Tuesday, August 15, 2017

မြန်မာပြည်သူတို့ ဆင်းရဲမွဲတေစေသည့် အကြောင်းတရား

,
၁၉၈၈ခုနှစ်မှစ၍ မြန်မာပြည်သူအများစုက ဒီမိုကရေစီစနစ်သည်သာ ပြည်သူအားလုံးအား ဆင်းရဲမွဲတေမှု တွင်းနက်ထဲမှ ကယ်တင်နိုင်မည်ဖြစ်သောကြောင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဒီမိုကရေစီ၏ အဓိကရန်သူများဖြစ်ကြသော စစ်အာဏာရှင်များက မိမိတို့၏ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးအတွက် ဦးစွာပထမ ပေါင်ချိန်ရုပ်ရှင်၊ ထို့နောက်ဓမ္မာရုံ၊ ၎င်းမှတစ်ဖန် ဖေါင်ကြီးသင်တန်း၊ ဖွဲ့စည်းပုံရေးဆွဲခြင်းစသည်ဖြင့် အမျိုးမျိုးသော အကြောင်းပြချက်များ အသုံးပြုလျက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများစွာတို့အား မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

 ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူကိုအနိုင်ကျင့်ခဲ့သော စွမ်းအားရှင်များ အာဏာရလာပြီးနောက် ၉၆၉ နှင့်မဘသတို့ကို စနစ်တကျဖန်တီးခဲ့ပြီး "ပြည်သူကို ပြည်သူနှင့် နှိမ်နင်းစေ"ဟူသော မူဝါဒအတိုင်း လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုများနှင့် အကြမ်းဖက်မှုများ ပျံ့နှံ့စေလျက် ဒီမိုကရေစီအနှစ်သာရကို သတိမရအောင် ဝါဒ ဖြန့်စေဆော်ခဲ့သည်။

 ထိုသို့ဖြင့် ၂၀၁၂မှစ၍ တစ်နိုင်ငံလုံး၌ အကြမ်းဖက်မှုများ တစ်ခုပြီးတစ်ခုဖန်တီးစေလျက် မြန်မာပြည်သူတို့ ပို၍ ဆင်းရဲမွဲတေအောင် ကြံစည်ဆောင်ရွက်ပြီး တစ်ချိန်တည်းမှာ စစ်အာဏာရှင်များ၊ ခရိုနီများ၏ ကြွယ်ဝချမ်းသာမှုများ ဆထက်တိုးပွားလာအောင် အကွက်ဆင်ခဲ့သည်။

 ဆရာကြီးဦးကိုနီက ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အုပ်ချုပ်ခဲ့သော ၁၃နှစ်တာကာလအတွင်း မြန်မာက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံသည်သာ ပြည်သူတို့အား ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဖွဲ့စည်းပုံ မရှိမဖြစ်ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ဖူးသည်။

အမုန်းတရားဟောသူများအား ရှိခိုးကန်တော့ကြသည့် ဒီမိုကရေစီရန်သူကြီးများက ဒီမိုကရေစီ ဖွဲ့စည်းပုံပေါ်လာမည်ကို စိုးရိမ်၍ ဦးကိုနီအားအကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ ပြည်သူအားလုံးဆင်းရဲမွဲတေသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ဆရာကြီးဦးကိုနီက အသက်ပေးတိုက်ပွဲဝင်ခဲ့သည့်အတိုင်း ပြည်သူအားလုံးကလည်း ဒီမိုကရေစီဖွဲ့စည်းပုံအတွက် တိုက်ပွဲဝင်ချိန်တန်ပါပြီ။

 အရပ်သားအစိုးရ တက်လာသော်လည်း ပြည်သူတို့ဆင်းရဲမွဲတေမှုဒဏ်ကို ဆက်လက်ခံနေရခြင်းသည် စစ်အာဏာရှင်များ၏ ဖက်ဆစ်ဖွဲ့စည်းပုံကြောင့်သာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ရန်ပြုနေသော စစ်ခေါင်းဆောင်များသည်ပင် နိုင်ငံတော်၏အချုပ်အခြာကို အန္တရာယ်ပြုနေပြီး မိမိတို့၏အကျိုးစီးပွားအတွက် ပြည်သူအများစုကို ဆင်းရဲမွဲတေမှုတွင်းနက်ထဲသို့ တွန်းပို့နေခြင်းဖြစ်သည်။

အောင်အောင် - စစ်တွေ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာပြည်သူတို့ ဆင်းရဲမွဲတေစေသည့် အကြောင်းတရား”

Post a Comment

Related Posts Plugin for WordPress, Blogger...