Wednesday, September 13, 2017

ဒေါက်တာဇာနည်ပြောတဲ့ သီတဂူရဲ့ မိန့်ခွန်းအကြောင်း

,
ဒေါက်တာရှင်ဥာဏိသရက မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ချက်များစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆရာတော်ကြီးဟာ သမိုင်းကြောင်းကို အသိမဲ့စွာ ပြောဆိုခဲ့တယ်လို့ ပညာရှင်အများစုက ဝေဖန်ထောက်ပြကြပါတယ်။ အနှစ်လေးဆယ်ကြာ ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးဆိုတာက အစ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာကွယ်ပျောက်ရတာ မွတ်စစ်တပ်ကြီးက တိုက်ခိုက်ဖျက်ဆီးလို့ ဆိုတာအဆုံး သမိုင်းကို လိုရာဆွဲ ယော်ရမ်းမှန်းဆပြောဆိုချက်တွေက လက်ဖျားခါလောက်ပါတယ်။

သီတဂူရဲ့ ဟောပြောချက်ကို ဝေဖန်ထောက်ပြကြတဲ့အထဲမှာ လန်ဒန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာဇာနည်လည်းပါဝင်ပါတယ်။

ဒေါက်တာမောင်ဇာနည်ကတော့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး သီတဂူအရှင်ဥာဏိသရဟာ မြန်မာနဲ့ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့ ပဋိပက္ခတွေအကြောင်းကို အလွန် ဗဟုသုတခေါင်းပါးတဲ့ ပညာမဲ့တဲ့ လူမျိုးစွဲစရိုက်ဆန်ဆန် မိန့်ခွန်းကို ပြောဆိုသွားပါတယ်လို့ ဆိုပါတယ်။

ဒေါက်တာဇာနည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သီတဂူဆရာတော်အကြောင်းကို အခုလို ရေးသားပါတယ်။

“ရှင်ဥာဏိသရဟာ အမေရိကန်နိုင်ငံမှ ဘာသာရေးလွတ်လပ်ခွင့်အထူးကိုယ်စားလှယ်တွေ အလည်အပတ်ရောက်ရှိချိန်မှာ ဘာသာတရားတွေရဲ့ သမိုင်းကြောင်း၊ ကိုလိုနီခေတ်မတိုင်မီ အိန္ဒိယပြည်အခြေအနေ၊ ကိုလိုနီခေတ်မှာ ပြောင်းရွှေ့အခြေချလာသူတွေ၊ ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ မုဂျာဟိဒင်လှုပ်ရှားမှု၊ ရိုဟင်ဂျာကိစ္စနဲ့ စစ်အာဏာရှင်လက်ထပ် လူမျိုးရေးပဋိပက္ခအကြောင်း စတာတွေကို မိတ်ဆက်ပြောကြား သွားပါတယ်။

ဥပမာအားဖြင့် လူမျိုးရေးအစွန်းရောက်ပြီး ဗဟုသုတခေါင်းပါးပေမယ့် ထင်ပေါ်ကျော်ကြားပြီး လေးစားမှုအခံရဆုံးဖြစ်တဲ့ ရှင်ဥာဏိသရရဲ့ အိန္ဒိယပြည်က မွတ်စလင်တွေအကြောင်း ဟောပြာချက်နဲ့ သည်းခံနိုင်တဲ့ အလယ်အလတ်ကျတဲ့ အိန္ဒိယမွတ်စလင်တွေရဲ့ အမြော်အမြင်ကြီးမားတဲ့ အစ္စလာမ့်စည်းမျဉ်းဥပဒေတွေအကြောင်း အိန္ဒိယသုတေသီ အမာတယာဆင်းရဲ့ ထဲထဲဝင်ဝင်သုတေသနပြုချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။” လို့ ဒေါက်တာဇာနည်က သမိုင်းအထောက်အထားကွဲလွဲနေတာကို ထောက်ပြသွားပါတယ်။

ဆက်လက်ပြီး ဒေါက်တာဇာနည်က – “ နောက်ထပ် သီတဂူရဲ့ သတိမမူ ဂူမမြင်ဘဲ အသိမဲ့စွာပြောဆိုလိုက်တဲ့ ထင်ရှားတဲ့ အချက်ကတော့ ဖိလစ်ပိုင်တောင်ပိုင်းကိစ္စဆွေးနွေးချက်ပဲ ဖြစ်ပါတယ်။ မွတ်စလင်တွေရဲ့ မူလဌာနေကျွန်းကို ခရစ်ယာန်တွေသိမ်းပိုက်ခဲ့တဲ့ နှစ် ၄၀၀ သမိုင်းကို နားလည်မှုမရှိဘဲ ပြောဆိုခဲ့တယ်။ အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ကိစ္စမှာ လည်း မလေးရှားလူမျိုး ဆူလတန်တွေရဲ့ သမိုင်း၊ ဗြိတိသျှနဲ့ စီယာမ်(ထိုင်း)ဘုရင်တွေအကြားမှာရှိတဲ့ ကိုလိုနီခေတ်သမိုင်းကြောင်းတွေကိုမှ နားလည်မှုမရှိဘဲ ပြောဆိုတာပဲ ဖြစ်တယ်။

ရှင်ဥာဏိသရဟာ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင် ဘင်လာဒင်အဖြစ်ကြွေးကြော်တဲ့ အမုန်းတရားဖြန့်ချိသူ ၀ီရသူရဲ့ ဆရာလည်းဟုတ်သလို ၀ီရသူကို အကာအကွယ်ပေးသူ တစ်ဦးလည်းဖြစ်တယ်။ ၀ီရသူဟာ ၂၀၀၂ ခုနှစ် မန္တလေးမှာပြုလုပ်ခဲ့တဲ့ သံဃာအစည်းအဝေးမှာ “မွတ်စလင်တွေကို စားစရာ မရှိအောင်လုပ်ပြမယ်၊ နေစရာမရှိအောင် လုပ်ပြမယ်”လို့ ကြေညာခဲ့သူလည်းဖြစ်တယ်။

စိတ်ပျက်စရာကောင်းတာကတော့ ဒီနေ့ အွန်လိုင်းသမားအများစုက သူ့ရဲ့ မိန့်ခွန်းကို သောင်းသောင်းဖျဖျ အားပေးထောက်ခံခဲ့ကြတာပါပဲ။ (သီတဂူ မိန့်ခွန်း ပို့စ်ရဲ့အောက်က ကွန့်မန့်တွေကို ကြည့်နိုင်ပါတယ်)” လို့ သီတဂူပြောတိုင်း မျက်စိမှိတ်ထောက်ခံအားပေးကြတဲ့ အွန်လိုင်းသုံးစွဲသူတွေကို ရည်ညွှန်းရေးသားပါတယ်။

ဆက်လက်ပြီး သီတဂူဆရာတော်ရဲ့ ရိုဟင်ဂျာအကြောင်းပြောဆိုချက်ကို မူရင်းစာသားကောက်နုတ်ဖော်ပြပြီး ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတဲ့ အကြောင်းကိုတော့ ထိန်ချန်ထားတယ်လို့ ထောက်ပြပါတယ်။

သီတဂူဆရာတော်က “ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။

အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒါကို ဒေါက်တာဇာနည်က “သီတဂူရဲ့ မုဂျာဟိဒင်လှုပ်ရှားမှုအကြောင်း လိုရာဆွဲ ပြောဆိုမှုနဲ့ ၁၉၅၀ ၀န်းကျင်မှာ မွတ်စလင်ခွဲထွက်ရေးလှုပ်ရှားဖြစ်ပေါ် လာတဲ့အချိန် ဘာသာရေးလွတ်လပ်ခွင့်နဲ့ တရားမျှတမှုအကြောင်း ၀န်ကြီးချုပ်ဦးနုပြောဆိုခဲ့သမျှတွေရယ်၊ နောက် ၁၉၆၀ ခုနှစ်မှာ ဗမာ့တပ်မတော်ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်အောင်ကြီးရဲ့ မိန့်ခွန်းတွေကို ပြန်လည် ချိန်ဆနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။” လို့ ဝေဖန်သုံးသပ်သွားပါတယ်။

Source : Muang Zarni ‘s Facebook

https://m.facebook.com/story.php?story_fbid=1842640306048624&id=100009080160478

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါက်တာဇာနည်ပြောတဲ့ သီတဂူရဲ့ မိန့်ခွန်းအကြောင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...