Tuesday, November 7, 2017

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲ

,
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲအသဲအသန် လိုအပ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး လှုပ်ရှားမှုတွေကတော့ အကျဉ်းအကျပ်ထဲက
ရုန်းထွက်ဖို့ လိုအပ်နေချိန်မှာ မဟာဗျူဟာကျကျ အလုပ်လုပ်တတ်တာကြောင့် အမှန်တကယ် ချီးကျူးစရာပါ

သူတို့ပါတီကို ကျတော်တို့ တချိန်လုံး ဘာလုပ်လုပ် အထင်သေးဟားတိုက်နေတာထက် လက်တွေ့ကျကျ ဖြစ်နေတာတွေကို တစ်ချက်လေ့လာကြည့်ရအောင်

၁ ၊ ဝါဒဖြန့် စည်းရုံးခြင်း

အချက် ဥက္ကဌ ဦးသန်းဌေးကိုယ်တိုင် မနားမနေနဲ့ ပါတီဝင်တွေနဲ့ ဆက်တိုက်နယ်လှည့် တွေ့ဆုံပွဲတွေ လုပ်ပြီး
ရှိပြီးသား ပါတီဝင်တွေကို သူ့အပေါ်သစ္စာခံလာအောင်၊ပါတီဝင်အင်အားတိုးလာအောင် စည်းရုံးရေးဆင်းနေတာတွေ့ရတယ်။

သူ့စည်းရုံးရေး ဟောပြောပွဲတိုင်းမှာ NLD အစိုးရ ညံ့ဖျင်းကြောင်း ၊ သူတို့ဘယ်လိုတော်ကြောင်း
အမျိုးဘာသာကို ဘယ်လိုစောင့်ကြောင်း အများအမြင်မှာ ရူးပေါပေါ ပုံစံ သူ့ဘက်သူယက်ပြောနေသလို၊ တဖက်ကလည်း လိုင်းပေါ်က ဒီမိုအကောင့်တွေကြားမှာ အကောင့်တုတွေက NLD အစိုးရမကောင်းကြောင်း၊ အမျိုးဘာသာ ဘာညာ စသည်ဖြင့် ပိုစ့်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်တာဝန်တစ်ခုယူပြီး မြေပြင်ရော အွန်လိုင်းကနေပါအကွက်ကျကျ ဝါဒဖြန့်ပေးနေတာ တွေ့ရတယ်

၂ ။ အခြေအနေမှန်ကို သုံးသပ်တတ်ခြင်း

ရမည်းသင်း၊ မိတ္ထီလာကလွဲပြီး မြို့ကြီးရွာကြီးတွေမှာ၊မြန်မာအများစုရှိတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲတိုင်း
ရှုံးဖူးတဲ့ ပြည်သူတွေ လက်မခံတဲ့ အခြေအနေမှန်ကိုသုံးသပ်သိရှိတာကြောင့် သူတို့ရဲ့ စည်းရုံးရေးကို
သူတို့ရဲ့ အောင်မြေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ၊ ကရင်ပြည်နယ်က ရွာငယ်လေးတွေကနေ စတင်တယ်။

နောက်ကွယ်က ဘယ်လို မက်လုံးပေး ဆွဲဆောင်မှုနဲ့ စည်းရုံးသည်ဖြစ်စေ၊ ဘာသာရေး လူမျိုးရေးနဲ့
ရန်တိုက်ပေးပြီး စည်းရုံးသည်ဖြစ်စေ၊ ဒီစည်းရုံးရေးလုပ်ဆောင်မှုတွေဟာ လက်ရှိအချိန်မှာ
ဇောက်ထိုးကျဆင်းနေတဲ့ သူတို့ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ စိတ်ဓါတ်ကို မြှင့်တင်ပေးရာရောက်ပြီး
တဖက်ကို စိတ်ဓါတ်စစ်ဆင်ရေး လုပ်ဖို့ ထိရောက်တာကြောင့် ရွာလုံးကျွတ်ဗျူဟာကို ဆက်တိုက် အသုံးချလာတာ တွေ့ရတယ်။

ရွာငယ်လေးတွေကနေတဆင့် ရွာကြီးတွေ၊ ရွာကြီးတွေဆီကနေတဆင့် ၊ မြို့ငယ်တွေ၊ မြို့ငယ်တွေဆီကနေမှ မြို့ကြီးတွေအထိ
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ စည်းရုံးရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမယ့် အလားအလာ ရှိတယ်လို့
သုံးသပ်ရတယ်။

၃။ အစိုးရအဖွဲ့အတွင်းမှ ဆဲလ်များ အလုပ်လုပ်ခြင်း

တစ်ချိန်ထဲမှာပဲ အစိုးရအပေါ် ပြည်သူလူထု အထင်အမြင်လွဲစေရန်၊ အယုံအကြည်လျော့လာစေရန်အစိုးရအဖွဲံအတွင်း မြုတ်နှံထားခဲ့သော အမြဲတမ်းအတွင်းဝန်များ ၊ မြို့နယ်ထွေအုပ်များ ၊ ပြည်သူများနှင့်တိုက်ရိုက်ဆက်ဆံရသော ကညနရုံး၊
ပတ်စပိုစ့်ရုံး၊ မှတ်ပုံတင်ရုံး၊ လျှပ်စစ်ရုံးစသည်တို့မှ အစိုးရဝန်ထမ်း သူ့လူကိုယ့်ဖက်သားများမှ လာဘ်ပေးလာဘ်ယူမှုများ၊ အဆင်မပြေရန်တမင်အချိန်ဆွဲမှုများ၊ ပညာပြမှုများဖြင့် ပြည်သူလူထုအမြင်၌ အရင်လိုပဲ ဘာမှမပြောင်းလဲသေးပါဘူးဆိုတဲ့ အပြောင်းအလဲ အရသာတကယ်မခံစား၊ မထိတွေ့စေနိုင်ရန် လုပ်ဆောင်နေကြတာ
မြင်နေ တွေ့နေ ကြားနေရသလို တဖက်က လိုင်းပေါ်ဝါဒဖြန့်တဲ့အဖွဲ့ကလည်း အကွက်ကောင်းချောင်းပြီး မဲပေးရတာ မှားပြီ ၊ လက်သန်းဖြတ်ချင်တယ် စသည်ဖြင့် ပြည်သူတွေနဲ့အစိုးရအပေါ် သွေးခွဲပေးလာတာ တွေ့မြင်နေရပါတယ်

ဒီလို တဖက်က မဟာဗျူဟာတစ်ရပ်အနေနဲ့ အကွက်ကျကျထိုးစစ်စတင်လာချိန်မှာ NLD အစိုးရ၊ ပါတီ နဲ့ ထောက်ခံသူတွေ ရရှိပြီးသား အောင်ပွဲတွေအပေါ်မှာ သာယာမနေပဲ အခြေအနေမှန်ကို မြင်တတ် သုံးသပ်တတ်ဖို့လိုပြီး ခံစစ်ကို လုံအောင်ဆောက်ဖို့လိုသလို ငြိမ်မနေပဲတန်ပြန်တိုက်စစ်တွေ စတင်ဖို့လိုလာပါပြီ

အစိုးရအနေနဲ့ တနေ့က ဒေါ်စန္ဒာမင်း အဆိုတင်သွားသလိုပဲ အစိုးရအဖွဲ့မှာ တွဲခေါ်လို့ မရတော့တဲ့သူတွေကို
လက်တွဲဖြုတ်ဖို့ အချိန်တန်ပါပြီ။ ဝန်ထမ်းလောကကို ဆုပေးဒဏ်ပေး စနစ် ပြတ်ပြတ်သားသား ကျင့်သုံးဖို့လိုပါပြီ
သမ္မတကြီး အမိန့်နဲ့ အရင်လူတွေ ထားခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေ အသစ်ပြောင်းဖို့ လုပ်ဆောင်တာ အလွန်မှန်တဲ့ တန်ပြန်တိုက်စစ်ပါ။

NLD အမတ်တွေအနေနဲ့ ရပ်ကျေးဥက္ကဌ အဟောင်းတွေနဲ့ လက်တွဲ အလုပ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်မှု
အားနဲသလို စဥ့်ကိုင်ဆုတောင်းပွဲ ဖြစ်စဉ်လို အမှားစောင့်ပြီးချောက်တွန်းဖို့ချောင်းနေသူတွေနဲ့ အလုပ်လုပ်ဖို့
အဆင်မပြေနိုင်ပါဘူး။ မြို့နယ်ကျေးရွာက ပါတီအဖွဲ့တွေ အချင်းချင်း နေရာလုတာ၊ ပြဿနာ ဖြစ်နေတာ
စတဲ့ ရှမ်းပြည်က ဘထိန်သွားရှင်းရတဲ့ ကိုယ့်တပ်ကိုယ်ပြန်နင်းရတဲ့ အဖြစ်မျိုးတွေ ရှောင်ရှားပြီး ပိုမိုစည်းလုံး ညီညွတ်ကြဖို့ လိုပါပြီ။

ပြည်သူကိုတော့ စိတ်ချပါ။ ကျောချလို့ ဓါးပြမှန်းလည်းသိခဲ့ပြီးပါပြီ။ အမေစုကြောင့်ပဲဆိုဆို ပါတီကို သံယောဇဉ်
ရှိလို့ပဲပြောပြော အချိန်တန်ရင် မဲတစ်ပြားဟာ NLD ပါပဲ။ဒါပေမဲ့ မဲပေးတဲ့ ပြည်သူ၊ အခွန်ထမ်းနေတဲ့ ပြည်သူ
ကျေနပ်အောင် ဖြည့်ဆည်းပေးဖို့ တာဝန်က အစိုးရ၊ လွှတ်တော်အမတ်တွေနဲ့ ပါတီပါ။

ကျတော်တို့ အရင်ထက် ပိုစည်းလုံးပြီးလက်တွေခိုင်ခိုင် တွဲထားကြပါစို့ ...

ZN.H

https://m.facebook.com/story.php?story_fbid=354537248325116&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...