Friday, November 3, 2017

ဓမ္မန္တရာယ်ဖြစ်စေတဲ့ဟောပြောချက်

,

တကယ်တော့ ဒီတရားကို ဦးဝီရသူ ဟောတယ်ဆိုရင် ဘာမှ မထူးဆန်းပါ။

ဒါပေမဲ့ ဗုဒ္ဓတက္ကသိုလ် တည်ထောင်ပြီး သာသနာပြုနေတဲ့ ဆရာတော်တစ်ပါးက ဟောတယ်ဆိုတော့ ဘယ်လောက်ပဲ တရားစာတွေတတ်တတ် ပုထုဇဉ်ဟာ ပုထုဇဉ်ပါပဲလားလို့ပဲ တရားကျမိပါတယ်။

ရခိုင်မှာ ခိုးဝင်ဘင်္ဂါလီတွေ ခေတ်အဆက်ဆက် ကျူးကျော်ခိုးဝင် နေထိုင်လာပြီးမှ အခုတစ်လော သူတို့အသိုင်းအဝိုင်းထဲက အကြမ်းဖက်ကောင်တွေရဲ့ မိုက်ရိုင်းရမ်းကား သူပုန်ထတဲ့ လုပ်ရပ်တွေအတွက် အိမ်ရှင်ဘက်က နယ်မြေပြန်ရှင်းတော့မှ လူမျိုးတုံးသတ်နေတဲ့ ပုံစံ ဒရာမာချိုးပြီး ချမ်းသာတဲ့နိုင်ငံတွေမှာ ဒုက္ခသည်ခံခွင့်ရချင်လို့ ကိုယ့်မူရင်းနိုင်ငံဘက်ကို ပြန်ပြေးဝင်ကြတာမှာ...

နိုင်ငံတကာက မျက်နှာမွဲနိုင်ငံဆိုပြီး ဝိုင်းအနိုင်ကျင့် ဖိအားပေးပြီး ပြန်လက်ခံခိုင်းလို့ ခိုးဝင်ကို ခိုးဝင်မှန်း သိသိကြီးနဲ့ ပြန်လက်ခံရမှာကို ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသား အားလုံးနီးပါး ခံပြင်းကြပါတယ်။

သို့သော် အကြမ်းဖက်သမားတွေနဲ့ ခိုးဝင်တွေ၊ ဘက်လိုက်ပြီး ဖိအားပေးနေတဲ့ နိုင်ငံတကာက အစိုးရတွေနဲ့ မီဒီယာတွေကို ခံပြင်းတာက သတ်သတ်...

သီဟိုဠ်က ဒုဋ္ဌဂါမဏိ ဇာတ်လမ်းကို ဗန်းပြပြီး မဟုတ်မတရား မလုပ်သင့်၊ မပြောသင့်၊ မဟောသင့်၊ မြှောက်ထိုးပင့်ကော် မလုပ်သင့်တာက သတ်သတ်ဖြစ်ပါတယ်။

တကယ်တော့ ဒီဒုဋ္ဌဂါမဏိ ဇာတ်လမ်းဟာ...

လောကကြောင်းအရ ရခိုင်ကိစ္စနဲ့ ဘယ်လိုမှ လုံးချလို့ မရသလို...

ဓမ္မကြောင်းအရလည်း ဘုရားဟောနဲ့ ဆန့်ကျင်နေလို့ မှန်ကန် တရားမျှတမှု လုံးဝ မရှိပါဘူး။
.
.
.
လောကကြောင်းအရ ပြောရမယ်ဆိုရင်...

သီဟိုဠ်မှာ ဘာသာသာသနာကို ကာကွယ်တယ်ဆိုပြီး ကျေးကုလားတွေကို အစုလိုက် အပြုံလိုက် သတ်ပစ်ပြီး သာသနာ့ရန်စွယ်ကို ကာကွယ်တယ် ဆိုတာက လုပ်ချင်သလို လုပ်လို့ ကြမ်းချင်သလို ကြမ်းလို့ရတဲ့ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်ခေတ်က ဖြစ်ခဲ့တာပါ။

သမိုင်းဆိုတာ အင်အားကြီးသူ အနိုင်ရသူက ရေးတယ်ဆိုတဲ့ စကားအတိုင်း ဒီစစ်ပွဲမှာ ရှုံးတဲ့ ကျေးကုလားတွေအပေါ် အပြစ်မှန်သမျှ ပုံချပြီး တစ်ဖက်သတ်ရေးထားတာမို့ ကျွန်တော်အပါအဝင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလွန်ကို ဟောပြောလို့ ဖတ်လို့ ကြားနာလို့ ကောင်းလှတဲ့ ရာဇဝင် ဖြစ်နေတာ မဆန်းပါဘူး။

တကယ်လို့ ကျေးကုလားတွေသာ အနိုင်ရခဲ့ရင် အခုလို ဗုဒ္ဓဘာသာ အောင်ပွဲမဟုတ်ဘဲ ဒီသမိုင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားဦးမှာပါ။

အဓိက ပြောချင်တာက...

ခေတ်ကာလ ပြောင်းသွားပြီမို့လို့ ဘုရင်ခေတ်က ကမ္ဘာရဲ့ လေးပုံတစ်ပုံကို အနိုင်အထက် သိမ်းပိုက်ကျွန်ပြုပြီး ကုပ်သွေးစုပ် ချမ်းသာသွားတဲ့ ဗြိတိသျှတွေတောင် လူကြီးလူကောင်းယောင်ဆောင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို့ တကြော်ကြော်အော် အသံကောင်းဟစ်ပြနေချိန် ရောက်သွားပါပြီ။

ဘုရင်ခေတ်က ဒုဋ္ဌဂါမဏိမင်းက ကျေးကုလားတွေကို သတ်တာကို မကျေနပ်ရင်တောင် အခုခေတ်လို နိုင်ငံအချင်းချင်းကြား သဘောတူထားတဲ့ ပဋိညာဉ်ဆိုတာမျိုး မရှိလို့ အခြားနည်း အရေးယူမှုတွေ မရှိနိုင်ဘဲ...

မကျေနပ်တဲ့ နိုင်ငံက နိုင်ငံချင်း စစ်ဝင်တိုက်ပြီး ကလဲ့စားချေ တန်ပြန်တာမျိုးလောက်ပဲ ရှိနိုင်တော့ အဲဒီလို နိုင်ငံနဲ့ချီပြီး စစ်မက်ခင်းဖို့ ဆိုတာကလည်း လွယ်ကူတာ မဟုတ်တဲ့အတွက် ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးက ဘာပဲလုပ်လုပ် စစ်ပွဲမှာ သူမရှုံးနိမ့်မချင်း အပြစ်ဒဏ်ခံရဖို့ဆိုတာ ခက်ခဲပါတယ်။

အခုခေတ်မှာတော့ နိုင်ငံအချင်းချင်းကြား သဘောတူထားကြရတဲ့ ပဋိညာဉ် အမျိုးမျိုး ရှိနေတဲ့အပြင် ဒီမိုကရေစီနည်းကျ အများသဘောနဲ့ ဆုံးဖြတ်ရာ ကုလသမဂ္ဂ (ဘက်လိုက်တာ၊ မှားယွင်းဆုံးဖြတ်မှုတွေ ရှိနေတာက တစ်ပိုင်း) ဆိုတာလည်း ရှိနေတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဂုဏ်သရေရှိစွာ ရပ်တည်ချင်ရင် နိုင်ငံတကာ စံနဲ့အညီ လိုက်နာကျင့်ကြံ ပြုမူရပါမယ်။

အထူးသဖြင့် မြန်မာနိုင်ငံလို အဖက်ဖက်က အင်အားချည့်နဲ့နေတဲ့ ချုံးချုံးကျနိုင်ငံမျိုးဟာ နိုင်ငံတကာက ယေဘုယျအားဖြင့် လက်ခံထားကြတဲ့ စံတွေ သဘောတူညီချက်တွေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။

လက်ဆယ်ချောင်းမကတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကို မဝရေစာစား၊ ခြင်းကြားလွယ်ပြီး တိုက်ခဲ့ရလို့ စစ်ပန်းကျနေနှင့်ပြီးတဲ့ အခြေအနေမျိုးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကိုယ့်ဘက်က မှန်နေပါစေ ငါတကောကောပြီး လူဝါးဝလို့ မရပါဘူး။

အင်အားကြီးနိုင်ငံတွေလို နိုင်ငံမှာ ကြုံလာတဲ့ ပြဿနာတစ်ခုကို  နိုင်ငံတကာ စံတွေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ချင်သလို ချိုးဖောက်ပြီး ဖြေရှင်းချင်တယ်ဆိုရင်တော့ သူတို့လို အင်အားကြီးလာအောင် အရင်လုပ်မှပဲ ရပါမယ်။
.
.
.
တကယ်တော့ အခုလက်ရှိအချိန်မှာ နိုင်ငံတကာ ဖိအားတွေကို ဆန့်ကျင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ရောက်သွားတဲ့ ဘင်္ဂါလီတွေကို မင်းတို့က ဟိုဘက်ကလူတွေမို့ ဟိုဘက်မှာပဲ နေတော့ဆိုပြီး ပြန်လက်မခံတော့ရင် ပြီးတာပဲလို့ လူပြိန်းတွေးတွေးလိုက်တာက လွယ်ပါတယ်။

ဒါပေမဲ့ ခေတ်အဆက်ဆက် လူဝင်မှုကို သေချာ မကြီးကြပ်ခဲ့တဲ့ အပြစ်ကြောင့် ကိုယ့်ဘက်က နိုင်ငံတကာအမြင်မှာ တစ်ပန်းမက ရှုံးနေပါပြီ။

ဘာကြောင့်လဲဆိုတော့...

ဘင်္ဂလားဒေ့ရှ်ဘက်က ဒီဘင်္ဂါလီတွေဟာ သူတို့ နိုင်ငံသား မဟုတ်ဘူးလို့ ဗြောင်ငြင်းနေသလို ကာယကံရှင် ဘင်္ဂါလီတွေ ကိုယ်တိုင်ကလည်း သူတို့ဟာ မြန်မာပြည်က အနှိမ်ခံ ရိုဟင်ဂျာ တိုင်းရင်းသားတွေပါလို့ ပြောနေချိန်မှာ...

ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဖြစ်ကြောင်း သက်သေပြစရာ ကိုယ့်ဘက်မှာ ဥပဒေကြောင်းအရ ဘောင်ဝင်တဲ့ ဘာသက်သေ ဘာအထောက်အထားမှ မရှိပါဘူး။ ကိုယ့်ဘက်က ပြောနိုင်တဲ့ တစ်ခုတည်းသော အချက်က ဘင်္ဂါလီတွေဟာ ခိုးဝင်တွေဖြစ်ပြီး ရုပ်ရည်၊ ကိုးကွယ်ရာ ဘာသာ၊ ပြောဆိုတဲ့ စကား၊ ရေးသားတဲ့ စာတွေတွေအားဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေနဲ့ပဲ တူတယ်ဆိုတဲ့ အချက်ဖြစ်ပြီး အဲဒါဟာ ဥပဒေကြောင်းအရ ဘောင်မဝင်ပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒီဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံသားတွေလို့ သက်သေမပြနိုင်တာချင်း တူနေပေမဲ့...

သူတို့ ခိုးဝင်လာတုန်းက တစိမ့်စိမ့်နဲ့မို့ ကမ္ဘာက သတိမထားမိဘဲ...

လူသန်းချီ ရှိလာချိန်ကျမှ ဦးနေဝင်းလက်ထက်က တစ်ခါ၊ အခုလက်ရှိဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ တန်ပြန်နယ်မြေရှင်းမှုတွေကြောင့် တစ်ခါ မြန်မာနိုင်ငံဘက်က သိန်းချီတဲ့ လူအုပ်စုကြီး တစ်ဖက်နိုင်ငံကို ပြေးဝင်တာကသာ ကမ္ဘာ့နိုင်ငံတွေရဲ့ မျက်စိထဲ ထင်းထင်းကြီး ဝင်သွားတာမို့...

ဒီရိုဟင်ဂျာဆိုသူတွေဟာ ကိုယ့်နိုင်ငံသား မဟုတ်ဘဲ တစ်ဖက်နိုင်ငံသားသာ ဖြစ်ကြောင်း ဟိုဘက်ကလည်း သက်သေမရှိ၊ ဒီဘက်ကလည်း အထောက်အထား မပြနိုင်တာချင်း အတူတူ ဒီနိုင်ငံမဲ့ဆိုသူတွေဟာ ဖြစ်ချင်းဖြစ်ရင် သူတို့ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်လာခဲ့တဲ့ မြန်မာဘက်ကပဲ ဖြစ်မယ်လို့ တစ်ကမ္ဘာလုံးက ကောက်ချက်ချခံရတာဟာ တကယ်တော့ မထူးဆန်းလှပါ။

အရင်းစစ်ရင် အမြစ်မြေကဆိုသလို ဒီလို ကိုယ့်နိုင်ငံက မှန်ပါလျက်နဲ့ အောက်စည်းကို ရောက်သွားရတာဟာ နှစ်ပေါင်းများစွာ အချိန်ရှိခဲ့ပါလျက်နဲ့ ဒီခိုးဝင်ကိစ္စကို ဥပဒေနဲ့အညီ မဖြေရှင်းနိုင်လို့ ဒီနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ပေါက်ပွါးခွင့်ရပြီး အခုလို ရိုဟင်ဂျာလို့ တောင်းဆိုတဲ့အထိ အင်အားကောင်းလာအောင် အချိန်ဖြုန်းလာခဲ့သူတွေရဲ့ အပြစ်ပါပဲ။

အဲဒီလို အချိန်ဖြုန်းခဲ့သူတွေကို အပြစ်မမြင်တဲ့အပြင် ထောက်တိုင်တစ်တိုင်လို တင်စားပြီး ဘာသာသာသနာအတွက် ကျေးကုလားတွေကို သိန်းချီ သတ်ခဲ့တဲ့ ဒုဋ္ဌဂါမဏိမင်းရဲ့ လုပ်ရပ်ကို ဟောပြောပြီး မြှောက်ပေးတာဟာ...

ကမ္ဘာ့အလယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဖွဲ့အစည်း၊ ဒီတိုင်းပြည်ကို ကယ်မရလောက်အောင် စုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့တဲ့ အဖွဲ့အစည်းကို မိုက်လုံးဆက်ကြီးပါဦးလို့ တည့်တည့်အားမပေးရုံပဲ ကျန်ပါတော့တယ်။

ဒါဟာ အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရတဲ့ သူ့နိုင်ငံရေးဂုဏ်သိက္ခာတွေ တစ်ရက် တစ်မနက်တည်းနဲ့ ပျက်စီးသွားရတဲ့အထိ စတေးပြီး ဒီအဖွဲ့အစည်းရဲ့ မြန်မာ့နည်း မြန်မာ့ဟန် လုပ်ရပ်တွေအတွက် ကမ္ဘာက အမြင်မစောင်းအောင် ကာကွယ်ပေးခဲ့တာတွေကို အဟောသိကံ ဖြစ်သွားစေပါတော့တယ်။
.
.
.
ဓမ္မကြောင်းအရ ကြည့်ရင်တော့ ဒီဟောပြောချက်ဟာ ပိုလို့တောင် ရုပ်ဆိုးအကျည်းတန်ပါသေးတယ်။

ကျွန်တော်ဟာ ကိုယ့်အသက်ကို ရင်းပြီး တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်မတော်သားတွေကို လေးစားပါတယ်။

ကျွန်တော် မရင်းရဲတဲ့ အသက်ကို သူတို့ စွန့်လွှတ်ရင်းနှီးထားလို့ လေးစားတာဆိုရင် တစ်ဝက်တစ်ပျက်ပဲ မှန်ပါတယ်။

နောက်တစ်ဝက်က အင်မတန် အကုသိုလ်ကြီးတဲ့ ပါဏာတိပါတကံကို ကျူးလွန်ပြီး တိုင်းပြည်ကို ကာကွယ်ပေးနေသူတွေမို့ လေးစားတာပါ။

လောဘ၊ ဒေါသ၊ မောဟ ထူပြောလွန်းလှတဲ့ လူသားတွေကြားမှာ စစ်မက်တွေ အနိုင်ကျင့်ကျူးကျော်မှုတွေ ချုပ်ငြိမ်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် အကုသိုလ်ကြောက်လို့ဆိုပြီး စစ်သားလုပ်သူတွေ မရှိတော့ရင် အဲဒီတိုင်းပြည်ဟာ တိုင်းတစ်ပါး လက်အောက်ခံ ဖြစ်မသွားရင်တောင် တိုင်းတစ်ပါး ဩဇာခံ တိုင်းတစ်ပါး ရုပ်သေးရုပ် ဖြစ်သွားမှာပါ။

ဒီတော့ လောကုတ္တရာသဘောအရ အကုသိုလ်များတဲ့ အလုပ်ကို လောကီလိုအပ်ချက်အရ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်နေရတဲ့ တပ်မတော်သားတွေကို ကျွန်တော့်လို အသေမခံရဲ၊ အကုသိုလ် မယူရဲသူတွေက လေးစားကျေးဇူးတင်မိပါတယ်။

သို့သော်...

စစ်သားတွေကို "ရဲသော်မသေ သေသော် ငရဲမလား" လို့ မြှောက်ပေးတာတွေ

ဒုဋ္ဌဂါမဏိဘုရင် သတ်တဲ့ သိန်းသန်းချီ ကျေးကုလားတွေထဲမှာ လူတစ်ယောက်နဲ့ တစ်ဝက်ပဲပါတာမို့ အကုသိုလ် အနည်းငယ်ပဲ ဖြစ်တယ်လို့ ရဟန္တာမထေရ်က ဟောတယ်ဆိုတာတွေကို

စစ်ဗိုလ်ချုပ်ကြီးတွေက သူ့လက်အောက်က စစ်သားတွေ စိတ်အားတက်ကြွစေဖို့ မိန့်ခွန်းပြောတာမျိုးဆိုရင် မမှန်ရင်တောင် ဘောင်ဝင်သေးပေမဲ့...

ရဟန်းတစ်ပါးက ဟောပြောနေတာဆိုရင်တော့ ဘုရားသားတော် မပီသစွာ သူ့အသက်သတ်မှုကို အားပေးအားမြှောက် လုပ်နေတာသာ ဖြစ်တဲ့အပြင် မဟုတ်ကို အဟုတ်လုပ်တဲ့အတွက် အမှန်ကို ညွှန်ပြရမယ့် သံဃာ့ကျင့်ဝတ်နဲ့ တာဝန် ပျက်ယွင်းပြီလို့ ဆိုနိုင်ပါတယ်။
.
.
.
ပါဏာတိပါတကံ မြောက်ဖို့အတွက် အင်္ဂါ (၅) ပါး လိုအပ်ပါတယ်။

(၁) သက်ရှိသတ္တ၀ါ ဖြစ်ခြင်း
(၂) သတ္တ၀ါဖြစ်ကြောင်း သိရှိခြင်း
(၃) သတ်လိုသော၊ သေစေလိုသော စိတ်စေတနာရှိခြင်း
(၄) သေစေရန် လုံ့လပြု အားထုတ်ခြင်း
(၅) ထိုအားထုတ်မူကြောင့် သေခြင်း စသည်တို့ ဖြစ်ပါတယ်။

ဒီအင်္ဂါငါးပါးနှင့် ညီညွတ်ရင် ပါဏာတိပါတကမ္မပထ မြောက်ပြီး သေလွန်တဲ့အခါ အပါယ်ဘုံဘ၀၌ ကျရောက်ရတယ်လို့ ဘုရားဟောပါတယ်။

အင်္ဂါငါးပါးအနက် တစ်ခုခု ချို့တဲ့ရင်တော့ ပါဏာတိပါတ ကံမထိုက်၊ သတ်သည်မမည်တာကြောင့် အပါယ်မလား နိုင်သော်လည်း အကုသိုလ်ကတော့ ဖြစ်ပါတယ်။ မကောင်းကျိုးတွေ အထိုက်အလျောက် ပေးနိုင်ပါသေးတယ်။

အချက်တွေနဲ့ တိုက်ဆိုင်စဉ်းစားကြည့်မယ်ဆိုရင်...

စစ်မြေပြင်မှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ စစ်သားတစ်ယောက်အနေနဲ့ သူ့ရဲ့ တစ်ဖက်ရန်သူဟာ သက်ရှိ လူသတ္တ၀ါ ဖြစ်နေမှာ သေချာပြီး ရန်သူဟာ သက်ရှိဖြစ်ကြောင်းကို စစ်သားကိုယ်တိုင်ကလည်း သေသေချာချာ သိနေမှာ ဖြစ်တဲ့အပြင် သူမသေရင် ကိုယ်သေဖို့ ဖြစ်နိုင်ခြေများတဲ့ တိုက်ပွဲသဘောတရားအရ ကိုယ်မသေချင်လို့ တစ်ဖက်ရန်သူကို သေစေလိုတဲ့ စေတနာကလည်း လူ့သဘာဝအရကို ရှိနေတာမို့ ရန်သူ သေအောင် အားထုတ်တိုက်ခိုက်ပြီး ရန်သူတစ်ဦးတစ်ယောက် သေဆုံးသွားပြီ ဆိုတာနဲ့ အထက်ပါအင်္ဂါငါးပါးနှင့် ညီညွတ်လို့ ပါဏာတိပါတကံ မြောက်ဖို့က မြေကြီးလက်ခတ် မလွဲတော့ပါ။

အကယ်၍ သူပစ်ခတ်တာကြောင့် တစ်ဦးတစ်ယောက်မှ မသေဖူးဘဲ ဒဏ်ရာလောက်သာ ရသွားရင် ပါဏာတိပါတကံ မမြောက်တော့ပေမဲ့ အကုသိုလ်ကတော့ မလိုချင်ဘဲ ရဦးမှာပါ။

တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်နေရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘဝမှာ ရန်သူတစ်ယောက်ကိုမှ မသတ်ဖူးဘူးဆိုတာ ရှားပါးတာမို့ စစ်သားတစ်ယောက်အနေနဲ့...

"ရဲသော် မသေ" ဆိုတာက သတ္တိကောင်း၊ တိုက်ရည်ခိုက်ရည်ကောင်းပြီး သူတစ်ပါးသတ်လို့ သေရမယ့် ဥပစ္စေဒကကံ ပါမလာရင် ဖြစ်နိုင်ပေမဲ့...

"သေသော် ငရဲမလား" ဆိုတာကတော့ အလုပ်သဘောအရ ပါဏာတိပါတကံကို စောင့်ထိန်းချင်နေလို့ မဖြစ်နိုင်လို့ သာမန်အားဖြင့် မဖြစ်နိုင်ပါဘူး။

ချွင်းချက်အနေနဲ့ လူသတ်ပြီး ငရဲမလားဖို့အတွက် နည်းလမ်း နှစ်ခုလောက်ပဲ ရှိနိုင်ပါတယ်။

တစ်ခုက ကြိုတင်ကာကွယ်တာပါ။

ပါဏာတိပါတရဲ့ အဓိက တရားကိုယ်က သတ်လိုတဲ့ ဒေါသစိတ် စေတနာ ဖြစ်တဲ့အတွက် ဒီကံမမြောက်ဖို့အတွက် စစ်တိုက်တာကို သေစေလိုတဲ့ စေတနာကင်းကင်းနဲ့ အလုပ်တစ်ခုလို သဘောထားဖို့ပဲ ဖြစ်ပါတယ်။

မုဆိုးတစ်ဦးရဲ့ မယားဟာ သူ့လင်နဲ့ သားတွေ အမဲလိုက်ထွက်ဖို့ နံနက်တိုင်း လေးမြားလက်နက်တွေ ပြင်ဆင်ပေးရပေမဲ့ အကုသိုလ် မဖြစ်တာဟာ...

သူ့ရဲ့ ဇနီးဝတ္တရား၊ မိခင်ဝတ္တရားကို လုပ်ဆောင်တယ်လို့ပဲ သဘောထားပြီး သတ္တဝါတွေ သေကျေပျက်စီးကြပါစေဆိုတဲ့ စိတ်စေတနာ မပါလို့ဖြစ်တယ်လို့ ဘုရားဟောတရားထဲမှာ ကြားနာဖူးပါတယ်။

သို့သော် တစ်ခုသတိချပ်ရမှာက မုဆိုးမယားဟာ ကိုယ်တိုင် အမဲလိုက်တာ မဟုတ်တာမို့ သေစေလိုတဲ့ စိတ်စေတနာ မဖြစ်ပေါ်အောင် ရှောင်ဖို့လွယ်ကူပေမဲ့...

အသက်နဲ့ ရင်းရတဲ့ တပ်မတော်သားတွေမှာ တိုက်ပွဲအတွင်း တစ်ဖက်ရန်သူကို "အလုပ်သဘောအရပါ၊ မင်းကို မသေစေချင်ပါဘူး" လို့ သဘောထားနိုင်ဖို့ အင်မတန်ခဲယဉ်းမှာ ဖြစ်ပါတယ်။ ကိုယ့်အတွက်ကိုယ် အဲဒီလို သဘောထားနိုင်ရင်တောင် အဖေတွေ ညီအစ်ကိုတွေ ဆွေမျိုးတွေ တိုက်ပွဲမှာ ရန်သူလက်ချက်နဲ့ ကျဆုံးသွားလို့၊ ရဲဘော်ရဲဘက်တွေ ကျသွားလို့၊ အရာရှိ ကျသွားလို့၊ တပည့်တပန်း ကျသွားလို့ စသဖြင့် ကလဲ့စားချေချင်တဲ့ ဒေါသမူစိတ်တွေ ရှိတတ်တာလည်း ပုထုဇဉ်သဘာဝပါ။

ဒီတော့ သဘောတရားအရ ရှောင်နိုင်တဲ့ လမ်းရှိပေမဲ့ စိတ်ကို ထိန်းချုပ်နိုင်တဲ့ သမာဓိခိုင်ဖို့ မလွယ်တာကြောင့် လက်တွေ့မှာ ပါဏာတိပါတကံကတော့ အနည်းနဲ့ အများ ကျိုးပေါက်မှာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ကာကွယ်ဖို့က ခက်ခဲလို့ ပါဏာတိပါတကံ ကျိုးပေါက်ခဲ့ရင် ကုစားတဲ့နည်းလမ်းပါ။

အဲဒါကတော့ အရဟတ္တမဂ်နဲ့ ကုသိုလ် အကုသိုလ် မှန်သမျှကို အပြီးတိုင် အကျိုးပေးခွင့်မရတော့အောင် ပယ်ဖြတ်တဲ့ နည်းလမ်းပါပဲ။

တစ်မဂ်တစ်ဖိုလ်ရဖို့တောင် ခဲယဉ်းလှတဲ့ ဆုတ်ကပ်ကြီးမှာ အရဟတ္တမဂ်ဖိုလ်ဆိုက်အောင် အားထုတ်နိုင်ဖို့ကလည်း မလွယ်လှတာမို့ တိုင်းပြည်ကာကွယ်ရင်း ရလာတဲ့ အကုသိုလ်တရားတွေကို ကျော်လွှားနိုင်ဖို့ အချိန်ရှိခိုက် လုံ့လစိုက်ကြဖို့ လိုပါတယ်။
.
.
.
ဒီစာကို တပ်မတော်သားတွေ ငရဲကျကို ကျမယ်ဟေ့လို့ စိတ်ဓာတ်ပျက်ပြားစေချင်လို့ ရေးတာမဟုတ်ဘဲ ဘုရားသားတော်တန်မဲ့ အကုသိုလ်တရား ရှောင်ဖို့ မဟောဘဲ ယုတ်မာတဲ့ ခိုးဝင် ဘာသာခြားကို မုန်းတီးတဲ့စိတ်ကို အခြေခံပြီး ဘုရားဟောကို မျက်ကွယ်ပြုပြီး ဘုရားတရားတွေကိုတောင် ဖြတ်ညှပ်ကပ်လုပ်တတ်တဲ့ သီဟိုဠ်က ဇာတ်လမ်းတစ်ပုဒ်ကို အသုံးချပြီး မြှောက်ပင့်ပေးတာတွေအတွက် ရှင်းလင်းရခြင်းပဲ ဖြစ်ပါတယ်။

ပါဏာတိပါတကံချင်း တူသော်လည်း သတ္တ၀ါအကြီးအငယ်ကို လိုက်ပြီး၊ အသတ်ခံရတဲ့ သတ္တ၀ါတွေရဲ့ အကျင့် သီလ ဂုဏ်သိက္ခာကို လိုက်ပြီး အပြစ် အကြီးအငယ် မတူဘူးလို့ ဘုရားဟောရှိတာကို လိုရာကွက်ယူပြီး...

ဒုဋ္ဌဂါမဏိမင်းဟာ အက္ခောဘိဏီ (၂၁၈၇၀၀၀ ) မကများလှတဲ့ ကျေးကုလားတွေကို သတ်ခဲ့ပေမဲ့ သေသွားတဲ့ စစ်သည်တွေထဲမှာ လူတစ်ယောက် (ငါးပါးသီလရော သရဏဂုံရော တည်သူ) နဲ့ တစ်ပိုင်း (ငါးပါးသီလ တည်သူ) ကိုသာ သတ်မိတာဖြစ်ပြီး ကျန်သူတွေကတော့ မိစ္ဆာအယူ ရှိတာမို့ သားနွားတိရစ္ဆာန်နှင့် တူလို့ သားနွားကို သတ်တဲ့ အပြစ်မျှသာ ရှိတယ်။ ဒါကြောင့် ဒုဋ္ဌဂါမဏိမင်းရဲ့ သာသနာတော်ကို ချီးမြှောက်ခဲ့တဲ့ ကုသိုလ်ကံဟာ လူသတ်တဲ့ အကုသိုလ်ကံထက် သာလွန်လို့ ငရဲမကျနိုင်သလို နတ်ပြည်သို့ လားခြင်းကိုလည်း မတားမြစ်နိုင်ပါဘူးတဲ့။ ဒုဋ္ဌဂါမဏိမင်း နတ်ရွာစံတဲ့အခါမှာ တုသိတာ နတ်ပြည်ကို ရောက်သွားတယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဒုဋ္ဌဂါမဏိမင်းရဲ့ ဇာတ်လမ်းဟာ ဘုရားဟောခဲ့တဲ့ ဇာတကတွေထဲ မပါသလို ဘုရားလက်ထက်တော်မှာ ဖြစ်ပျက်ခဲ့တာလည်း မဟုတ်တဲ့အပြင် ဒီဇာတ်ကြောင်းထဲက ရဟန္တာတွေရဲ့ မင်းကြီးကို ဟောပြောတဲ့ အကြောင်းပြစကားတွေဟာ ဘုရားဟောအစစ်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါတယ်။

ဗုဒ္ဓဝင်မှာ ထင်ရှားတဲ့ ဘုရင်မဖြစ်ချင်လို့ ဆွံ့အချင်ယောင်ဆောင်နေတဲ့ တေမိမင်းသားဟာ အတိတ်ဘဝက ဗာရာဏသီပြည်မှာ ဘုရင်အဖြစ် နှစ်ပေါင်း နှစ်ဆယ် မင်းပြုခဲ့ပြီး သေလွန်တဲ့အခါမှာ ဘုရင်ဖြစ်တုန်းက ရာဇဝတ်သားတွေကို သတ်စေသေစေ တရားစီရင်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ဘုရင်ဖြစ်သော်လည်း နတ်ရွာမလားဘဲ ငရဲမှာ အနှစ် ရှစ်သောင်း ခံရတာကို ပြန်မှတ်မိလို့ လက်ရှိဘဝမှာ ဘုရင် မလုပ်ချင်လို့ ဆွံ့အချင်ယောင်ဆောင်ရတာ ဖြစ်ပါတယ်တဲ့။

ရာဇဝတ်မှု ကျူးလွန်သူတွေဟာ သီလပြည့်စုံသူတွေ မဟုတ်တာ သေချာပါတယ်။ ဒီလို သီလမရှိ၊ သရဏဂုံ နတ္ထိဆိုသူတွေကို ကိုယ်တိုင်သတ်တာမဟုတ်ဘဲ သတ်ဖို့ အမိန့်ပေးတာလေးနဲ့ ဘုရားလောင်းတောင် ငရဲကျရရင်...

သန်းနဲ့ချီတဲ့ လူတွေကို ကိုယ်တိုင်ကိုယ်ကျရော စစ်သည်တွေကို အမိန့်ပေးပြီးရော သတ်တဲ့ ဒုဋ္ဌဂါမဏိမင်းဟာ မသေခင် မဂ်ဖိုလ်ရမသွားဘူးဆိုရင် သူသတ်ခဲ့သူတွေဟာ သီလမရှိသူတွေ ဖြစ်စေကာမူ ခံရမယ့် နှစ်သက်တမ်း နည်းရင်သာ နည်းမယ် အပယ်ငရဲကတော့ ကျကို ကျမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဗုဒ္ဓဘာသာကို မကိုးကွယ်တာနဲ့ပဲ သန်းနဲ့ချီတဲ့ ကျေးကုလားတွေထဲမှာ ငါးပါးသီလ မလုံသူတွေချည်းပဲလို့ တစ်ထစ်ချပြောလို့ မရပါဘူး။ ဘာလို့လဲဆိုရင် ဝိပဿနာပညာသာလျှင် သာသနာတွင်းမှ ရှိတာဖြစ်ပြီး သီလနဲ့ သမာဓိကျင့်စဉ် ဆိုတာတွေက သာသနာပကာလ ဗုဒ္ဓဘာသာ မရှိတဲ့အချိန် ဘာသာခြားတွေထဲမှာတောင် ရှိတတ်လို့ပါ။

ယုတ်စွအဆုံး အဲဒီ သန်းချီတဲ့ ကျေးကုလား အားလုံးဟာ တကယ့်ကို သီလမရှိသူတွေပဲ ဖြစ်စေဦး၊ သားငှက်တိရစ္ဆာန်တွေကို သတ်ဖြတ်အသက်မွေးတဲ့ မုဆိုးတွေတောင် ငရဲကျရရင် ကျေးကုလားတွေကို သတ်တာကို သားနွားသတ်သလိုပဲမို့ အန္တရာယ် မရှိတဲ့အပြင် နတ်ပြည်တောင် ရောက်သွားတယ် ဆိုတာဟာ တကယ့်ကို တရားလက်လွတ် ဟောပြောတာ ဖြစ်ပါတယ်။

တကယ်ဆို ဒုဋ္ဌဂါမဏိ မင်းကြီးကို ရဟန္တာတွေ ဟောကြားတယ်ဆိုတဲ့ စကားတွေဟာ ကျေးကုလားတွေကို သန်းချီသတ်မှုအတွက် ပြည်သူတွေ အကြည်ညိုပျက်ခြင်း မဖြစ်ရလေအောင် ဖန်တီးထားတဲ့ ထွင်လုံး ထိုးဇာတ်တစ်ခုသာ ဖြစ်မယ်လို့ ယူဆပါတယ်။

ဘုရားဟောအစစ်တွေထဲမှာ ဘာအကြောင်းကြောင့်မှ သူ့အသက်သတ်ခြင်းကို အားပေးထားတာ မပါပါဘူး။

မိစ္ဆာဒိဋ္ဌိတွေကို သတ်ကောင်းတယ်

သီလ မရှိသူတွေကို သတ်ရင် ငရဲမကြီးဘူး

ဘုရားသာသနာကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ သတ်ရင် ကုသိုလ်ရပြီး နတ်ပြည်တောင် ရောက်နိုင်တယ်

ဆိုတဲ့ ဟောပြောမှုမျိုးတွေဟာ ဘုရားသားတော် ရဟန္တာအစစ်တွေ ဘယ်လိုမှ ဟောကြားစရာအကြောင်း မရှိတဲ့ မိစ္ဆာဒိဋ္ဌိတရားတွေဖြစ်သလို

ဒီကနေ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေ အများဆုံး ပေါက်ပွါးစေတဲ့ ဘာသာရေးတစ်ခုရဲ့ သင်ကြားချက်တွေနဲ့တောင် ဆင်တူနေတာ တွေ့လို့...

ဒုဋ္ဌဂါမဏိဇာတ်လမ်းဟာ အင်မတန် ဓမ္မန္တရာယ် ဖြစ်စေတဲ့ ဟောပြောချက်တွေပါပဲ။
.
.
.
နိဂုံးချုပ်ရရင်တော့...

လောကီလိုအပ်ချက်အရ...

တိုင်းပြည်ကို ကာကွယ်ဖို့ပဲ ဖြစ်ဖြစ်

သာသနာကို စောင့်ရှောက်ဖို့ပဲ ဖြစ်ဖြစ်

ဘာအကြောင်းကြောင့်ဖြစ်စေ သူ့အသက်သတ်ရင်တော့ လောကုတ္တရာ နိယာမအရ အင်္ဂါငါးပါးညီရင် အကုသိုလ်ဖြစ်မှာ အပယ်လားမှာပါပဲ။ ဒါက ဘုရားက ဒီလိုဖြစ်စေလို့ သတ်မှတ်ထားတာမဟုတ်ပါဘူး။ တရားသဘောကိုက ဒီလိုဖြစ်နေတာပါ။

ဒီတော့ ဒီလို အသက်ကိုရင်း၊ အကုသိုလ်ကို ရင်းပြီး ဘာသာ သာသနာနဲ့ အချုပ်အခြာကို ကာကွယ်နေသူ မည်သူမဆိုကို လောကီသဘောအရ မြင့်မြတ်သူတွေလို့ ယူဆသတ်မှတ်ပါတယ်။

ဒါပေမဲ့ သူတို့တာဝန်တွေ ထမ်းဆောင်ပြီးချိန်မှာ သူတို့အပေါ်တင်ရှိနေတဲ့ လောကုတ္တရာကြွေးတွေကို နောင်ဘဝထိ မပါအောင်၊ စုတိစိတ်ကျလို့ ဘဝကူးချိန်မှာ လားရာဂတိကို ဆုံးဖြတ်ရာမှာ ဒီအကုသိုလ်ကံတွေ ဝင်ရောက် လွှမ်းမိုးခြင်း မပြုနိုင်အောင် ဒါန သီလ ဘာဝနာတွေ ဖိဖိစီးစီး လုပ်ဆောင်ဖြစ်အောင် တရားသဘောမှန်တွေကို ဟောပြလမ်းညွှန်ရမယ့်အစား...

ဘာသာသာသနာအတွက် မိစ္ဆာဒိဋ္ဌိ ကုလားတွေကို သတ်ရင် အပြစ်မကြီးဘူးလို့ အဓိပ္ပါယ်ထွက်အောင် ဟောပြောတာမျိုးကိုတော့ တပ်မတော်သားတွေ ဘဝနောင်ရေးကို နစ်နာစေတာမို့ အဲဒီဂျင်းတရားမျိုးကို မည်သူမဆို မဟောပြောကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

Swe Yu

https://m.facebook.com/story.php?story_fbid=353046361807538&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဓမ္မန္တရာယ်ဖြစ်စေတဲ့ဟောပြောချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...