Tuesday, May 21, 2019

မကွေးမြို့တွင် တွေ့ရှိရသည့် ကျည်ဆံ(၇၈၂)တောင့်

,
မကွေးမြို့တွင် တွေ့ရှိရသည့် ကျည်ဆံ(၇၈၂)တောင့်သည် ကပစထုတ် ကျည်များဖြစ်၍ မသင်္ကာဖွယ်ရာ စုံစမ်းတွေ့ရှိခြင်းမျိုး မရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည် မကွေးမြို့မှ နတ်မောက်မြို့သို့ ထွက်ခွာသွားပြီး နာရီပိုင်းအတွင်း ၎င်းတည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်ရှိရာ ကမ်းနားလမ်းမှ ကျောက်သားဥယျာဉ်အရှေ့ဖက် အုတ်ခုံအခြေ၌ တွေ့ရှိရသော ကျည်ဆံ (၇၈၂)တောင့်သည် တပ်မတော်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ ထုတ်သော ကျည်များဖြစ်ကြောင်း မကွေးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးက မှတ်ချက်ပြု ပြောကြားသည်။

“ကျည်တွေက တပ်မတော် ကပစ ထုတ်တွေလို့ တပ်ဖက်က ပြောတယ်။ မကွေးမြို့ဟာ တပ်တွေဝန်းရံ ထားတဲ့မြို့ဖြစ်တယ်။ ရှေ့တန်းပြန် တပ်မတော်သားတစ်ချို့ ရှေ့တန်းကနေ ပိုပါလာပြီးတော့ တပ်ထောက် ကိုပြန်အပ်ဖို့အတွက် သယ်ဆောင်အလာ ကမ်းနားလမ်းမှာ စားသောက် ဖို့လာရင်း ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျကျန်ခဲ့တာမျိုးဖြစ်နိုင်သလို ရှေ့တန်းထွက်ရာမှာ ကျည် အပိုယူ သွားဖို့ သယ်လာတာမှာ ကမ်းနား လမ်းကို စားသောက်ဖို့လာရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါကို တွေ့တဲ့သူက အမှိုက်ထုတ်ထင်လို့ ပဲဖြစ်ဖြစ် ကျည်ဆံတွေမှန်း သိလို့ပဲဖြစ်ဖြစ် အမှိုက်ပုံမှာပစ်ထားခဲ့တာဖြစ်နိုင်တယ်လို့ တပ်ထိန်းအဖွဲ့နဲ့ ကျနော်တို့ က အဲလိုပဲ သုံးသပ်ပါတယ်”ဟု မကွေးမြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူး စိုးသိမ်းထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ခုနှစ် မေလ(၁၂)ရက်နေ့တွင် ပြောသည်။

မကွေးမြို့ ဆားစည့်ရပ် ကမ်းနားလမ်းရှိ ကျောက်သားဥယာဉ်အရှေ့ဖက် အုတ်ခုံအခြေမှ ၂၀၀၅ ခုနှစ်ထုတ် (5.56) အမျိုးအစား ကျည်ဆံ (၇၈၂)တောင့် ကို ၂၀၁၉ခုနှစ် မေလ(၁၀)ရက် နံနက် (၉)နာရီခွဲဝန်းကျင်က ကျောက်သားဥယျာဉ် ဆေးသုတ်လုပ်ငန်းဝင်နေသည့် ဆေးသုတ်လုပ်သားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ နံနက် ၉နာရီခွဲခန့်တွင် ဆေးသုတ်လုပ်သားက အဆိုပါ ကျည်ဆံအိတ်ပေါ်ဖင်ခုထိုင်၍ ဆေးသုတ် နေခဲ့ရာမှ တင်ပါးကို ဆူးသဖြင့် သံစအိတ်ထင်မှတ်ကာ အိတ်ကိုဖွင့်ကြည့်ကြရာ ကျည်ဆံများဖြစ်နေ၍ သက်ဆိုင်ရာသို့ အကြောင်းကြားသဖြင့် စစ်ဆေးခဲ့ရာ ကျည်ဆံများမှာ M-16 , AK-47 , M-21 နှင့် M စီးရီး များ ပစ်၍ရသော ကျည်များဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

အဆိုပါ ကျည်ဆံတွေ့ရှိမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် မကွေးမြို့၌ တွေ့ ဆုံပွဲပြုလုပ်ပြီး နတ်မောက်မြို့သို့ ခရီးစဉ် ဆက်လက်ထွက်ခွာသွားပြီးနောက် နာရီပိုင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နှင့် မသင်္ကာဖွယ်ရာ စုံစမ်း တွေ့ရှိခြင်းမျိုးလည်း မရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #ဖီးနစ်

==========

Tachileik News Agency



https://m.facebook.com/story.php?story_fbid=668590866932598&id=100013450720877

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မကွေးမြို့တွင် တွေ့ရှိရသည့် ကျည်ဆံ(၇၈၂)တောင့်”

Post a Comment

Related Posts Plugin for WordPress, Blogger...