Friday, November 3, 2017

ဘောင်ကျော်နေတဲ့ ဥပဒေနှင့်အထူးကိစ္စကော်မရှင် ဘယ်လိုပေါ်ထွက်လာသလဲ

,
ဆရာ ဒေါက်တာ ရန်မျိုးသိမ်းရေးသားခဲ့သည့် “ဥပဒေနှင့် အထူးကိစ္စကော်မရှင် ဘောင်အပြင် မထွက်ဖို့အရေးကြီး” ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က 7day Daily သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ရှိ ဥပဒေပြုရေးကဏ္ဍ၏ လွဲချော်နေမှုများ ကို ထင်ဟပ်စေသည့် ဆောင်းပါးကောင်းတစ်ပုဒ်ဟု ဆိုနိုင်သည်။ ဘောင်အပြင်ထွက်နေသည့် အထူးကော်မရှင်အား ထိထိမိမိထောက်ပြထားသည့် စာကောင်းပေကောင်းတစ်ပုဒ်ဖြစ်ကာ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားနှင့်လည်း တစ်ထပ်တည်းကျသဖြင့် ကျေးဇူးတင်မိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) အရ နိုင်ငံတော်အာဏာသည် မဏ္ဍိုင်ကြီး ၃ ခုမှ ဆင်းသက် လာပြီး ဥပဒေပြုရေးတွင် လွှတ်တော်များနှင့် ဥပဒေကြမ်း ကော်မတီသည်  လုပ်ပိုင်ခွင့် အမြင့်ဆုံး ဖြစ်သည်ကို ပြည်သူအားလုံးက သိရှိထားပြီးဖြစ်သည်။ အလားတူလွှတ်တော်တွင် လွှတ်တော် နာယက၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုဥက္ကဋ္ဌများသည် အမြင့်ဆုံးဖြစ်ပြီး ကျန်လွှတ်တော်ကိုယ်စား လှယ်များနှင့် ကော်မတီ/ကော်မရှင် ဥက္ကဋ္ဌများသည် ၎င်းတို့၏အောက်တွင်သာ ရှိရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးရွှေမန်းမှာ လွှတ်တော်ဥက္ကဋ္ဌများကိုပင် ခြေရာတိုင်း နေပြီး ဒုဥက္ကဋ္ဌများနှင့် အခြားရွေးကောက်ခံအမတ်များကိုမူ လေးစားခြင်း၊ ဂရုစိုက်ခြင်း လုံးဝ မရှိပေ။

ထို့အပြင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်သည် မူလ လုပ်ငန်းတာဝန်ဖြစ်သည့် လေ့လာအကြံပြုသည့်အလုပ်သာ လုပ်ရမည်ဖြစ်သော်လည်း ယခုအခါ ဆွေးနွေးဆုံးဖြတ်ခြင်းများနှင့် လမ်းညွှန်မှုစေခိုင်းမှုများအထိ ဘောင်ကျော် လုပ်ဆောင်လျက် ရှိနေ သည်။ လွှတ်တော်ရှိ ကော်မတီ/ကော်မရှင်များအားလုံး၏ အဓိကလုပ်ငန်းမှာ  ဥပဒေပိုင်းဆိုင်ရာ အလုပ်များသာ ဖြစ်ပေသည်။ သို့သော် အထူးကော်မရှင်သည် ဥပဒေရေးဆွဲခြင်းနှင့် မသက်ဆိုင် သည့် စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်တွေ့ခြင်း၊ အစိုးရဝန်ထမ်းအကြီးအကဲများနှင့် ဌာနဆိုင်ရာ အကြီးအကဲများကို ဆင့်ခေါ်ခြင်း၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံခြားသားဧည့်သည်များနှင့် အမြဲမပြတ် တွေ့ဆုံခြင်းတို့ကို လုပ်ဆောင်နေသည်ကို တွေ့နိုင်သည်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်နာယကနှင့် ဥက္ကဋ္ဌများပင်လျှင် ဦးရွှေမန်းလောက် လုပ်ကွက် မရှိဖြစ်နေပြီး ယင်းကဲ့သို့ ဘောင်ကျော်မှုများကြောင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များသာမက အစိုးရဝန်ကြီးများကပင် မကြည်ဖြူဖြစ်နေသည်မှာ အချိန်ကာလ အတော်ကြာနေပြီဖြစ်သည်။

ဦးရွှေမန်းကော်မရှင်နှင့်ပတ်သက်၍ လူသိနည်းသေးသည့် အကြောင်းတစ်ခုမှာ ကော်မရှင် မည်သို့ ပေါ်ထွက်လာသလဲ ဟူသည့် သမိုင်းကြောင်းပင်ဖြစ်သည်။ ခုံရုံးတင်ကန့်ကွက်ခံခဲ့ရသည်အထိ အငြင်းပွားနေရသော အထူးကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမှန်တကယ် ဆန့်ကျင်ခြင်း ရှိ/မရှိကို ဦးရွှေမန်းကိုယ်တိုင်က ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံကို မဆန့်ကျင်ဟု တိတိပပမငြင်းဆိုဘဲ အထူးကော်မရှင် အနေဖြင့် ပြင်ဆင်ထားသည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေနှင့် ကိုက်ညီသည်ဟုသာ အကြိမ်ကြိမ်အကြောင်းပြနေခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်ထားသည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေဆိုသည်မှာ ဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ထမ်းဆောင်စဉ်က သမ္မတလက်မှတ်မထိုးဘဲ အတည်ပြု ခဲ့သည့်ဥပဒေဖြစ်ပြီး ၂၀၁၅ အလွန် NLD ပါတီအနိုင်ရပါက ပြည်ထောင်စုအဆင့် ကော်မရှင်ဥက္ကဋ္ဌ နေရာ ရယူနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းခွင့်ကို  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်သာ ခွင့်ပြုထားကာ ပြည်ထောင်စုလွှတ်တော်ကဏ္ဍ၌  သီးခြားဖော်ပြ ထားခြင်း လုံးဝမရှိပေ။ သို့ဖြစ်ရာ ဦးရွှေမန်းသည် လွှတ်တော်နာယကတာဝန် ထမ်းဆောင်ချိန် အတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်ခဲ့ပြီး ဖွဲ့စည်းပုံနှင့် မကိုက်ညီသည့် ကော်မတီ/ကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မများကို ထည့်သွင်းရေးဆွဲခဲ့သည်။ အဆိုပါ ဥပဒေ၏ ပုဒ်မ ၇(ခ)တွင် လွှတ်တော်နာယကအနေဖြင့် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ကော်မတီ/ ကော်မရှင်များ ဖွဲ့စည်းနိုင်သည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၇(ဂ)တွင် ကော်မတီ/ကော်မရှင်များ၌ လွှတ်တော်ကိုယ်စားလှယ်များသာမက အခြား လွှတ်ကော်ကိုယ်စားလှယ် မဟုတ်သူများကိုလည်း ထည့်သွင်းနိုင်သည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၇(ဃ) တွင် ကော်မတီ/ကော်မရှင်များ အနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ကာ ခေါ်ယူမေးမြန်းနိုင်သည်ဟူ၍ လည်းကောင်း ၎င်းထည့်လိုသည့် အချက်အသစ်များ ထည့်သွင်းကာ ပြင်ဆင်ရေးဆွဲခဲ့သည်။ ဥပဒေ ပြင်ဆင်ချက်အား စိတ်ကြိုက်ရေးဆွဲပြီးနောက် သမ္မတထံသို့ လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သော် လည်း ဖွဲ့စည်းပုံနှင့်ဆန့်ကျင်သည့် ပြင်ဆင်ချက်များကြောင့် သမ္မတဦးသိန်းစိန်က လက်မှတ်ရေး ထိုးခဲ့ခြင်းမရှိပေ။ သို့သော် ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ သမ္မတ လက်မှတ်မရေးထိုးဘဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြုခဲ့သည်။

ဦးရွှေမန်းအနေဖြင့် ထိုဥပဒေ ပြင်ဆင်ဖြည့်စွက်နေသည့် ၂၀၁၄ ခုနှစ် ကတည်းကပင် ၂၀၁၅ ရွေးကောက်ပွဲပြီးပါက NLD ပါတီအစိုးရဖွဲ့နိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီးဖြစ်ရာ ၎င်းအနေဖြင့် ရွေးကောက်ပွဲရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ နောင်တစ်ချိန် NLD ပါတီအာဏာရလာလျှင် ကော်မရှင်ဥက္ကဋ္ဌလုပ်မည်ဟူသည့် အကြံအစည်ဖြင့် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ်နေ ပြခြင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲများ လုပ်ခဲ့ခြင်းများသည် ဦးရွှေမန်း၏ ကြိုတင်စီစဉ်ခဲ့သည့် ခြေလှမ်းများပင်ဖြစ်သည်။ ထို့နောက် ၂၀၁၆ ခုနှစ် မတ်လ(၁)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇(ခ)၊ ၇(ဂ) တို့အရ ပြည်ထောင်စုအဆင့်ကော်မရှင်ဖွဲ့စည်းကြောင်း လွှတ်တော်က ကြေညာခဲ့သည်။ အဆိုပါ ပုဒ်မများမှာ ဦးရွှေမန်း လွှတ်တော်နာယက ဖြစ်ချိန်က သမ္မတ လက်မှတ်မပါဘဲ ပြင်ဆင်ဖြည့်စွက်အတည်ပြုခဲ့သည့် ပြဋ္ဌာန်းချက်များပင် ဖြစ်သည်။ ဤသို့ဖြင့် ယနေ့ NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံနှင့်ဆန့်ကျင်ပြီး ဘောင်ကျော်နေသော အထူး ကော်မရှင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဦးရွှေမန်းအနေဖြင့် ပထမလွှတ်တော်သက်တမ်းတွင် ၎င်းနေရာရရှိရေးအတွက် ကြိုတင်မျှော်တွေး ၍ ၎င်း၏ပါတီနှင့် လုပ်ဖော်ကိုင်ဖက်များကို သစ္စာဖောက်ကာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့ပြီး ဖွဲ့စည်းပုံနှင့် မကိုက်ညီသည့် ကော်မတီ/ကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မများကို ထည့်သွင်းရေးသားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ချက်များသည် ၎င်းနေရာရရှိရေး အတွက် အခွင့်အလမ်းများရရှိခဲ့သော်လည်း နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ များ ဖြစ်ပေါ်လာစေခဲ့ပါသည်။ ယခုအချိန်တွင် ဦးရွှေမန်း ဦးစီးသည့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ လွှတ်တော်နှင့် လွှတ်တော်ဥက္ကဋ္ဌများကို ကျော်လွန်ကာ ဘောင်ကျော်၍လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များသည် NLD အစိုးရ ဆောင်ရွက်နေသည့် ရည်မှန်းချက်များကို ထိခိုက်နှောင့်ယှက်စေနိုင်သည့်အပြင် နိုင်ငံတော်လုံခြုံ ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများ အတွက်လည်း စိုးရိမ်စရာအခြေအနေများ ဖြစ်ပေါ်လာ နိုင်စေ ကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာ ကောင်းထက် (Political Science)


https://m.facebook.com/story.php?story_fbid=2002614183328700&id=1506648646258592

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘောင်ကျော်နေတဲ့ ဥပဒေနှင့်အထူးကိစ္စကော်မရှင် ဘယ်လိုပေါ်ထွက်လာသလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...