Friday, September 29, 2017

အောင်ဝင်းခိုင် လူ့လောကတွင် မရှိတော့ ကြောင်း အင်းစိန်(ကို) အောင်စိုး သုံးသပ်

,
အောင်ဝင်းခိုင် လူ့လောကတွင် မရှိတော့ ကြောင်း အင်းစိန်(ကို) အောင်စိုး သုံးသပ်
Posted: September 29, 2017
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုတွင် အဓိကအရေးပါသည့် တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် အင်းစိန်(ကို)အောင်စိုးက အောင်ဝင်းခိုင် လူ့လောကတွင် မရှိတော့ကြောင်း ၂၆ ကြိမ်မြောက် ရုံးချိန်အပြီးတွင် သတင်းမီဒီယာများကို သုံးသပ်ပြောကြားလိုက်သည်။



`ကျွန်တော်က ပညာတတ်လည်းမဟုတ်ဘူးလေ။ လူဆိုးဘ၀က လာတဲ့ကောင်ဆိုတော့ ကျွန်တော်တို့ အတွေးအမြင်အရ ပြောမယ်ဆိုရင် အောင်ဝင်းခိုင် ကျွန်တော် အထင်တော့ မရှိလောက်တော့ ဘူးလို့ ထင်တယ်။ ရှင်းပြစ်လိုက်ပြီလို့ ကျွန်တော်ယူဆတယ်။ ကျွန်တော့် တစ်ယောက်ထဲ အတွေးအမြင်ပေါ့။ ကျွန်တော်သာ သူ့အထက်က လူဆို ရင် သူ့ကြောင့် ခေါင်းနောက်မခံတော့ဘူး။ ကျွန်တော် ရှင်းထုတ်ပြစ် လိုက်တော့မယ်´ ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၌ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံသည့် အမှု ၂၆ ကြိမ်မြောက် ရုံးချိန်တွင် တရားလို သက်သေအဖြစ် အင်းစိန်(ကို)အောင်စိုး အား ကြားနာစစ်ဆေးခဲ့သည်။
ကြားနာစစ်ဆေးအပြီးတွင် စစ်ဆေးဖြေကြားခဲ့မှုများနှင့် ပတ်သတ်ပြီး သတင်းထောက်များက ၀ိုင်းဝန်မေးမြန်းရာတွင် သတင်းထောက် တစ်ဦး၏ အောင်ဝင်းခိုင် နှင့်ပတ်သတ်ပြီး ဘာများ ပြောချင်ပါလဲဆိုသည့် မေးခွန်းကို အင်းစိန်(ကို) အောင်စိုးက အထက်ပါအတိုင်း သုံးသပ်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အင်းစိန်(ကို) အောင်စိုးသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခဲ့ပြီးသည့် နောက်တွင် Myanmar Now အယ်ဒီတာ ကိုဆွေဝင်းနှင့် ဆက်သွယ်ကာ လုပ်ကြံမှုတွင် ပါဝင်သော အောင်ဝင်းဇော်သည် ၄င်းနှင့်အတူ မန္တလေး အိုးဘိုထောင်တွင် အတူအကျဉ်းကျခံရဖူးသူ ဖြစ်ကြောင်း၊ ဦးကိုနီ လုပ်ကြံသတ်ဖြတ် မခံရမီလပိုင်း အလိုတွင် အောင်ဝင်းခိုင်သည် သူထံသို့ ရောက်လာကာ နိုင်ငံခြား သံတမန်တစ်ဦးကို လုပ်ကြံသတ်ရန် ငှားရမ်း ဖူးသည့် အကြောင်းများကို သတင်းမီဒီယာများကို ဖွင့်ချခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ယနေ့ ကြားနာစစ်ဆေးမှုတွင် အင်စိန်(ကို) အောင်စိုးသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု၏ ကွင်းဆက် တရားခံအား ဖေါ်ထုတ်ပေးသည့် တရားလိုပြ သက်သေတစ်ဦး အနေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် လာရောက် ထွက်ဆိုခြင်း ဖြစ်သည်။ တရားရုံးတွင် ၄င်းထွက်ဆိုခဲ့မှုများကို သတင်းမီဒီယာများကို ယခုကဲ့သို့ ပြောကြားသည်။
`ဒီနေ့ တရားရုံးမှာ အောင်ဝင်းဇော်နဲ့ အတူ ထောင်ထဲမှာနေခဲ့တဲ့ ကိစ္စ၊ လာငှားတဲ့ ကိစ္စ လာငှားလို့ အလုပ်မဖြစ်ဘဲ ပြန်သွားတယ်၊ ခုနစ်လကျော်ကြာတဲ့ အခါမှာ ကြည်လင်းက လူသတ်မှုဖြစ်တယ်။ ဖြစ်ပြီးနောက်ပိုင်းမှာ ဖေ့စ်ဘွတ်ပေါ်မှာ ကြည်လင်းပုံတွေ ပြီးတော့ ဆက်စပ်စဉ်စားတဲ့ အခါမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော် မန္တလေး ထောင်မှာ အတူနေခဲ့တယ်။ စားအိုးတွဲတွေ ဖြစ်တယ်။ အတူနေထိုင်တဲ့ သူတွေဖြစ်တယ်။ သူငယ်ချင်း အရင်းတွေဖြစ်တဲ့ အတွက် ကျွန်တော် တွေးမိသလောက် ကတော့ ကျွန်တော့်ကို ငှားလို့မရလို့ အောင်ဝင်းဇော်က ကြည်လင်းကို ငှားတယ်လို့ ကျွန်တော် အတွေးအထင်နဲ့ ကိုဆွေဝင်းနဲ့ ပူးပေါင်းပြီးတော့ တစ်နိုင်ငံလုံးသိအောင် သတင်းဖြန့်လိုက်တယ်။ ကျွန်တော် အတွေးတွေ မမှားဘူးဆိုတာလည်း လက်ရှိအချိန်မှာ အားလုံးသိနေတာပဲ´ ဟု ၄င်းက ပြောကြားသည်။
ယနေ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၂၆ ကြိမမြောက် ရုံးချိန်တွင် အင်းစိန်(ကို) ကိုအောင်စိုး အပါအ၀င် တရားလိုပြ သက်သေ လေးဦးကို ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ရဲနောင်

The Ladies News

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အောင်ဝင်းခိုင် လူ့လောကတွင် မရှိတော့ ကြောင်း အင်းစိန်(ကို) အောင်စိုး သုံးသပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...