Friday, September 15, 2017

“နိုင်ငံတစ်ခုမှာ ရွှေ့ပြောင်းအခြေချလာပြီး နိုင်ငံသားဖြစ်ခွင့်ရဖို့ဆိုတာ ”

,
ဒီဆောင်းပါးဟာ နိုင်ငံအတွင်းက တိုင်းရင်းသားများ ၊ မွေးရာပါနိုင်ငံသားဖြစ်သူများ၊ တရား ၀င်နိုင်ငံသား အဖြစ် ခံယူရပြီးသူများကို မရည်ညွှန်းပါဘူး ။ နိုင်ငံအတွင်းကို ရွှေ့ပြောင်းအခြေချလာပြီး နိုင်ငံသားဖြစ်ဖို့ အား ထုတ်နေကြသူတွေကိုသာရည်ညွှန်းပါတယ် ။ ပြီးတော့ အဲဒီလိုလူတွေကို နိုင်ငံသား အဖြစ်သတ်မှတ် ပေးဖို့ အ တွက် ဥပဒေများ  ၊ အဲဒီဥပဒေတွေကို အတည်ပြုပြဌာန်းပေးကြရသူများ ၊ လွှတ်တော်များမှ တာဝန်ရှိသူများ နဲ့ ရွှေ့ပြောင်းအခြေချလာသူတွေကို  ဥပဒေတွေနဲ့ အညီအညွတ် နိုင်ငံသားအဖြစ်စိစစ်အတည်ပြုပေးကြရမဲ့ တာ ၀န်ကို ထမ်းဆောင်နေကြရတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများကိုသာရည်ညွှန်းပါတယ် ။

ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ ရွှေ့ပြောင်းအခြေချသူ( immigrant )တွေရှိကြပါတယ်။အဲဒီအထဲမှာမှ အမေရိကန်ပြည်ထောင်စုဟာ ရွှေ့ပြောင်းအခြေချသူတို့ရဲ့ အိမ်လို့တောင်ပြောလို့ရပါတယ် ။ အကြောင်း ကတော့ အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့တဲ့ ဖခင် ဂျော့ဝါရှင်တန်တို့လိုပုဂ္ဂိုလ်တွေတောင်မှ ရေသစ် မြေသစ်ရှာ ရွှေ့ပြောင်းအခြေချလာသူတို့ရဲ့မျိုးဆက်တွေဖြစ်နေခဲ့လို့ပါ ။ သူ့ရဲ့ ဘေးဖြစ်သူ ဂျွန်ဝါရှင်တ န်ဟာ  ၁၆၅၆ ခုနှစ်မှာ အင်္ဂလန်ကနေ ဗာဂျီးနီးယား (အမေရိက) ကို အခြေချပြောင်း ရွှေ့လာခဲ့ သူပါ ။

အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ပြီးတဲ့နောက် နှစ်ပေါင်း၂၀၀နီးပါးကာလအတွင်းမှာ ကမ္ဘာအနှံ့ ကလူတွေ အထူးသဖြင့် ဥရောပတိုက်သားတွေဟာ အမေရိကန်ကို ရွှေ့ပြောင်းအခြေချလာခဲ့ကြပါတယ် ။ အဲဒီ ခေတ်အခါကာလက အမေရိကကို သွားလာတဲ့ခရီးဟာ ရေလမ်းခရီးတစ်ခုသာရှိပါသေးတယ် ။ ရွှေ့ပြောင်း လာကြသူတွေဟာ အတ္တလန်တစ်သမုဒ္ဒရာကြီးကို ဖြတ်သန်းပြီး အမေရိကန်ပြည်ထောင်စု ကိုဝင်ပေါက်တစ်ခု ဖြစ်တဲ့ နယူးယောက်ကိုရောက်လာကြပါတယ် ။ ရွှေရောင်တ၀င်းဝင်းနဲ့သပ္ပါယ်လှစွာ ထီးထီးမားမားတည်နေတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မြင်လိုက်ရရင် မြန်မာပြည်ကိုရောက်ပြီလို့သိကြ ကြည်နူးကြရသလိုပါပဲ ။ နယူးယောက်ပင်လယ်ကွေ့ကိုဝင်လိုက်လို့ လေဘာတီရုပ်တုကိုလှမ်းပြီးမြင်လိုက်ကြပြီဆိုရင်ဖြင့် ဒီလူတွေရင်ထဲ မှာ ကမ္ဘာသစ်ကိုရောက်ပြီ ၊ ရေကြည်မြက်နုရာမှာ အခြေချရတော့မယ်လို့ ပျော်ရွှင်ကြည်နူး ၀မ်းသာကြမှာ တော့ ဖြင့် အသေအချာပါပဲ ။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက သူတို့ကို တံခါးမရှိ ဓားမရှိလက်ခံလိုက်တာမဟုတ်ပါဘူး ။  သင်္ဘောကြိုးချည်ဆိုက်ကပ်တာနဲ့ အ၀တ်သေတ္တာဆွဲခုန်ချခဲ့ကြလို့မရပါဘူး ။ သူတို့ကိုသယ်ဆောင်လာတဲ့ ရွက်လှေများ ၊ မီးသင်္ဘောများဟာ လစ်ဘာတီကျွန်းကလေးကိုကွေ့လွန်ပြီးတာနဲ့ နောက်ထပ်ကျွန်း ငယ်တစ်ခု ဖြစ်တဲ့ အဲလစ်ကျွန်းမှာဝင်ရောက်ဆိုက်ကပ်ပါတယ် ။ သင်္ဘောသားတွေကလွဲလို့ ခရီးသည်အား လုံးဟာ ဒီကျွန်း မှာဆင်းကြရပါတယ် ။

 အမေရိကန်ပြည်ထောင်စု နယူးယောက်ပင်လယ်ကွေ့အတွင်းမှာတည်ရှိတဲ့ အဲလစ်ကျွန်းဟာ ၁၈၉၂ ခုနှစ်ကနေ ၁၉၅၄ ခုနှစ်အထိ နှစ်ပေါင်း ၆၀ကျော်ကာလမှာ ရွှေ့ပြောင်းအခြေချလာသူ ၁၂ သန်းကျော်တို့ ကို အမေရိကန်ပြည်ထောင်စုကို ၀င်ရောက် အခြေချခွင့်ပြုခဲ့တဲ့ တံခါးပေါက်ဖြစ်ခဲ့ပါတယ် ။ အဲဒီအချိန်ကာလမှာ အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို စိစစ်လက်ခံတဲ့ စခန်းတွေထဲမှာ အဲ လစ်ကျွန်းဟာဖြင့် အလုပ်အများဆုံး စခန်းတစ်ခုပါ ။ အခုတော့ ဖြင့် အဲဒီသမိုင်းဝင် အဲလစ်ကျွန်းကို လူဝင်မှုကြီး ကြပ်ရေး လက်အောက်ကနေ ပန်းဥယျာဉ်နှင့် ပြတိုက်များဌာန လက်အောက်ကိုလွှဲပြောင်းခဲ့ပြီး သမိုင်းဝင် ပြတို က်အဖြစ်ပြောင်းလဲထားခဲ့တာ ၁၉၉၀ ခုနှစ်ကတည်းကပါပဲ ။

အဲဒီလို ၁၉၀၀ ပြည့်နှစ်မတိုင်ခင်ကတည်းက အမေရိကန်ပြည်ထောင်စုကို နိုင်ငံတကာကနေ ရွှေ့ပြောင်း အခြေချဝင် ရောက်လာသူတွေအလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့ကြတာ ၁၉၀၅ခုနှစ်ကနေ ၁၉၁၄ ခုနှစ်အ တွင်းမှာ တော့ နှစ်စဉ်ပျမ်းမျှလူတစ်သန်းကျော် ဒီကျွန်းကလေးကိုဖြတ်သန်းဝင်ရောက်လာခဲ့ကြပါတယ် ။ ဒီကနေ့ အမေရိ ကန် ပြည်ထောင်စုရဲ့ လူဦးရေသုံးပုံတစ်ပုံကျော်လောက်ဟာ အဲဒီ ရွှေ့ပြောင်း အခြေချသူတွေကနေ ဆင်းသက် ပေါက်ပွားလာတဲ့ ဆင်းသက်ပေါက်ပွားလာသူတွေပဲ ဖြစ်ကြပါတယ် ။

အဲဒီကာလတွေမှာ နေ့စဉ်နေ့တိုင်း ရွေ့ပြောင်းအခြေချလာသူ လူ ၅၀၀၀လောက်ဟာ အမေရိကန်ပြည် ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရှေ့မှာ ရပ်ပြီး သူတို့ ဘယ်နိုင်ငံ ၊ ဘယ်ဒေသ ၊ ဘယ်မြို့ရွာက လာခဲ့ကြသလဲ ၊ ဘာကြောင့် အမေရိကန်ပြည်ထောင်စု မှာ အခြေချနေထိုင်ချင်တာလဲ စတဲ့အချက်တွေကို အစစ်အဆေး အမေးအမြန်းခံကြရပါတယ် ၊ ရာဇ၀တ်မှုတွေ ကျူးလွန်ပြီး တိမ်းရှောင်လာသူတွေမဟုတ်ကြောင်း သက်သေအခိုင်အလုံပြကြရပါတယ် ။ အဲလစ်ကျွန်းပေါ်က စုံစမ်း စစ်မေးတဲ့အခန်းတွေမှာ စုံစမ်းစစ်မေးတဲ့ အရာရှိ တွေရှေ့မှာ အချိန်နှစ်နာရီကနေ တစ်ခါတစ်ရံမှာ ငါးနာရီ လောက်အထိ ကြာမြင့်အောင် သူတို့ရဲ့ အမည် ၊ မျိုးရိုး ၊ အလုပ်အကိုင် ၊ သူတို့နဲ့အတူယူဆောင်လာတဲ့ ငွေကြေး ပမာဏ စတဲ့မေးခွန်းတွေအပါအ၀င် မေးခွန်းပေါင်း ၃၀ ခန့်ကို ဖြေကြားရပါတယ် ။

အမေရိကကို ရွှေ့ပြောင်းလာသူတွေအတွက် အရေးအကြီးဆုံးကတော့ သူတို့တွေဟာ သူတို့ဘ၀ကို  သူတို့ ထူထောင်နိုင်စွမ်းရှိကြောင်း နဲ့ သူတို့မှာ ဘ၀ကိုစတင်ဖို့ လုံလောက်တဲ့ ငွေကြေးပါလာကြောင်းကို အခိုင်အမာ သက်သေပြနိုင်ဖို့ပါပဲ ။ အဲဒီအချိန်ကာလက ရွှေ့ပြောင်း တစ်ဦး ချင်းဟာ အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ ထက်မ လျော့တဲ့ ငွေပမာဏကို တင်ပြနိုင်ဖို့လိုအပ်ပါတယ် ။ အဲဒါမှသာလျှင် စုံစမ်းစစ်ဆေးနေတဲ့ အမေရိ ကန်လူဝင်မှု ကြီးကြပ်ရေးက လက်ခံပြီး ကျန်အချက်တွေကို ဆက်လက်စစ်မေးမှာဖြစ်ပါတယ် ။ ဒီအချက်မှာရှုံးနိမ့်ရင် တော့ လာလမ်း ကိုပြန်မျှော်ကြရတာပါပဲ ။  ၁၉၁၅ ခုနှစ်စာရင်းဇယားများအရ  တစ်ပေါင်အလေးချိန်ရှိတဲ့ ပေါင်မုန့်တစ်လုံးကို ၀.၀၇ ဒေါ်လာ ၊ ထောပတ်တစ်ပေါင်ကို ၀.၃၆ ဒေါ်လာ ၊ ကြက်ဥ တစ်ဒါဇင်ကို ၀.၃၄ ဒေါ်လာ ၊ ကော်ဖီမှုန့်တစ်ပေါင်က ၀.၃၀ ဒေါ်လာ ဖြစ်ပြီးတော့ အာလူး ဆယ်ပေါင်ကို ၀.၁၅ ဒေါ်လာ ဖြစ်ပါတယ် ။ တစ်ဒေါ်လာနဲ့ ပေါင်မုန့် ၁၄လုံး ၀ယ်နိုင်တယ် ။ တစ်ဒေါ်လာနဲ့ ထောပတ် ၃ပေါင်ဝယ်နိုင်တယ် ။ တစ်ဒေါ်လာနဲ့ ကြက်ဥ ၃၇လုံးဝယ်နိုင်တယ် ။ ငွေတစ်ဒေါ်လာနဲ့ အာလူး ၆၅ ပေါင်ဝယ်နိုင်တယ်ဆိုတာကို သိရင် ၁၈ ဒေါ်လာဆိုတဲ့ငွေကြးပမာဏဟာ ဘယ်လောက်တန်ကြေးရှိတဲ့ငွေ ပမာဏလည်း ဆိုတာ သိနိုင်ပါလိမ့်မယ် ။

 အဲဒီအထွေထွေစုံစမ်းစစ်ဆေးမှုကို အောင်မြင်ကျော်လွန်ပြီးရင် နောက်တစ်ဆင့်မှာ ကျန်းမာရေး စစ်ဆေး ခံကြရပါတယ် ။ ကျန်းမာရေးစစ်ဆေးမှုမအောင်မြင်တဲ့သူတွေဟာ ချက်ခြင်းပဲ သင်္ဘောပေါ်တင်ပြီး အိမ်ပြန်အပို့ ခံရ မယ် သို့တည်းမဟုတ် အဲဒီကျွန်းပေါ်က ဆေးရုံမှာ လပေါင်းများစွာထားပြီး ကုသမှုခံယူရမှာဖြစ်ပါတယ် ။ အဲဒီမှာ ကုသ ရင်း သေဆုံးသွားခဲ့ရသူတွေရှိသလို ၊ နာတာရှည်ရောဂါရှိသူတွေ  ၊ ကူးစက်ရောဂါစွဲကပ်နေကြပြီး ကုသမှုမအောင် မြင်လို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်မရရှိဘဲ   ပြန်လည် နှင်ထုတ်ခြင်းခံရသူတွေလည်းများစွာရှိခဲ့ပါတယ် ။ အဲဒီအပြင် ရာဇ၀တ်မှုကျူးလွန်တိမ်းရှောင်လာသူတွေ  ၊ လူဆိုးလူမိုက် ရာဇ၀င်ရှိသူတွေ ကိုလည်း  လက်မခံ ဘဲပြန်လ ည်နှင်ထုတ်တာတွေရှိပါတယ် ။ အဲဒီလူတွေကိုတော့ ဒီကျွန်းက အကျဉ်းထောင်ခန်းမှာ ထိမ်းသိမ်းထား (Detention) ပြီးမှ  ပြန်လည်နှင်ထုတ်ခြင်း (deportation)ကိုပြုလုပ်ပါတယ် ။

  အဲဒီလိုဖြစ်ရပ်တွေကြောင့် အဲလစ်ကျွန်းကို တစ်ချိန်က မျက်ရည်စက်လက်ကျွန်း (The Island of Tears) လို့ခေါ် ခဲ့ကြပါတယ် ။ နောက်နာမည်တစ်ခုကတော့ ရင်ကွဲကျွန်း (Heartbreak Island)  ဆိုတဲ့အမည်ပါ ။ ပင်လယ်သမုဒ္ဒရာခရီး ကို မိုင်ထောင်သောင်းချီဖြတ်သန်းလာပြီးမှ အမေရိက ကုန်းမြေပေါ်ခြေချခွင့် မရဘဲ ပြန်လည် နှင်ထုတ်ခြင်းခံရသူတွေဟာ ဒီကျွန်းပေါ်မှာ မျက်ရည်စက်လက်ကျ ငိုကြွေးကြရ ၊ ရင်ကွဲပက်လက်နဲ့ ပြန်လည်ထွက်ခွာ သွားခဲ့ကြရလို့ပါပဲ ။

 ဒီကနေ့ခေတ်မှာလဲ အမေရိကန်ကို ၀င်ရောက်အခြေချလာသူတွေဟာ နိုင်ငံသားအဖြစ်ကို အလွယ်တကူရ ခဲ့ကြတာ မဟုတ်ပါဘူး  ။ အမေရိကန်အမိအဖတစ်ပါးပါးကမွေးဖွားသူမဟုတ်ခဲ့ရင် သို့မဟုတ် အမေရိကန် နိုင်ငံ အတွင်းမှာ မွေးဖွားသူမဟုတ်ရင် အမေရိကန်နိုင်ငံသားခံယူပြီး နိုင်ငံသားဖြစ်ခွင့်ရဖို့ လျောက်ထား ရမှာဖြစ်ပါတယ် ။ အဲဒီလို လျှောက်ထားရာမှာ မဖြစ်မနေ ပြည့်စုံရမဲ့ လိုအပ်ချက်တွေကတော့ ပထမအချက် အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီး သူဖြစ်ရပါမယ် ။ ဒါကတော့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် အသက်အရွယ်ကို ကန့်သတ်ထားတာပါ ။

ဒုတိယအနေနဲ့ကတော့ နိုင်ငံသားလျှောက်ထားသူဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ သတ်မှတ်အ ချိန်ကာလ အတိုင်း အတာတစ်ခုအထိ “တရားဝင်နေထိုင်သူ” ဖြစ်ရပါမယ် ။ ဥပမာအားဖြင့် အမေရိကန်ပြည် ထောင်စု မှာတရားဝင် နေထိုင်ခွင့်  အစိမ်ရောင်ကဒ်ပြားကိုင်ဆောင်ထားသူများဟာ အနည်းဆုံးငါးနှစ် နေထိုင်သက်တမ်းရှိပြီးမှ သာ နိုင်ငံ သား ခံယူခွင့်လျောက်ထားနိုင်မှာဖြစ်ပါတယ် ။ အကယ်၍ အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်ထိမ်းမြားထား သူ ဖြစ်မယ်ဆိုရင်တော့ သုံးနှစ်ကြာကာလနေထိုင်ပြီးတဲ့နောက်မှာ နိုင်ငံသားအဖြစ် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ် ။ ဒုက္ခ သည်အဖြစ် အမေရိကန်ပြည်ထောင်စုမှ ခိုလှုံခွင့်ရထားသူတွေဟာ လေးနှစ်တာကာလ နေထိုင်ပြီး မှသာ အမေရိ ကန်နိုင်ငံသားလျှောက်ထားနိုင်တယ် ဆိုတဲ့ကန့်သတ်ချက်တွေရှိပါတယ် ။ အဲဒီတော့ အမေရိကန်နိုင်ငံသား ခံယူဖို့ အတွက် ကာလသက်တမ်းတစ်ခုပြည့်အောင် “တရားဝင်နေထိုင်ခွင့်ရသူ” ဖြစ်ရမယ် ။  “တရားဝင်နေထိုင်ခွင့်ရသူ” မဟုတ်ခဲ့ရင် နိုင်ငံသားဖြစ်ခွင့်ကို ဘယ်လိုမှ မရနိုင်ဘူး ဆိုတာကို အထင်အရှား တွေ့မြင်ကြရမှာပါ ။

နောက် တတိယ အချက်ကတော့ နိုင်ငံသားဖြစ်လိုသူဟာ ကိုယ်ကျင့် စာရိတ္တကောင်းရပါလိမ့်မယ်။ အမေရိ ကန်နိုင်ငံအတွင်းမှာနေထိုင်နေတဲ့ကာလအတွင်း  ရာဇ၀တ်မှုများမှာ မပါဝင်မပတ်သက်ဖို့နဲ့ အဲဒီ ပြစ်မှု တွေနဲ့ အရေး ယူ အပြစ်ပေးမခံရဖို့လိုအပ်ပါတယ် ။ အဲဒီလိုဖြစ်ခဲ့ ရင်တော့ အမေရိကန်နိုင်ငံသားအဖြစ်က တသက်တာ ပိတ်ပင်ငြင်း ပယ်ခြင်းကိုခံရမှာဖြစ်ပါတယ် ။ ဒီအချက်ကိုကြည့်ရင် “နိုင်ငံတစ်ခုဟာ ကိုယ့်နိုင်ငံအတွင်း ဆူပူခြင်း ၊ အကြမ်းဖက်ခြင်း ၊ ရာဇ၀တ်မှုများမှာပါဝင်ပတ်သက်သူ များကို နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခွင့်ရှိတယ်” ဆိုတာ မြင်နိုင်ပါတယ် ။

စတုတ္ထအချက်ကတော့  ဘာသာစကားတတ်မြောက်မှုပါ ။ အမေရိကန်နိုင်ငံသားဖြစ်လိုသူတွေဟာ ပတ်ဝန်း ကျင် လူ့အသိုင်းအ၀ိုင်းနဲ့ စကားပြောဆိုဆက်သွယ်ရာမှာ အဆင်ပြေပြေ ဆက်ဆံနိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှာ သုံးစွဲ ပြောဆိုနေကြတဲ့ အင်္ဂလိပ်စာ အရေး ၊ အဖတ် ၊ အပြောကို ကောင်းစွာတတ်မြောက်ရပါလိမ့်မယ် ဆိုတဲ့ ကန့် သတ်ချက်ဖြစ်ပါတယ် ။ အမေရိ ကန်ပြည်ထောင်စုအတွင်းမှာ တရားဝင်နှစ် ပေါင်းများစွာနေထိုင်လာ ပြီးဖြစ်တဲ့ သက်ကြီး ပိုင်း အရွယ်များမှအပ ကျန်သူများဟာ ဒီလိုအပ်ချက်ကိုပြည့်စုံရပါလိမ့်မယ် ။ ဘာသာစကား ကျွမ်းကျင်မှု ကို နိုင်ငံသားခံယူဖို့ လူတွေ့ မးမြန်းရာမှာ စမ်းသပ်စစ်မေးမှာဖြစ်ပါတယ် ။ အဲဒီအဆင့်မှာ ကျရှုံးတဲ့သူဟာ အမေရိ ကန်နိုင်ငံသားအဖြစ်ကို မရနိုင်ပါဘူး ။ နိုင်ငံတစ်ခုရဲ့ တိုင်းရင်းသားမဟုတ်သူ ၊ မွေးရာပါနိုင်ငံသား မဟုတ်သူတွေဟာ တရားဝင်နေထိုင်သူအဖြစ်ကနေ နိုင်ငံသားဖြစ်လိုမှုလျှောက်ထားမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ တရားဝင်ရုံးသုံး အများသုံး ဘာသာ စကားကို မဖြစ်မနေပြောတတ်ရပါလိမ့်မယ် ။

ပဉ္စမ အချက်ကတော့  ရွှေ့ပြောင်းအခြေချလာသူတွေဟာ အမေရိကန်နိုင်ငံသားတို့ ကျင့်သုံး လိုက်နာအပ်တဲ့ ကျင့်ဝတ်များ  ၊  အမေရိကန် အစိုးရအကြောင်း နဲ့ အမေရိကန်ရဲ့သမိုင်းကြောင်းတို့ကို နား လည်ထား ရမှာဖြစ်ပါတယ် ။ အဲဒီအချက်တွေကိုလည်း နိုင်ငံသားခံယူဖို့ လူတွေ့စစ်မေးတဲ့အခါမှာ ထည့်သွင်း မေး မြန်း ခြင်းကို ခံယူ ရမှာဖြစ်ပါတယ် ။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်လိုသူတွေဟာ အဲဒီနိုင်ငံရဲ့ အလံတော်ကို အရိုအသေပြုဖို့ ၊ နိုင်ငံ တော် သီချင်းကို (အစအဆုံးမရရင်တောင်မှ) အလေးအမြတ်ပြုဖို့လိုအပ်တယ် ။  အဲဒီနိုင်ငံရဲ့ယဉ်ကျေးမှုထုံးတမ်း ဓလေ့များ နဲ့ သမိုင်းကြောင်းတို့ကို နားလည် အောင်ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ် ။ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ Stars and Strikes အလံတော်ကို အလေးမပြုတဲ့ ဘယ်သူ့ကိုမှ နိုင်ငံသားဖြစ်ခွင့်မပြုပါဘူး ။

ဆဌမ အချက်ကတော့ အမေရိကကို ရွှေ့ပြောင်းအခြေချလာသူတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကောင်းစွာနားလည်လက်ခံကြောင်း ကတိသစ္စာပြုရမှာ ဖြစ်ပါတယ် ။ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နိုင်ငံသား အဖြစ် လက်မခံပါဘူး ။ ဒီအချက်အရ ရွှေ့ပြောင်းအခြေချလာသူတစ်ယောက်ဟာ နိုင်ငံတော်ရဲ့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို နား လည်လက်ခံကြောင်း ကတိသစ္စာမပြုဘဲနဲ့ နိုင်ငံသားဖြစ်ခွင့်မရနိုင်ဘူးဆိုတာ ရှင်းရှင်းလင်း လင်းသိနိုင်ကြ ပါလိမ့်မယ် ။  

နယူးယောက်မြို့တော် လစ်ဘာတီကျွန်းပေါ်က လစ်ဘာတီရုပ်တုကို သွားရောက်ကြည့်ရှု လေ့လာပြီး အပြန်မှာ စာရေးသူတို့စီးသွားခဲ့တဲ့ Miss Liberty ဖယ်ရီသင်္ဘောဟာ အဲလစ်ကျွန်းမှာဝင်ရောက်ဆိုက်ကပ်ခဲ့ပါတယ် ။ ကျွန်းပေါ်က ပြတိုက်အဖြစ်အသွင်ပြောင်းထားပြီဖြစ်တဲ့ Immigration Inspect အဆောက်အအုံတွေကိုကြည့်ရင်း  အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့ ဒီကျွန်း ဒီစခန်းမှာ တသီတတန်းကြီး တန်းစီပြီး လျှောက်ထားနေကြသူတွေကို စိတ်အာရုံမှာ မြင်လာမိပါတယ် ။ ကိုယ့်မွေးဇာတိမဟုတ်တဲ့နိုင်ငံတစ်ခုကို ရွှေ့ပြောင်းအခြေချလာပြီး အဲဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ရဖို့ဆိုတာ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရဘူး ။ တရားဝင် နေထိုင်ခွင့်နဲ့ နေထိုင်သူ  ၊ နိုင်ငံရဲ့ ဥပဒေ စည်ကမ်းတွေကို လေးစားလိုက်နာသူ ။ လူ့အသိုင်းအ၀ိုင်းရဲ့ စည်းမျဉ်းစည်းကမ်း ထုံးတမ်းဓလေ့တွေနဲ့ အညီအညွတ် နေထိုင်သူ ။ ကိုယ်ခိုမှီနေတဲ့  နိုင်ငံအပေါ်မှာ သစ္စာစောင့်သိသူတွေသာလျှင် နိုင်ငံသားဖြစ်ခွင့်ရနိုင်မယ် ။ အဲဒီလိုမှ မဟုတ်ရင် အမိနိုင်ငံဟာ သာလယံဇရပ်ဖြစ်သွားလိမ့်မယ် လို့   အဲလစ်ကျွန်းကလေးက ပြောပြနေသလို ကြား ယောင်လာမိပါတယ် ။
အပ္ပမာဒေန - သမ္မာဒေထ ပါဗျာ ။     ။

ထင်လင်းဦး (Wisdom Villa)


https://m.facebook.com/story.php?story_fbid=280402902459248&id=100014686211921

0 ယောက်မှတ်ချက်ပြုခဲ့သည် to ““နိုင်ငံတစ်ခုမှာ ရွှေ့ပြောင်းအခြေချလာပြီး နိုင်ငံသားဖြစ်ခွင့်ရဖို့ဆိုတာ ””

Post a Comment

Related Posts Plugin for WordPress, Blogger...