Sunday, January 26, 2014

လူ့အဖွဲ့အစည်း၌ အပြစ်ရှိသူ

,
လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံး ပုံသဏ္ဌာန်မှာ မိသားစု တစ်ခု ဖြစ်၏။ မိသားစုဆိုသည့် Unit တစ်ခု၌ ဖခင်၊ မိခင်၊ သားသမီး ဆိုသည့် သီးခြားဘဝ ပိုင်ဆိုင်ထားသည့် လူတစ်ဦးစီ ပါဝင်နေ၏။ ဖခင် အမည်နှင့် လူသည် ဖခင်တာဝန်၊ ဖခင်အလုပ် ရှိသည်။ မိခင်၊ သားသမီး တို့၌လည်း အသီးသီး တာဝန်၊ အလုပ်များ ရှိသည်။ လူအများသိပြီးဖြစ် သည့် ကိစ္စသာ ဖြစ်ပါ၏။ သို့သော် ...။
x x x
မိသားစုတစ်စု၏ ဖခင်နှင့် မိခင်သည် ထိုမိသားစု၏ စံပြအတု ယူစရာပုဂ္ဂိုလ် ဖြစ်၏။ သားများ၊ သမီးများက ဖခင်နှင့် မိခင်ထံမှ အတု ယူကြသည်။ မိခင်၊ ဖခင်သည် လက်ဦးဆရာဟု ခေါ်ကြခြင်း ဖြစ်သည်။ မိဘက တာဝန်ကျေပွန်လျှင် သားသမီးများလည်း တာဝန်ကို သိကြသည်။ လုပ်ရမည့်အလုပ်ကို မိဘက ပြသည်။ သားသမီးများက အလုပ်ကို သိ ကြ၏။ သိသည့်စာလုံး၌ လက်တွေ့ပြုမူမှု ပါ၏။
x x x
မိဘက ကြမ်းတမ်းရိုင်းပျလျှင် သားသမီးများလည်း ရိုင်းပျကြမ်းတမ်း၏။ မိဘ၏ တန်ဖိုးထားမှုကို သားသမီးများကလည်း တန်ဖိုးထား ကြ၏။ ရိုးသားခြင်း၊ ကောက်ကျစ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ သစ္စာရှိခြင်းများအားလုံး သားသမီးများက မိဘထံမှ ရယူခဲ့ခြင်းသာ ဖြစ် သည်။ အတုမြင် အတတ်သင်ခြင်းမျှသာ။
x x x
မိသားစု Unit များ စု ပေါင်းထားရာ လူအဖွဲ့အစည်းတစ် ခု၌ အကျင့်စာရိတ္တ ပျက်စီးမှု၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု၊ အနိုင်ကျင့်မှု၊ ကြမ်းကြုတ်မှုများ နှစ်ပေါင်းများစွာ သန္ဓေတည်လာသည်ဆိုလျှင် ထိုလူ့အဖွဲ့အစည်း၏ ဖခင်တိုင်း၊ မိခင်တိုင်း၊ ထိုလူ့အဖွဲ့အစည်းကို ဦးစီးသူ၌ တာဝန် လုံးဝရှိသည်ဟု အသေအချာ ဆိုရပါတော့မည်။
x x x
သားသမီးသည် အနီးစပ်ဆုံးနေ မိဘကို အတုယူသကဲ့သို့ ပြည်သူသည် သူတို့နှင့် အနီးစပ်ဆုံးနေ တာဝန်ရှိသူ အုပ်ချုပ်သူကို အတု ခိုး၏။ ထိုမှတစ်ဆင့် အပေါ် သို့တက်ကာ ထိပ်ဆုံးမှ တာဝန်ရှိသူသည် ထိုလုပ်ငန်းယန္တရားကြီးကို မောင်းနှင်သူဖြစ်သည်ကို ထင်း ထင်းကြီး တွေ့ရတော့သည်။
x x x
မိသားစု Unit ၏ မိခင်၊ ဖခင်သည် တာဝန်ရှိသကဲ့သို့ လူ့အဖွဲ့အစည်းကြီးတစ်ခု၏ ထိပ်ဆုံး မှနေသူလည်း တာဝန်ရှိ၏။ သူသည် ခလုတ်ပေါင်းများစွာကို နှိပ် ၍ ထိုအုပ်ချုပ်မှု ယန္တရားကြီးကို မောင်းနှင်နေသူ ဖြစ်သည်။ သူ နှိပ်သည့် ခလုတ်များကား ရက်စက်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘ ကြီးမှု၊ ဘဝင်မြင့်မှုများသာ ဖြစ်သည်။ ပုံစံတူ ခလုတ်များကို ဆင့်ကဲ ဆင့်ကဲ သုံးခဲ့ကြ၏။
x x x
လူ့အဖွဲ့အစည်းကြီးတစ် ခု၏ ယန္တရားကြီးသည် နှစ်ပေါင်းများစွာ မညီမျှသော ပုံစံမကျသောစနစ်နှင့် လည်ပတ်နေခဲ့သည် ဆိုပါလျှင် ကာလတစ်ခု၌ အသံပေါင်းစုံ ထွက်လာတော့မည်။ ပတ်ဝန်းကျင်ရှိ လူများက နားမခံနိုင်သည့် အသံကြောင့် ဝေးဝေးမှသာ နေခဲ့ ကြသည်။ အပေါင်းအသင်းပင် မလုပ်ကြတော့ပေ။
x x x
ပုံပန်းသဏ္ဌာန် ပျက်နေသော စက်ယန္တရားကြီး။ ထိုဘဝ ရောက်သွားရခြင်းသည် တာဝန်ယူ မောင်းနှင်နေသူက အခြားသူများ ကို လက်ညှိုးထိုးကာ အပြစ်တင်၏။ သားသမီး မကောင်း၊ မိဘ ခေါင်း၊ ပြည်သူမကောင်း အုပ်ချုပ်သူခေါင်း ဆိုသည့် စကားရှိသည် ဟု သာ ပြောရတော့မည်။ တစ်ဦးတည်း တစ်ယောက်တည်းမဟုတ်။ အုပ်ချုပ်မှုတွင် တာဝန်အသီးသီး ယူထားသူတို့ အားလုံး၏ တာဝန် စစ်စစ် ဖြစ်၏။
x x x
မိဘ တာဝန်မကျေပွန်လျှင် မိသားစုတစ်ခုလုံး ပျက်စီးရသည်။ လူ့အဖွဲ့အစည်း၌ ခေါင်း ဆောင် စီမံခန့်ခွဲသူ တာဝန်မကျေပွန်လျှင် လူ့အဖွဲ့အစည်းတစ်ခုလုံး ကမောက်ကမ ဖြစ်ရကုန်၏။ လူ ပေါင်းသန်းနှင့်ချီ၍ ဒုက္ခရောက်ရ သည့် ဖြစ်ရပ်ကို မိမိတို့သည် တာ ဝန်မရှိဟု ဆိုရမည်လား ...။
x x x
ထိုလူ့အဖွဲ့အစည်းရှိ လူ အားလုံး၌ တာဝန်ရှိသည် ဆိုရမည် ဖြစ်၏။ ဘယ်သူမပြု၊ မိမိမှု မဟုတ်ပါလား။ မီးကျိုး မောင်းပျက်စက် ယန္တရားကြီးကို မဖြစ်မနေ တွန်း ပေးခဲ့ရာတွင် အဘယ်သူတို့ ပါဝင် ခဲ့ပါသနည်း။ မိမိပါလျှင် မိမိလည်း အပြစ်ရှိပါ၏။

 ( zaygwet )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူ့အဖွဲ့အစည်း၌ အပြစ်ရှိသူ ”

Post a Comment

Related Posts Plugin for WordPress, Blogger...