Saturday, August 19, 2017

ဒေါ်အောင်ဆန်းစုကြည်အားလက်ထပ်ခွင့်တောင်းနိုင်သည်ဟု ရေးသားခဲ့သည့် ငါးမင်းဆွေကို မန္တလေးတွင် အမှုဖွင့် ၊ အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်တရားစွဲမည်ဟု ငါးမင်းဆွေပြော

,
မန္တလေး ၂၀၁၆ သြဂုတ် ၁၅
မြေးချစ်ညို

ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်သည့်မြန်မာအမျိုးသားများအနေဖြင့် လက်ထပ်ခွင့် တောင်းနိုင်ကြောင်း ရေးသားခဲ့သည့် ငါးမင်းဆွေအား ပုဒ်မ ၆၆(ဃ) အမှုဖွင့်ခဲ့ခြင်းမှာ ၎င်း၏သဘောဆန္ဒတစ်ခုတည်းဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဆွေအား အမှုဖွင့်တိုင်းတန်းခဲ့သည့် ဒေါ်ဇာဇာထွန်းက Friday Times သို့ ပြောကြားသည်။

`` အရင်တုန်းကတည်းက ကျမသူ့ကို ဒါတွေကို မလုပ်ဖို့ ကောင်းကောင်းမွန်မွန် ပြောခဲ့တယ် ၊ ပုံတွေကိုလည်း Photoshop တွေဆိုတာပြောတယ် ၊ မရတော့ block လုပ်ထားလိုက်တယ် ၊ ခု ကျွန်မမိတ်ဆွေတစ်ယောက်က သူရေးထားတာတွေကို Screen Shoot နဲ့တင်ထားတာတွေ့တော့ ဒီလူကို အမှုဖွင့်မှရတော့မယ်ဆိုပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်´´ ဟု ဒေါ်ဇာဇာထွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံရှိ အိမ်ထောင်မရှိသူအမျိုးသားများအနေဖြင့် လွတ်လပ်စွာ လက်ထပ်ခွင့် တောင်းနိုင်ကြောင်းကို ငါးမင်းဆွေအမည်ဖြင့် ဖွင့်လှစ်ရေးသားနေသည့် facebook page တွင် ရေးသားဖော်ပြထားမှုအပေါ် ဒေါ်ဇာဇာထွန်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

`` ကျွန်မက ဘယ်အဖွဲ့နဲ့မှ မပတ်သက်ဘူး ၊ ကိုယ့်သဘောဆန္ဒတစ်ခုတည်းနဲု့လုပ်တာဖြစ်တယ်´´ ဟု ဒေါ်ဇာဇာထွန်းက Friday Times ၏ ဆက်သွယ်မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

ငါးမင်းဆွေအမည်ဖြင့်ဖွင့်လှစ်ထားသည့် ယင်း facebook page တွင် ၎င်းအား အမှုဖွင့်သောသူအနေဖြင့် ရန်ကုန်တွင်သာအမှုဖွင့်စေလိုကြောင်း သြဂုတ်လ ၁၃ရက်နေ့  နေ့လည် ၁၂နာရီက ရေးသားထားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတဟောင်းအိုဘားမား မြန်မာပြည်ကိုလာရောက်စဉ်အကြိမ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပွေ့ဖက်နမ်းရှုံ့နေသည့်ပုံများသည် မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေကြောင်း ထိုစဉ်က ၎င်းအနေဖြင့် နားလည်ခွင့်လွှတ်ပေးခဲ့ကြောင်း ယခုအခါတွင်လည်း လွတ်လပ်သည့် မြန်မာအမျိုးသားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လက်ထပ်ခွင့်တောင်းနိုင်သည်ဟု ရေးသားချင်းသည် ယဉ်ကျေးကြောင်း ဦးမင်းဆွေက Friday Times သို့ပြောကြားသည်။

`` ငါ့ကိုယူရမယ်လို့ အတင်းပြောတာမှ မဟုတ်တာ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ တရားစွဲတဲ့သူက ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က ယူဆရင် မြန်မာအမျိုးသားတွေကို အသိအမှတ်မပြုတဲ့အပြင် ချောင်ထိုးထားရာလည်းရောက်ပါတယ်´´ ဟု ဦးမင်းဆွေက ပြောကြားသည်။

ဦးမင်းဆွေက ဒေါ်ဇာဇာထွန်းအနေဖြင့် ၎င်းအားအမှုဖွင့်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိရှိလိမ့်မည်ဟု ယူဆကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စအား ကာယကံရှင်က ခွင့်မပြုပဲ တရားစွဲသည်မှာ မဖြစ်နိုင်ကြောင်း ၊ ယဉ်ကျေးစွာလက်ထပ်ခွင့်တောင်းသည့်ကိစ္စအား ဂုဏ်သိက္ခာကျစေသည်ဟုထင်မြင်ပြီး မိမိအား အမှုဖွင့်တိုင်တန်းခြင်းမှာ မိမိ၏ဂုဏ်သိက္ခာကိုလည်းကျဆင်းစေကြောင်း ပြောကြားခဲ့သည်။

`` ဒီ NLD တွေလုပ်တာ နဲနဲတော့လွန်လာပြီ အရင်တုန်းကလည်း ဧရာဝတီတိုင်း မြန်အောင်မှာတုန်းက လူလည် ခေါင်မှာ ကျွန်တော့ပုဆိုးကိုဆွဲချွတ်တယ် ၊ အတွင်းခံဝတ်တဲ့အကျင့်မရှိတော့ လူအားလုံးမြင်ကုန်တယ် ၊ ခုလည်း ကျနော်က ရိုးရိုးသားသားလက်ထပ်ခွင့်တောင်းလို့ရတယ်ရေးတာကို ပြန်တရားစွဲတယ် ဆိုပြီး တိုင် တာ ဟာ ကျွန်တော့်ဂုဏ်သိက္ခာကိုကျဆင်းစေတယ်´´ ဟု ဦးမင်းဆွေကပြောကြားသည်။

ငါးမင်းဆွေအမည်ဖြင့် ရေးသားလွှင့်တင်နေသည့် facebook page သည် ၎င်းကိုယ်တိုင် အသုံးပြုနေခြင်း ဖြစ်ကြောင်း ဦးမင်းဆွေက ပြောကြားပြီး စိတ်တူကိုယ်တူရှေ့နေတွေ့ပါက အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်လည်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရသိရှိရသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည်အားလက်ထပ်ခွင့်တောင်းနိုင်သည်ဟု ရေးသားခဲ့သည့် ငါးမင်းဆွေကို မန္တလေးတွင် အမှုဖွင့် ၊ အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်တရားစွဲမည်ဟု ငါးမင်းဆွေပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...