Wednesday, October 25, 2017

စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံဆုတောင်းပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်လည်တောင်းပန်ရန်စီစဉ်နေကြောင်း စဥ့်ကိုင် NLD ကိုယ်စားလှယ်ပြော

,
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား၌ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကို ထိုင်ခုံဖြင့် ထိုင်ခိုင်းပြီး ကိုရင်ကလေးများအား အောက်တွင်နေရာချထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီးနောက် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်ရသည့်အပေါ် ရှင်းလင်းတောင်းပန်ရန် စီစဉ်လျက်ရှိကြောင်း စဥ့်ကိုင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက News Watch သို့ ပြောသည်။

အဆိုပါ ဓာတ်ပုံသည် အခမ်းအနားမစတင်မီက မိနစ်အနည်းငယ်က ဖြစ်စဉ်သာဖြစ်ပြီး ဆုတောင်းပွဲလာရောက်သူအချို့က ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီပုံရိပ်ကျဆင်းစေရန် ဘာသာရေးကိုခုတုံးလုပ်၍ ထိုးနှက်နေသူများလည်းရှိကြောင်း ၎င်းက ပြောသည်။

“ဒီဓာတ်ပုံတွေဟာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ပွဲမစခင်မှာ ဖြစ်ခဲ့တာပါ။ ပွဲမစခင်မှာ ဘယ်လင်းကျေးရွာ ရန်ကင်းကျောင်းတိုက်က ကိုရင်လေးတွေကို ဆရာတော်ကြီးက ဒူးနာနေလို့ ကိုရင်လေးတွေကို အရင်လွှတ်လိုက်တာပါ။ ပွဲစီစဉ်သူတွေကလည်း အရှေ့မှာ ရေဘူးတို့၊ ဖယောင်းတိုင်တို့ အရှေ့မှာဝေနေလို့ နည်းနည်းလစ်ဟာသွားတဲ့ သဘောပါ။ ကိုရင်လေးတွေအတွက်လည်း ထိုင်ခုံတွေ အလုံအလောက် စီစဉ်ထားပြီးသားပါ။ ဒီဓာတ်ပုံတွေကြောင့် အများပြည်သူ စိတ်ထိခိုက်ရတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ကြားရတဲ့အတွက်လည်း ဘယ်လိုပုံစံနဲ့ ပြန်လည်တောင်းပန်မယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုပွဲတွေကို လုပ်နေတဲ့အချိန်မှာ အခုလို ပွဲမစခင် မိနစ်ပိုင်းအတွင်းမှာ ဖြစ်သွားတဲ့ပုံတွေကို အသုံးပြုပြီး ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးမှာ NLD ရဲ့ ပုံရိပ်ကျဆင်းအောင်လုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်၍ ဘာသာပေါင်းစုံဆုတောင်းပွဲများကို အောက်တိုဘာ ၁၀ ရက်နေ့မှစ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသည်။

နန္ဒမျိုးဆောင်

https://m.facebook.com/story.php?story_fbid=1493126337391829&id=343551955682612

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံဆုတောင်းပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်လည်တောင်းပန်ရန်စီစဉ်နေကြောင်း စဥ့်ကိုင် NLD ကိုယ်စားလှယ်ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...