Wednesday, September 20, 2017

မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်( ချိုတူးဇော်)

,
မြန်မာ့စွယ်စုံကျမ်းပါ အချက်အလက်အရ
၁၉၆၄ ခုနှစ်မှာ မေယုခရိုင်ရဲ့ ၇၅% ရှိခဲ့တဲ့ မွတ်စလင်တွေဟာ
ဒီကနေ့လူဦးရေအတိုင်းဖြစ်နေတာ အဲဒီမွေးဖွားနှုန်းအရ အံ့သြစရာ မဟုတ်ဘူး။
ကိုလိုနီခေတ်မှ ဝင်လာလာ၊ သူတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာရယူစဉ် ကျနော်တို့နိုင်ငံသားတွေ အနေနဲ့ တပါတည်း ပါလာတဲ့သူတွေ ဆိုတာ ငြင်းမရဘူး။

ဇွတ်ငြင်းနေတာက 'ခိုးဝင်' ဆိုတဲ့ စကားလုံးပါ။

သေချာတာက ၇၀ ကျော်နှောင်းပိုင်းတွေက စ ပြီး၊ ဘယ်သူမှ ခိုးဝင်စရာ အကြောင်း မရှိဘူး ဆိုတာပါပဲ။
၇၀ လောက်ထိ ခိုးဝင်ခဲ့တယ် ထားဦး။ ခု နှစ်ပေါင်း ၄၀ နီးနေပြီ။ ခုမှ ခိုးဝင် ထအော်လို့ ရမလား။ ဒေါ်နယ်လ်ထရမ့်ပ် ကျနေတာပဲ။
ကိုယ့်ခေါင်းဆောင်ကို အဲသလို တန်းမျိုး ညှိစေချင်သလားလေ။

ဝင်လာပြီး ဘယ်မှ သွားမရ၊ ပြုမရ၊ စာသင်မရ၊ ဆေးကုမရတဲ့ နေရာ ဘာကိစ္စ တကူးတက ခိုးပြီးတောင် ဝင်လာမလဲ။
ထောင် လို နေရာဗျာ။ လောကမှာ ထောင်ဖေါက်ပြေးတယ်သာ ရှိတယ်၊ ခင်ဗျားတို့လုပ်မှ ထောင်ဖေါက်ဝင်တယ် လို့ ပြောင်းသုံးရမလိုပါပဲ။

နောက် တချိန်က မူဂျာဟစ်သူပုန်ထခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ခုပစ္စက္ခ ဒီလောက်ချိနဲ့နေတဲ့ လူမျိုး သူပုန်ထ စရာ အင်အားရှိပါ့မလား ချင့်ချိန်ပါဦး။

ခု အဖြူရောင်အဖွဲ့က ဘိုဘိုတယောက် သွားလာရင်း ဗီဒီယိုတွေတင်၊ ဓါတ်ပုံတွေတင်၊ နိုင်ငံတကာ မီဒီယာက သတင်းတွေတင်သမျှ မြင်ရသမျှ အကုန်စုတ်တီးစုတ်ဖတ် ချိနဲ့နဲ့တွေ ချည်းပဲ။

ဘိုဘိုအင်တာဗျူးမေးတော့ ဖြေတဲ့ မွတ်စလင်အဖိုးအိုဟာ လေသံကကို အကြောက်တရားနဲ့။ မိန်းမနှစ်ယောက် သားသမီးဆယ်ယောက်၊ မိသားစု ဆယ့်လေးယောက်၊ အလုပ်မရှိဘူး တဲ့။
အင်းးးး။
ဘာဝင်ငွေ၊ ဘာ အသိပညာ၊ ဘာ ကျန်းမာရေးအသိ၊ ဘာ ဘတ်သ်ကွန်ထရိုး မှ မရှိ။
ဒီလူတွေ ဒီလို အခြေစိုက်သွားအောင် ခင်ဗျားတို့ပဲ လုပ်ခဲ့ကြတာ။

၈၂ နိုင်ငံသားဥပဒေနဲ့ ဖိနှိပ်ပိတ်ဆို့ပြီး ထားခဲ့ကြတာ။
ဘာနဲ့တူသလဲ ဆိုတော့ စာမတတ်တဲ့ မိဘက သားသမီးကို ဖိနှိပ်သလိုပဲ။

ဘင်္ဂလီဝန်ကြီးချုပ် က ညည်းတာ အမှန်ပဲ။
ဒါ သူတို့နိုင်ငံသားတွေပါ ဘာလို့ အဲသလောက်ရက်စက်ကြလဲ မသိဘူး တဲ့။

ခု မြန်မာတွေ အကြောင်းပြချက် က ရုပ်မတူလို့၊ ဘင်္ဂလီနဲ့ တူလို့။
ဘာသာစကား မပြောတတ်လို့၊ ဘင်္ဂလီနဲ့ကျတော့ တူလို့။
ရှမ်းပြည်က ရှမ်းတွေ အားလုံး ထိုင်းနဲ့ လူမျိုးအုပ်စု၊ ဘာသာစကား တူတာ သိပါလေစ။
ခင်ဗျားတို့ လုပ်ပုံက ရှမ်းအားလုံး ထိုင်း သွားနေခိုင်း ရမလိုလို။
ကချင်၊ လီဆူ၊ ရဝမ်၊ စ တဲ့ မြောက်ပိုင်းတိုင်းရင်းသားတွေအားလုံးဟာ တရုတ်မျိုးနွယ်စုတွေ ဆိုတာကိုကော သိကြပါလေစ။

ခု ကျနော်တို့ ဖြစ်နေတာက တရုတ်မှာလဲ တချို့တဝက်နေကြတဲ့ တရုတ်နွယ် ကချင်၊ လီဆူ၊ ရဝမ် စသဖြင့် လူမျိုးစုတွေကိုကျ တိုင်းရင်းသားလို့ သတ်မှတ်၊ ထိုင်းမှာလဲ နေတဲ့ ထိုင်းနွယ် ထိုင်းအုပ်စု ရှမ်းတွေကိုကျ တိုင်းရင်းသား သတ်မှတ်၊ အိန္ဒိယမှာလဲ နေ၊ အိန္ဒိယ လူမျိုးစုထဲ မှာလဲ ပါတဲ့ နာဂတွေ၊ ချင်းတွေကိုကျ တိုင်းရင်းသားအဖြစ် သတ်မှတ်၊ ဘင်္ဂလီနွယ် ဘင်္ဂလားဒေ့ရှ်မှာလဲ ရှိတဲ့
ဒီလူမျိုးတွေကျမှ တိုင်းရင်းသားအနေနဲ့ သတ်မှတ်ဖို့  ငြင်းဆန်နေကြတာ ဖြစ်နေတယ်။
ထားပါတော့ တိုင်းရင်းသား မသတ်မှတ်ချင်လည်း နိုင်ငံသားတောင် အသိအမှတ် မပြုချင်ကြဘူး။

အမေရိကန်မှာ အာဖရိကန်တွေကို ငတို့နဲ့ ရုပ်ဆင်းလဲ မတူ၊ အကျင့်စရိုက်လဲ မတူ လို့ မောင်းထုတ်လို့ ရပါ့မလား။
သူတို့ပဲ ကျွန်ဇာတ်သွင်း ခေါ်သွင်းခဲ့တာ မဟုတ်လား။
အာဖရိကန်အမေရိကန် ဆိုပြီး လက်ခံရတာပဲ မဟုတ်လား။

သူတို့ဟာ ဘင်္ဂလီနွယ်တွေ ဆိုတာ ငြင်းစရာမဟုတ်ဘူး။
သူတို့ဟာ မြန်မာတိုင်းရင်းသားအုပ်စုတွေနဲ့ မတူဘူး။ ဒါပေမဲ့ သူတို့ကို ကျနော်တို့ကမှ နိုင်ငံသား အနေနဲ့ လက်မခံရင် ကျနော်တို့ထက် ရက်စက်တဲ့ လူမျိုး ရှိမှာ မဟုတ်တော့ဘူး။
ခွေးကလေး ကြောင်ကလေးပေါက်လာတာကို ဂုံနီအိတ်ထဲထည့် လွှင့်ပစ်တာမျိုးတောင် ရက်စက်တယ် ယူဆရင်၊ ဒါ လူတွေ ပါ။

ရိုဟင်ဂျာ နာမည်က ငြိစွန်းရင်၊ မုန်းဝန်းမြန်မာ ခေါ်ပြီး လက်ခံသလို၊ "မေယုမြန်မာ" အနေနဲ့ လက်ခံဖို့ စဉ်းစားစေချင်ပါတယ်။

ရွှေဘိုနယ်မှာတောင် ပေါ်တူဂီဆက်တွေ ရွာတည်နေကြတာပဲ။

ချိုတူးဇော်

https://m.facebook.com/story.php?story_fbid=1291439614315526&id=100003484995268

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်( ချိုတူးဇော်)”

Post a Comment

Related Posts Plugin for WordPress, Blogger...