Sunday, October 29, 2017

ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဌ အား အကြမ်းဖက်သူများကို ကူညီမှုဖြင့် ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

,
By The Ladies News

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်သမားများကို လက်နက်ခဲယမ်းနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်ဟူသော စွဲချက်များဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာရ အမာဝီလိဂ်ပါတီမှ ဥပဒေပြုအမတ်ဟောင်းတစ်ဦး၏ အစ်ကိုဖြစ်သူကို ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Rapid Action Battalion တပ်ဖွဲ့ဝင်များသည် ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ထင်ရှားသော ဗုဒ္ဓဘာသာဝင်ဥက္ကဌ အသက် ၆၇ နှစ်အရွယ် ဦးဦးချစ်မောင်ကို လွန်ခဲ့သည့် သီတင်းပတ်တွင် ဒါကာမြို့ရှိ နိုင်ငံတကာလေဆိပ်၌ မြန်မာနိုင်ငံသို့ ထွက်ခွာခါနီးဆဲဆဲတွင် ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒါကာလေဆိပ်ရဲတပ်ဖွဲ့ အရာရှိအကြီးအကဲ နူအာဇမ် မီယာက "ကျွန်တော်တို့ဟာ အာရကန်အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး သူ့ကို ဖမ်းဆီးရတာ ဖြစ်ပါတယ်" ဟု လွတ်လပ်သောအာရှအသံ BenarNews သို့ ပြောကြားခဲ့သည်။ သို့သော် ၄င်းက အကြမ်းဖက်အဖွဲ့နာမည်များကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိခဲ့ ပေ။

ဦးဦးချစ်မောင်ကို စွပ်စွဲထားမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့် ၄င်းကို ဖမ်းဆီးထိန်းသိမ်း ထားနိုင်မည့် ၃ ရက်ကြာ ရမန်ကို တရားရုံးက အတည်ပြုပေးခဲ့ကြောင်း မီယာကဆိုသည်။

၎င်းက "အကြမ်းဖက်မှုတိုက်ဖျက်ရေးစွဲချက်တွေနဲ့ သူ့ကိုဖမ်းဆီးလိုက်ရတာဖြစ်ပါတယ်" ဟုဆိုကာ ပြောဆိုခဲ့ပြီး စုံစမ်းရေးမှူးများက ဦးဦးချစ်မောင်သည် ရခိုင်စစ်သွေးကြွများကို လက်နက်နှင့် ငွေကြေးထောက်ပံ့ခဲ့သည်ဟု ယုံကြည်သည်ဟုဆိုသည်။

၎င်းက "သူ့လက်ပ်တော့ထဲမှာ ဦးဦးချစ်မောင်နဲ့ သူ့ဇနီးတို့ လက်နက်တွေ ကိုင်ဆောင်ထားတာကို ပြနေတဲ့ ဓါတ်ပုံတွေရှိနေခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။ ဦးဦးချစ်မောင်၏ ညီမ ဒေါ်အေးသိမ်းရခိုင်က ၄င်း၏ အစ်ကိုအပေါ်စွဲဆိုထားသည့် စွပ်စွဲချက်များကို ငြင်းဆိုသွားခဲ့သည်။
အာဏာရ အဝါမီလိဂ်ပါတီမှာ ဥပဒေပြုအမတ်ဟောင်း ဒေါ်အေးသိန်းရခိုင်က "သူဟာ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်ခုလုံးအတွက် အလုပ်လုပ်နေတာပါ၊ သူဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေတာပါ" ဟု အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ဦးဦးချစ်မောင်၏ ဇနီးဖြစ်သူ ဒေါ်စောမြရာဇာလင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်လာခဲ့သည့် ထင်ရှားသော သူပုန်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ကြောင်း ၄င်း၏ မိသားစုဝင် တစ်ဦးက BenarNews သတင်းဌာနကို ပြောကြားခဲ့သည်။ ဒေါ်စောမြရာဇာလင်းသည် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများ အဖွဲ့တစ်ခုကို ဦးဆောင်နေပြီး ရခိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင်တည်ထောင်ခဲ့သော ALP ပါတီသည် အိန္ဒိယနယ်စပ်တွင် ရုံးစိုက်ပြီး မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကျောထောက်နောက်ခံပေးထားသည့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး အဖွဲ့၏ အဆိုအရ သိရသည်။

ALP ပါတီကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၅ ရက်တွင်မြန်မာအစိုးရနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင် ရခိုင်လွတ်မြောက်ရေး တပ်မတော်ဖြင့် ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ ALP ပါတီသည် မကြာသေးမီနှစ်များအတွင် ရိုဟင်ဂျာဆန့်ကျင်ရေးကို လုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေး အရာရှိတစ်ဦး၏ ဗုဒ္ဓဟူးနေ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

ဘာသာပြန်ဆိုသူ - မစ်ကီ

ဓါတ်ပုံ - ဖမ်းဆီခံရသော ဦးဦးချစ်မောင်၏ ဇနီး ဒေါ်စောမြရာဇာလင်း

(တဂ်တွဲထား၍ အဆင်မပြေသူများး
အသိမပေးပဲ တဂ်ဖြုတ်လိုက်(Remove Tag)
နိုင်ပါတယ်။)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဌ အား အကြမ်းဖက်သူများကို ကူညီမှုဖြင့် ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး”

Post a Comment

Related Posts Plugin for WordPress, Blogger...