Thursday, September 21, 2017

ကြက်ခြေနီလှုပ်ရှားမှုဖြင့်ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်စဉ် လူစုလူဝေးဖြင့် ဟန့်တားခံရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေအနေ ထိန်းသိမ်းထားနိုင်၊ လူစုကွဲသွားပြီ ဖြစ်

,
စက်တင်ဘာ ၂၀၊၂၀၁၇

မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီ ထောက်ပံ့ ရန် ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်စဉ် လူစုလူဝေးဖြင့် ဟန့်တားခြင်း ခံရပြီးနောက် ရန်လိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူစုလူဝေး ဖြိုခွဲနည်းဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရာ လက်ရှိအချိန်တွင် အခြေအနေ ထိန်းထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောဒေသ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီ လှုပ်ရှားမှုဖြင့် ကူညီ ထောက်ပံ့ရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေး တာဝန်ခံ ဦးနိုင်လင်းဝေသည် ယနေ့ မွန်းလွဲ၂နာရီတွင် စစ်တွေမြို့ကယ်ဆယ်ရေး ဆတ်ရိုး ကျကယ်ဆယ်ရေးအကွက်(၁) ဘူးသီးတောင်စက်လှေဆိပ်ရှိ  ဦးရွှေဦးမောင်နှင်သည့် သော်တာဝင်းစက်လှေအား ဌားရမ်းပြီး ဆိုလာမီးအိမ်(၇၇၄)ခု၊ အမျိုးသမီးသန့်စင်ရေးသုံး (၁၃၀၀)၊ အ၀တ်အစား(၆၄၀၇၁)ထည်၊စောင်(၁၃၃၁)ထည်၊ တာပေါ်လင်(၁၂၄၀)၊ ရေပုံး (၁၄၉၄)လုံး၊ ခြင်ထောင်အလုံး(၃၀၀၀)နှင့်မီးဖိုချောင်သုံးပစ္စည်းအထုပ်(၃၀၀) ခန့်မှန်းတန်ချိန် (၅၀)တို့ကို တင်ဆောင်ခဲ့ကြောင်း။

ယင်းသို့တင်ဆောင်နေစဉ် လူ၂ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ကြည့်ရှုကြကြောင်း၊ အလုပ်သမားများက ICRC ပစ္စည်းများဟု ဖြေကြားခဲ့ကြောင်း။

သို့သော် ညနေ ၅နာရီတွင် လူ၅၀ဦးခန့် ရောက်ရှိလာပြီး လူစုလူဝေးဖြင့် ပစ္စည်းများကို ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တား ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ရန် ညှိနှိုင်းခဲ့သော်လည်း စက်လှေ မမောင်းရဲသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေစဉ် ည ၈ နာရီအချိန်တွင် လာရောက်ကြည့်ရှုသူ အင်အား ၃၀၀ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ကြောင်း။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ယင်းလူအုပ်အား ဒိုင်းများဖြင့် တွန်းထုတ်ခြင်း၊ သံဃာတော်များက လူအုပ်စုအား ဖျန်ဖြေခြင်း၊ မီးသတ်ယာဉ်များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။

ည ၈ နာရီ ၁၅ မိနစ်တွင် လူအုပ်စုထဲမှ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း။

ယင်းအချိန်တွင် စစ်တွေမြို့ရှိ ဒေသစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တပ်မတော်သားများ အရန်အဖြစ် ထပ်မံ ရောက်ရှိ အင်အားဖြည့်တင်းပြီး လူစုခွဲခဲ့ရာ ည ၁၁ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လူအုပ်တွင်ပါဝင်သူ ၈ ဦး (စိစစ်ဆဲ) ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် လုံခြုံရေး အင်အား လုံလောက်စွာ ချထားပြီး ပြည်နယ်အစိုးရက ဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)

https://m.facebook.com/story.php?story_fbid=804183553088086&id=639456206227489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကြက်ခြေနီလှုပ်ရှားမှုဖြင့်ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်စဉ် လူစုလူဝေးဖြင့် ဟန့်တားခံရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေအနေ ထိန်းသိမ်းထားနိုင်၊ လူစုကွဲသွားပြီ ဖြစ်”

Post a Comment

Related Posts Plugin for WordPress, Blogger...