ရှိရပါတယ်။ 


အဆိုပါ ပါတီကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း)ကနေ ယခင်စစ်အစိုးရက ပြောင်းလဲဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ အသင်းဝင်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါအသင်းကို ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး စစ်တပ်က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်တွေမှာ ထိန်းချုပ်ဘို့ ယန္တရားအဖြစ် အသုံးချခဲ့ပါတယ်။ 


ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာပြုစုထားချက်တွေအရ ကြံ့ဖွံ့အသင်းရဲ့အဓိကလုပ်ငန်းတစ်ခုက စစ်အာဏာရှင်က ရန်သူလို့ယူဆသူတွေအပေါ်မှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။


၂၀၀၃ ခုနှစ် ဒီပဲရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာဉ်တန်းကို အစုလိုက်အပြုံလိုက် တိုက်ခိုက်ပြီး ဖြိုခွဲသတ်ဖြတ်တုန်းက ကြံ့ဖွံ့အသင်းပါဝင်တဲ့အခန်းကဏ္ဍ၊ အသင်းစတင်ထူထောင်ချိန်ကတည်းက ၂၀၀၇ “ရွှေဝါရောင်တော်လှန်ရေး” ကာလအပါအဝင် အကြမ်းမဖက်ဆန္ဒထုတ်ဖော်သူတွေကို တိုက်ခိုက်မှုတွေမှာ ၎င်းတို့ပါဝင်ခဲ့တဲ့အခန်းကဏ္ဍတွေဟာ ဒီအသင်းအနေနဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။


ကြံ့ဖွံ့ပါတီကိုယ်တိုင်က စစ်အာဏာရှင်ရဲ့အကျင့်ပျက်ခြစားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေရဲ့ ဆိုးမွေတစ်ရပ် ဖြစ်ပါတယ်။ ယခုအချိန်မှာလည်း ပါတီခေါင်းဆောင်က မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်ပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုကို လူသိရှင်ကြား သွေးထိုးလှုံ့ဆော်နေပါတယ်။ 


ပါတီရဲ့ အဓိကခေါင်းဆောင်တွေက စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကနေ ပုဂ္ဂလိကအမြတ်ငွေတွေရရှိနေပြီး ပါတီဝင်တွေမှာလည်း လူမသိသူမသိ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေ ရှိနေပါတယ်။ 


ကြံ့ဖွံ့အသင်းမှာတုန်းကလည်း ၎င်းတို့ပိုင် စစ်တပ်စီးပွားရေးလုပ်ငန်းစုတစ်ရပ် ရှိခဲ့ပါတယ်။ အဲဒါကတော့ စီးပွားရေးနယ်ပယ်ရဲ့ အဓိကကဏ္ဍတွေမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ မြန်ဂုဏ်မြင့် ကုမ္ပဏီအုပ်စု ဖြစ်ပါတယ်။


Network for Democracy and Development (NDD)အဖွဲ့က ပြုစုထုတ်ဝေထားတဲ့ သုတေသနအစီရင်ခံစာအရ မြန်ဂုဏ်မြင့်က ကျောက်မျက်နဲ့ ကုန်စည် လက်ကားရောင်းဝယ်ရေးဈေးကွက်၊ စိုက်ပျိုးမြေများ ရယူငှားရမ်းခြင်းလုပ်ငန်းတွေ၊ ဘတ်စ်ကားနဲ့ ရထားလိုင်းလုပ်ငန်းတွေ၊ အခွန်ကောက်ခံခြင်းနဲ့ ဗီဇာထုတ်ပေးခြင်း လုပ်ငန်းတွေကို ချုပ်ကိုင်ခဲ့ပါတယ်။ ကုမ္ပဏီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပေးအပ်တဲ့ရံပုံငွေနဲ့ထူထောင်ခဲ့ပြီး ဝန်ကြီးချုပ်ဗိုလ်ချုပ်စိုးဝင်းက ဥက္ကဌ၊ စက်မှုဝန်ကြီး ဗိုလ်ချုပ်အောင်သောင်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ 


NDD ရဲ့ သုတေသနအရ ကြံ့ဖွံ့အသင်းဟာ စီးပွားရေးလိုင်စင်များ ချပေးမှုကိုချုပ်ကိုင်ခဲ့ပြီး ဒီလုပ်ပိုင်ခွင့်ကို အဖွဲ့ဝင်တွေကို အခွင့်အရေးပေးပြီး စစ်ရာဇဝတ်ဂိုဏ်းကို ချဲ့ထွင်ရာမှာ အသုံးပြုခဲ့ပါတယ်။ စီးပွားရေးသမားတွေကို လိုင်စင်ပြန်သိမ်းမယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အလုပ်ခန့်ရင် ထောင်ချအပြစ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။


အသင်းရံပုံငွေများကိုလည်း စီးပွားရှင်တွေဆီက ငွေညှစ်ရှာဖွေမှုတွေနဲ့ ရယူခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တစ်နှစ်တာမှတ်တမ်း (Burma Human Rights Yearbook) အရ ၁၉၉၅ ခုနှစ် ကြံ့ခိုင်ရေးအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာတစ်စောင်က ကျပ်ငွေ ၃၆၂ ဘီလီယံ အမြတ်ရရှိခဲ့ကြောင်းဖော်ပြခဲ့ရာမှာ နိုင်ငံပိုင်ပစ္စည်းများကို ၎င်းတို့စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုမှုများလည်း ပါဝင်ပါတယ်။ မြန်ဂုဏ်မြင့်က မြန်မာ့စီးပွားရေးဦးပိုင်နဲ့အတူ အမြတ်အစွန်း မြိုးမြိုးမြတ်မြတ်ရရှိတဲ့ မော်တော်ယာဉ်တင်သွင်းမှုဈေးကွက်ကို ချုပ်ကိုင်ခဲ့ပါတယ်။


____________________


ကြံ့ဖွံ့အသင်း၏ ယခင်မှတ်ပုံတင်ထားခဲ့သည့် ကုမ္ပဏီများ 


၁။ မြန်ဂုဏ်မြင့် အိတ်စ်ပို့ အင်ပို့နှင့် အထွေထွေကုန်သွယ်ရေးကုမ္ပဏီလိမိတက် 


၂။ မြန်ဂုဏ်မြင့် အထွေထွေဝန်ဆောင်မှုကုမ္ပဏီလိမိတက် 


၃။ မြန်ဂုဏ်မြင့် စက်မှုပစ္စည်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီလိမိတက် 


၎။ မြန်ဂုဏ်မြင့်ခရီးသွားလုပ်ငန်းကုမ္ပဏီလိမိတက် 


ရင်းမြစ် - ရင်ရင်မြ၊ “မြန်မာနိုင်ငံ ဈေးကွက်စီးပွားရေးဖော်ဆောင်မှု”၊ မြသန်းနှင့် မြတ်သိန်း (အယ်ဒီတာများ) မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေအရင်းအမြစ်များ၊ စင်္ကာပူ၊ ISEAS၊ ၂၀၂၀။ 


____________________


ကြံ့ဖွံ့ပါတီ၏ ရာဇဝတ်ဂိုဏ်း စီးပွားရေး


ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နဲ့ ယခင်စစ်အာဏာရှင်အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့ဝင် ဝန်ကြီး ၂၆ ဦးတို့နဲ့ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ NDD ရဲ့ သုတေသနအရ “ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြံ့ခိုင်ရေးအသင်းရဲ့ အသင်းဝင်များ၊ မူဝါဒများ၊ အရင်းအမြစ်များအပြင် နအဖရဲ့ အကြမ်းဖက်လက်ရုံးတစ်ရပ်အဖြစ် လက်မရွံ့လက်သံပြောင်ပုံနဲ့ ကြောက်မက်ဖွယ် ကျော်ဇောသတင်းတွေကိုပါ အမွေဆက်ခံခဲ့တာဖြစ်တယ်” လို့ ဆိုပါတယ်။ 


မြန်ဂုဏ်မြင့်ကို နောက်ပိုင်းမှာ ဖျက်သိမ်းလိုက်သော်လည်း ကြံ့ဖွံ့အသင်းက အလွဲသုံးစားပြုထားခဲ့ပြီး ကြံ့ဖွံ့ပါတီက အမွေဆက်ခံရယူထားခဲ့တဲ့ နိုင်ငံပိုင်ပစ္စည်းတွေကိုတော့ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပါဘူး။ အခုချိန်မှာ ကြံ့ဖွံ့ပါတီဟာ ယခင်အာဏာရှင်စံနစ်အချိန်တုန်းက စီးပွားရေးကို ကြံ့ဖွံ့အသင်းက ချုပ်ကိုင်ခဲ့တဲ့ပုံစံလိုမျိုး အမွေဆိုးတစ်ရပ်အဖြစ် ဆက်ခံပြီး စစ်ရာဇဝတ်ဂိုဏ်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် အစိုးရအာဏာကိုအသုံးချမှုရဲ့ အစိပ်အပိုင်းတစ်ရပ်အနေနဲ့ သူရဲ့ကိုယ်ပိုင်စီးပွားရေးကို လည်ပတ်နေပြီဖြစ်ပါတယ်။  


ကြံ့ဖွံ့ပါတီက ဆိပ်ကမ်းတွေမှာအသုံးပြုဖို့ ကွန်တိန်နာ X-ray စက်ကြီးများ အကောက်ခွန်ဌာနကို ငှားရမ်းမှုမှ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီးရရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လမှာ သတင်းများက ဖော်ပြခဲ့ပါတယ်။ အဆိုပါစက်ကြီးတွေက ယခင် ကြံ့ဖွံ့အသင်းကာလက မြန်ဂုဏ်မြင့်ရဲ့ ပိုင်ဆိုင်မှုများဖြစ်ခဲ့ပြီး ကုမ္ပဏီဖျက်သိမ်းလိုက်တဲ့နောက်မှာ ကြံ့ဖွံ့ပါတီကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အကောက်ခွန်ဌာနက ကြံ့ဖွံ့ပါတီနဲ့ အခြားကုမ္ပဏီ တော်တော်များများကို ကွန်တိန်နာ X-ray စက်ငှားရမ်းခ ကျပ်ငွေ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ မီလီယံ) ပေးခဲ့ရပါတယ်။ 


ကြံ့ဖွံ့ပါတီကို နိုင်ငံပိုင်ပစ္စည်းများ လွှဲပြောင်းပေးခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ဝင်ငွေအရင်းအမြစ်အဖြစ် ပါတီမှ ဆက်လက်အသုံးပြုခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်ရာ ရောက်နေနိုင်ပါတယ်။


ဥပဒေပုဒ်မ ၁၂(က)(၅) မှာ “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိရပါက” ထိုပါတီကို ဖျက်သိမ်းရမယ်လို့ ပါရှိထားပါတယ်။ မြန်မာနိုင်ငံ ဥပဒေကို ချိုးဖောက်သလို ဖြစ်နေနိုင်တဲ့ မြန်ဂုဏ်မြင့်က အမွေဆက်ခံထားတဲ့ အရာတွေအပါအဝင် ကြံ့ဖွံ့ပါတီရဲ့ အရင်းအမြစ်တွေအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 


ဆိပ်ကမ်းနဲ့ အကောက်ခွန်ကိစ္စရပ်များနဲ့ ဆက်နွယ်နေတဲ့ ကြံ့ဖွံ့ပါတီရဲ့ စီးပွားရေး အကျိုးစီးပွားတွေက စနစ်တကျရှိနေတဲ့ အကျိုးစီးပွားပဋိပက္ခရဲ့ အစိပ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အကောက်ခွန်ဌာနရဲ့ အကြီးအကဲဖြစ်သူ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ထင်က မကြာသေးခင်အချိန်အထိ ဦးပိုင်ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၎င်းက လက်ရှိမှာလည်း ဦးပိုင် ရှယ်ယာရှင်အဖြစ် ဆက်လက်ရှိနေပါတယ်။ ဆိပ်ကမ်းဌာနနဲ့ အကောက်ခွန်ဌာနတွေရဲ့ အကြီးအကဲတွေက ဦးပိုင်ရဲ့ ဘုတ်အဖွဲ့မှာပါဝင်နေခြင်းကို ဥပဒေနဲ့မညီတဲ့ အကျိုးစီးပွားပဋိပက္ခအဖြစ် လက်ရှိ အန်အယ်လ်ဒီအစိုးရက ဆုံးဖြတ်အရေးယူခဲ့ပေမယ့် ဦးပိုင်ဘုတ်အဖွဲ့က နှုတ်ထွက်ပြီးနောက်မှာ ထိုသူများဟာ အစိုးရရာထူးတာဝန်တွေကို ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။ 


ကြံ့ဖွံ့ပါတီရဲ့ အဓိကပါတီဝင်တွေက မြန်မာ့စီးပွားရေးဦးပိုင်မှာ အစုရှယ်ယာတွေ ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ Justice For Myanmar က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ဦးပိုင်ရဲ့ ၂၀၁၁ ခုနှစ် ရှယ်ယာရှင်အချက်အလက်တွေမှာ ကြံ့ဖွံ့ပါတီဥက္ကဌနဲ့ ထင်ရှားတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေဟာ ရှယ်ယာရှင်များအဖြစ်ရှိခဲ့ကြပြီး စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးအကျိုးစီးပွားတွေကနေ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်များရရှိနေတဲ့ သက်သေအထောက်အထားများ ပါဝင်ပါတယ်။ 


မြန်ဂုဏ်မြင့်မှာ လုပ်ဆောင်ခဲ့သလိုပါပဲ။ မြန်မာ့ဦးပိုင်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို စစ်တပ်ပိုင်ကုမ္ပဏီတွေဆီ စစ်တပ်ရဲ့ အကျင့်ပျက်လွှဲပြောင်းပေးမှုနဲ့ အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နိုင်မှုတွေကတဆင့် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 


၂၀၁၁-၂၀၁၆ ကြံ့ဖွံ့ပါတီ ဦးဆောင်အစိုးရသက်တမ်းအတွင်း လက်ရှိအဓိကခေါင်းဆောင်များ အပါအဝင် ပါတီခေါင်းဆောင်များအနေနဲ့ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ပုဂ္ဂလိကအကျိုးအမြတ်တွေ ရရှိခဲ့ပြီး အဲဒီလိုမျိုး စနစ်တကျ အကျိုးစီးပွားပဋိပက္ခတစ်ရပ်ရှိမှုဟာ ပါတီရဲ့ဂုဏ်သိက္ခာအပေါ် ကြီးမားတဲ့သံသယများ ဖြစ်ပေါ်စေခဲ့ပါတယ်။ 


ဒါ့အပြင် စစ်တပ်ရဲ့ အလုံးစုံပြစ်ဒဏ်လွတ်ကင်းခွင့် ရရှိနေမှုက စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုကြီးတွေကို အစစ်အဆေးမရှိ လုပ်ကိုင်လည်ပတ်ဖို့ ဆက်လက်ခွင့်ပြုပေးထားပြီး ယခင်အဆင့်မြင့် စစ်ခေါင်းဆောင်များက ယင်းအပေါ်မှ အကျိုးအမြတ်များ ဆက်လက် ရရှိနေပါတယ်။ ပုဂ္ဂလိကအကျိုးစီးပွားနဲ့ အစိုးရရာထူးအာဏာ ပေါင်းစည်းလိုက်ခြင်းက ကြံ့ဖွံ့ပါတီဦးဆောင်အစိုးရ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အချို့နဲ့ ပတ်သက်ပြီး အထူးစိုးရိမ် သံသယပွားစရာ ဖြစ်နေပါတယ်။ 


ဥပမာအားဖြင့် ကြံ့ဖွံ့ပါတီဦးဆောင်အစိုးရက ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ဦးပိုင်သို့ ပုဂ္ဂလိကလွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အဓိကပြည်သူပိုင်ဖြစ်တဲ့ အဆိုပါ ဆိပ်ကမ်းကို K.T. Group ကို ငှားရမ်းခဲ့ပြီး K.T. Group က TMT Ports အဖြစ် အမည်ပြောင်းကာ စီမံခန့်ခွဲနေပါတယ်။ ယင်းဆုံးဖြတ်ချက် ချမှတ်ရာမှာ ဦးပိုင်ရဲ့ ဒါရိုက်တာတစ်ဦး ဦးဆောင်နေတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ ဦးပိုင်အမြတ်ငွေများမှ အကျိုးအမြတ်ရရှိနေတဲ့ ကြံ့ဖွံ့အစိုးရရဲ့ အရေးပါသူတွေ ပါဝင်ကြပါတယ်။ 


သတ္တုတူးဖော်ရေးလုပ်ထုံးလုပ်နည်းများအပေါ် ချုပ်ကိုင်ခြင်းအားဖြင့် ကြံ့ဖွံ့အစိုးရဟာ တရုတ်စစ်လက်နက်ကုမ္ပဏီ NORINCO ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို လက်ပံတောင်းနဲ့ S&K သတ္တုတွင်းများအတွက် တူးဖော်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ပါတယ်။ ယခုလို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာစစ်တပ်နဲ့ ဦးပိုင်ရဲ့တစ်ဦးချင်းရှယ်ယာရှင်တွေအတွက် ငွေထုတ်ကြီးကောက်ရလိုက်သလို အကျိုးအမြတ်တွေ ရရှိစေခဲ့ပြီး ဒေသခံတွေ အတွက်တော့ ၎င်းတို့ရဲ့ မြေယာတွေ၊ အသက်နဲ့ သက်မွေးဝမ်းကျောင်းမှုတွေ ဆုံးရှုံးပျက်စီးခဲ့ရပြီး ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေကိုလည်း ခံစားနေကြရပြီ ဖြစ်ပါတယ်။ NORINCO က မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ရောင်းချသူ ဖြစ်ပါတယ်။ 


ကြံ့ဖွံ့ပါတီ ဦးဆောင်အစိုးရက ကျောက်စိမ်းစီးပွားရေးမှာ ဦးပိုင် အကျိုးအမြတ်ရရှိဖို့အတွက်လည်း ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရထံ အာဏာမလွှဲပြောင်းမီ လများအတွင်း ဦးပိုင်ရဲ့ လက်ဝေခံ ကျောက်စိမ်းကုမ္ပဏီ Myanmar Imperial Jade ထံ ကျောက်စိမ်းလိုင်စင် ၃၆၁ ခုကို ချထားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အဆိုပါ ကုမ္ပဏီက ကျောက်စိမ်းလိုင်စင်အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားပါတော့တယ်။


____________________


မြေသိမ်းမှုများနှင့် ပတ်သက်နေသည့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများ 


သံလျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း အောင်သန်းဦးက မြန်မာ့ဆန်လုပ်ငန်းမှာ အဓိကပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။ မြန်မာ့ဆန်စပါးအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်သူ ၎င်းအနေနဲ့ ဇနီးဖြစ်သူနဲ့အတူ ပင်လယ်ကိုးသွယ်ကုမ္ပဏီအုပ်စုကို ပိုင်ဆိုင်ထားပါတယ်။ ယင်းကုမ္ပဏီက မြေယာသိမ်းဆည်းမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ 


ပင်လယ်ကိုးသွယ်ကုမ္ပဏီက ယခင် စစ်အာဏာရှင်အစိုးရလက်ထက် အကောင်အထည်ဖော်ခဲ့တဲ့ ကြိုတင်စာချုပ်ဖြင့် စိုက်ပျိုးရေးအစီအစဉ်တစ်ခုအောက်မှာ ရန်ကုန်မှာရှိတဲ့ မြို့နယ် ၃ မြို့နယ်က လယ်မြေဧက ၁၀၀၀၀ ကျော်ကို ခိုးယူခဲ့တဲ့ ကုမ္ပဏီ ၁၆ ခုထဲမှ တစ်ခုဖြစ်ပါတယ်။ သတင်းများအရ အဆိုပါ ခရိုနီနဲ့ စစ်တပ်ကုမ္ပဏီ ၁၆ ခုထဲမှာ ပင်လယ်ကိုးသွယ်ကုမ္ပဏီက မသမာမှု အများဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ 


အဆိုပါ မြေယာခိုးယူမှုမှာ ပါဝင်ခဲ့တဲ့ အခြားကုမ္ပဏီတစ်ခုက ဆင်းရွှေလီကုမ္ပဏီ ဖြစ်ပြီး အဲ့ဒီကတည်းက ကုမ္ပဏီကို Zeyar Premier Agriculture အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ Zeyar Premier ကို ကြံ့ဖွံ့ပါတီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင် (အငြိမ်းစား) က ပူးတွဲပိုင်ဆိုင်ပါတယ်။ 


မြန်မာ့စိုက်ပျိုးရေးဈေးကွက်မှာ အဓိကပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးပိုင်ကလည်း အဆိုပါ မြေယာသိမ်းဆည်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ 


အောင်သန်းဦးမှ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများတွင် - 


၁။ ပင်လယ်ကိုးသွယ် ကုန်သွယ်ရေးကုမ္ပဏီလိမိတက် 


၂။ ပင်လယ်ကိုးသွယ် ကုန်ထုတ်လုပ်ရေးကုမ္ပဏီလိမိတက် 


၃။ ပင်လယ်ကိုးသွယ် ဆောက်လုပ်ရေးကုမ္ပဏီလိမိတက် 


၎။ ပင်လယ်ကိုးသွယ် ခရီးသွားလုပ်ငန်းကုမ္ပဏီလိမိတက် 


၅။ Myanmar Rice Federation (MRF) Inc. 


၆။ Myanmar Rice and Paddy Association Inc. 


၇။ First Rice & Paddy Trading Co. Ltd 


၈။ စိန်ကျွန်းရတနာ ကုမ္ပဏီလိမိတက် တို့ ပါဝင်ပါတယ်။ 


ထို့ကြောင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းနှစ်ဦးက မြေယာသိမ်းဆည်းမှုများမှာ တိုက်ရိုက်ပါဝင်ခဲ့ပြီး အခြားသော ကိုယ်စားလှယ်တွေကလည်း ဦးပိုင်ရဲ့ အမြတ်ငွေတွေကို ရယူမှုမှတဆင့် မြေယာသိမ်းဆည်းမှုတွေကနေ အကျိုးအမြတ် ရရှိခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် ကြာသည်အထိ လယ်သမားတွေကို လုံလောက်တဲ့ လျော်ကြေးပေးအပ်ခြင်း မရှိသေးပါဘူး။ 


#ကြံ့ဖွံ့ပါတီကို_စုံစမ်းစစ်ဆေးပါ


ကြံ့ဖွံ့ပါတီက စစ်တပ်ကြိုးကိုင်ပါတီဖြစ်တာကြောင့် ပြစ်ဒါဏ်ကင်းလွတ်မှုနဲ့ ဆောင်ရွက် လည်ပတ်နေပုံရပါတယ်။ ဥပမာအားဖြင့် အောက်တိုဘာ ၉ ရက်နေ့ မဲဆွယ်စည်းရုံးပွဲမှာ ကြံ့ဖွံ့ပါတီဥက္ကဌ အငြိမ်းစားဗိုလ်မှူးချုပ်သန်းဌေးက ၎င်းရဲ့ မိသားစုတွေမှာ “ကုလား” သွေး သို့မဟုတ် “တရုတ်” သွေး ပါမပါကို အလွယ်တကူ စစ်ဆေးနိုင်ကြောင်း မဲဆန္ဒရှင်တွေကို ပြောကြားခဲ့ပါတယ်။


“ကုလား” အသုံးအနှုန်းက မွတ်ဆလင်တွေနဲ့ အိန္ဒိယမျိုးနွယ်တွေကို သုံးနှုန်းတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါ အသုံးအနှုံးတစ်ရပ် ဖြစ်ပါတယ်။ အဲဒါဟာ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက လူမျိုးရေးခွဲခြားတဲ့ စည်းရုံးမှုလိုမျိုး ဆက်ပြောတာဘဲ ဖြစ်ပါတယ်။ 


ကြံ့ဖွံ့ပါတီဥက္ကဌရဲ့ “လူမျိုး” နဲ့ “ဘာသာ”ကိုအသုံးချဖို့ ကြိုးပမ်းမှုက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေပါတယ်။ လက်ရှိ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေက ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ “လူမျိုး” နဲ့ “ဘာသာ” အသုံးပြုမှုကို တားမြစ်ထားပါတယ်။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့ ပုဒ်မ ၁၂ (က) (၄) မှာ ပုဒ်မ (၆)ကို လိုက်နာဘို့ ပျက်ကွက်ခဲ့ရင် ပါတီမှတ်ပုံတင် ဖျက်သိမ်းနိုင်တယ်လို့ ဖွင့်ဆိုထားပါတယ်။ အဲဒီ ပုဒ်မ (၆) မှာ “လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး”လို့ ပါရှိထားပါတယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဘာသာရေးကို အသုံးချမှုကို တားမြစ်ထားပါတယ်။ (ပုဒ်မ ၄၀၇ (ဃ))။ ကြံ့ဖွံ့ပါတီအနေနဲ့ ၎င်းတို့ အစိုးရဖြစ်ခဲ့စဉ်ကာလ ၂၀၁၅ ခုနှစ်မှာ ခွဲခြားဆက်ဆံတဲ့ “အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ၄ ခု တင်သွင်းအတည်ပြုမှု အပါအဝင် အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားဝါဒီများနဲ့ ဆက်စပ်ခဲ့တဲ့ အထောက်အထား ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ အမုန်းတရား သွေးထိုးလှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတစ်စုံတရာ ယနေ့အချိန်အထိ မရှိသေးပါ။ 


ကြံ့ဖွံ့ပါတီက မြန်မာစစ်ရာဇဝတ်ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ပါတီကိုယ်၌က စစ်တပ်ရဲ့ လူထုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကြံ့ဖွံ့အသင်းကနေ ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီး စနစ်တကျခြစားမှုတွေနဲ့ ဆက်နွယ်နေဆဲ ဖြစ်ပါတယ်။  ကြံ့ဖွံ့ပါတီရဲ့ အဓိကခေါင်းဆောင်တွေက စစ်တပ်နဲ့ ခရိုနီစီးပွားရေးတွေနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေ ဆက်လက်ရှိနေပြီး ပါတီအနေနဲ့လည်း ၎င်းတို့ပိုင်ဆိုင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အများပြည်သူသိ ထုတ်ပြန်ကြေညာမှု မရှိသေးပါ။ 


တိုင်းပြည်အပေါ် စစ်တပ်နဲ့ ခရိုနီ လွှမ်းမိုးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ခံစားခဲ့ရမှုတွေ ဖြစ်ပေါ်ရာမှာ ပါဝင်ပံ့ပိုးပေးခဲ့တဲ့ ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အသင်းတို့ရဲ့ နိုင်ငံရေးအကြမ်းဖက်မှု၊ ပြည်သူပိုင်ပစ္စည်းခိုးယူမှု၊ အကျင့်ပျက်ခြစားမှု သမိုင်းကြောင်းအပေါ်  တာဝန်ယူမှု တာဝန်ခံမှု ပပျောက်နေဆဲဖြစ်ပါတယ်။


ကြံ့ဖွံ့ပါတီအနေနဲ့ နိုင်ငံပိုင်ပစ္စည်းများ ရယူထားရှိမှု၊ ယင်းပစ္စည်းများမှ ဝင်ငွေဆက်လက်ရရှိနေမှု နှင့် ၎င်းတို့ရဲ့ လက်ရှိ ရွေးကောက်ပွဲကင်ပိန်းတွေမှာ “လူမျိုး” နဲ့ “ဘာသာ”ကို အသုံးချမှုတွေဟာ မြန်မာနိုင်ငံ ဥပဒေကို ချိုးဖောက်ရာ ရောက်နေပါတယ်။ မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းမပေးနိုင်သေးပါဘူး။ ဒါ့ကြောင့် ကြံ့ဖွံ့ပါတီရဲ့ ပိုင်ဆိုင်မှုများနဲ့ ရွေးကောက်ပွဲဥပဒေ အလွဲသုံစားပြုနေမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် လိုအပ်ပါတယ်။ အကယ်၍ ကြံ့ဖွံ့ပါတီအနေဖြင့် မြန်မာနိုင်ငံ ဥပဒေကို ဆန့်ကျင်နေပါက ပါတီကို ဖျက်သိမ်းပစ်ရပါမယ်။ ခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူလူထုထံ မဖြစ်မနေ ပြန်လည်လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။


#Justice_For_Myanmar 

Edit text & Shared _ #အေအန်န်အမ်မ်တီ


_______________________


Ref: 


စစ်သားဟောင်း ၂ ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် - https://burma.irrawaddy.com/article/2020/01/30/214189.html


The White Shirts - https://burmacampaign.org.uk/media/USDA-2.pdf


Burma: A Violent Past to a Brutal Future - https://burmacampaign.org.uk/media/NDD_-_A_Violent_Past_to_a_Brutal_Future.pdf 


Background on USDA, SLORC’s “Brown Shirts” - https://www.burmalibrary.org/docs/96-21-USDA.PDF


တပ်မတော်ကုမ္ပဏီများ ဆိပ်ကမ်းများရှိ X Ray စက်များ ငှားရမ်းခမှ ကျပ်ဘီလျံများစွာရရှိနေ

 - https://myanmar-now.org/mm/news/3848  


How business finances the crimes of the Myanmar military: MEHL files - https://www.justiceformyanmar.org/stories/how-business-finances-the-crimes-of-the-myanmar-military 


စစ်တပ်အကျိုးစီးပွား ပါဝင်ပတ်သက်နေမှုက မြန်မာအစိုးရ၏ ဖားကန့်ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုဖြစ်ရပ် စုံစမ်းစစ်ဆေးရေးကို ပျက်ပြား စေသည် -  https://www.justiceformyanmar.org/press-releases/military-conflict-of-interest-corrupts-myanmar-governments-investigation-of-hpakant-jade-mining-disaster 


သွေးနှောမပါကြောင်း အာမခံနဲ့ မဲဆွယ်တဲ့ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ – https://www.youtube.com/watch?v=iV7lam9DarY&feature=youtu.be 


သားသမီးဦးရေအလိုက် နိုင်ငံတော်၏ ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုများကို ဥပဒေထုတ်ပြန်၍ အားပေး မြှင့်တင်ရန် လိုအပ်နေဟု ဦးသန်းဌေးဆို - https://www.mizzimaburmese.com/article/53120 


အမျိုးသားရေး တံတိုင်းများ ပြိုလဲကုန်ပြီဟု ကြံ့ခိုင်ရေးခေါင်းဆောင် ပြော - https://burma.irrawaddy.com/news/2019/09/14/203906.html


https://m.facebook.com/story.php?story_fbid=141460561020165&id=100054686645830

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကြံ့ဖွံ့ပါတီ -ရာဇဝတ်ဂိုဏ်း၏ နိုင်ငံရေးပါတီ”

Post a Comment

Related Posts Plugin for WordPress, Blogger...