Sunday, September 22, 2019

ပဲ့ပြားပင်ဝါဒနှင့် တပ်ဦးကျွံခြင်း---သရဝဏ်(ပြည်)

,
ပုဂံရာဇဝင်မှာ ရာဇသင်္ကြန်အမတ်ကြီးဟာ ဘုရင်ကို ဖီလာကန့်လန့်တိုက်ပြောဆိုလို့ ရာဇမာန်ရှပြီး နယ်သို့ အပို့ခံရကာ အဆောင်အယောင်တွေသိမ်းဆည်းခံရပါတယ်။ တနေ့တော့ အမတ်ကြီးဟာ လေတိုက်နေတဲ့ အချိန်မှာ ပဲ့ပြားပင်(မြက်ပင်တမျိုး)ကို ကြည့်မိပါတယ်။

ပဲ့ပြားပင်ဟာ လေတိုက်လာတဲ့အချိန်မှာတောင့်ခံ မနေဘဲ ယိမ်းနွဲ့လို့နေပါတယ်။ တောင်လေလာရင် မြောက်ဘက်ကို ယိမ်းတယ်၊ မြောက်ဘက်ကလေတိုက်ရင် တောင်ဘက်ကို ယိမ်းပါတယ်။ အဖြေကတော့ လေပြင်းတိုက်ပြီးတဲ့အချိန်မှာ မယိမ်းမယိုင် ကြံ့ကြံ့ခံခဲ့တဲ့ သစ်ပင်တွေဟာ ကျိုးကျ၊ အပိုင်းပိုင်းလဲဖြစ်ကြပေမဲ့ ပဲ့ပြားပင်ကတော့ ကျိုးတာပြတ်တာမဖြစ်ဘဲ အကောင်းပကတိအတိုင်း ဖြစ်ကျန်ခဲ့ပါသတဲ့။ အဲဒီကစလို့ ရာဇသင်္ကြန်အမတ်ကြီးဟာ ပဲ့ပြားပင်လိုပဲ ကျင့်သုံးပါသတဲ့။

ဟိုဘက်ယိမ်းလိုက် သည်ဘက်ယိမ်းလိုက်ပေါ့။ အသက်လည်းရှည် စည်းစိမ်လည်း ပြန်ရပါသတဲ့။ လောကထဲမှာ နေနည်းထိုင်နည်း၊ ရေလိုက်ငါးလိုက် (Water flow, fish follow) နည်း ဗျူဟာကို တွေ့ရှိသွားတာပါပဲ။ နိုင်ငံရေးမှာဆိုရင် ဖော်လိုလိုက်တဲ့ဝါဒပေါ့။ အချို့သူများဟာ ပဒေသရာဇ် ခေတ်မှာ မင်းလိုလိုက်မင်းကြိုက်မြှောက်ခဲ့ကြတာပေါ့။

အဲဒီလူတွေပဲ အင်္ဂလိပ်ဝင်လာတော့ ဘုရားထူးဖို့ ဝန်မလေး သူတွေဖြစ်ပြီး နေရာတွေယူပြန်ရော၊ ဂျပန်ခေတ်ကိုရောက်တော့ ဟိုက်ဟိုက်နဲ့ မာစတာခေါ်ကာ ကိုယ့်နေရာကိုမပျောက်အောင် ထိန်းထားနိုင်လေရဲ့။ သခင်ခေတ်မှာ သခိုးငတင်ကလည်း သခင်ငတိုးဆိုပြီး ခါတော်မီသခင် လုပ်ပစ်ရတာပဲ။ အဲဒီလိုပဲအခြေအနေကိုကြည့်ပြီး မီးစင်ကြည့်ကတတ်သူတွေ ခေတ်အဆက် ဆက်အလုပ်ဖြစ်တာပဲ။ နောက်လိုက်နောက်ပါ ခပ်ပြိန်း ပြိန်းအချို့ သာ ကိုယ့်ဆရာကိုင်စွဲထားတဲ့မူဝါဒတခုကို  မသေမချင်းဆုပ်ကိုင်မိလို့ ပိုက်ဘောကြီးတွေမိပြီး ဒုက္ခရောက်ကြရတာပါပဲ။

ပြောရရင် မောင်သွေးချွန်ကစရမယ်။ သူ့ ဘာသာဘုရားတရားလုပ်နေတာ အဟုတ်သား။ စာပေဝေဖန် ရေးဆောင်းပါးတွေရေးနေတာ အဟုတ်သား။ မဂ္ဂဇင်းအချို့မှာ အယ်ဒီတာလုပ်နေတာအဟုတ်သား။ ဒါပေမဲ့ အချို့သော ဘာသာရေးအစွန်းရောက်သူများ အဖွဲ့ကခေါ်ပြီး လခကောင်းကောင်းပေးလို့ အစွန်း ရောက် မျိုးချစ်ဂျာနယ်တခု၊ နှစ်ခုမှာ အယ်ဒီတာချုပ်ရာထူးခန့်ထားခံရပြီးတဲ့နောက်ပိုင်း သူဟာဆရာကြီး တွေချပေး တဲ့လမ်းကြောင်းမှာ စိတ်ရောကိုယ်ပါနှစ်ပြီး Key Player  အဖြစ် စိတ်ပါလက်ပါကစားတော့တယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုဆန့်ကျင်တယ်၊ ဦးဟင်နရီဗန်ထီးယူကိုဆန့်ကျင်တယ်၊ ဗလီတွေကို ဆန့်ကျင်တယ်၊ ခရစ်ယာန် ဘုရားကျောင်းတွေကို ဆန့်ကျင်တယ်။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကလွဲလို့ အခြားဘာသာမရှိတော့တဲ့အတိုင်း၊ ဗမာလူမျိုးကလွဲလို့ အခြား လူမျိုးတွေဟာ မသမာသူတွေလိုလို ဟောပြောတယ်၊ ရေးသားတယ်၊ လူပြိန်းကြိုက် လှိမ့်လုံးခြောက်လုံးတွေသုံးတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် ဗုဒ္ဓဘာသာပျောက်ကွယ်တော့မလို၊ အစ္စလာမ်ဗလီတွေ တနိုင်ငံလုံးမှာဖုံးလွှမ်းတော့မလိုလို၊ မြန်မာတမျိုးလုံးပျောက်တော့မလိုလို စသည်ဖြင့် သူ့ဂျာနယ်တွေဖြစ်တဲ့ သာကီသွေးတို့၊ ဘာတို့ကနေ ရေးတယ်။ မင်းကင်းနယ်ဘက်က ဟောပြောပွဲတခုမှာ နိုင်ငံတော် ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ လွှတ်တော် (ထိုစဉ်က)ဒုဥက္ကဋ္ဌဟာ ခရစ်ယာန်ဖြစ် တယ်။ ဒါ့ကြောင့် မကြာခင် ဗုဒ္ဓဘာသာပျောက်တော့မယ်လိုလိုတွေ၊ အစွန်းရောက်အယူအဆတွေကို ဦးဝီရသူနဲ့ ပူးတွဲဟောပြောလို့ နိုင်ငံတော်အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲတာခံရပြီး ထောင်ဒဏ် (၂)နှစ်ချမှတ်ခံရတယ်။

မောင်သွေးချွန် အလွန်အထင်ကြီးအားကိုးခဲ့တဲ့ အမျိုးဘာသာစောင့်ရှောက်ရေးအသင်း(မဘသ)ဆို တာလည်း မရှိတော့ပါဘူး။ အဲဒီအသင်းကနေ ကိုယ်ပွားလိုလို ပုံတူလုပ်ထားတဲ့ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းဆိုတာလည်း အခုအခါမှာ တရားမဝင်ကြေညာခံလိုက်ရပါပြီ။ တရားဝင်ရပ်တည်လို့မရတော့ပါ။ ဦးဝီရသူနဲ့ပေါင်းခဲ့တာ၊ အစွန်းရောက်မျိုးချစ်၊ အစွန်းရောက်ဘာသာရေးမှိုင်းမိ တရားတွေဟောခဲ့တာ တန်ရဲ့လားလို့ အခုအချိန်မှာ မောင်သွေးချွန်ဟာ ခေါင်းအေးအေးနဲ့ စဉ်းစားနေတော့မှာအမှန်ပါပဲ။ သူသိပ်မုန်းတီး ဆန့်ကျင်ခဲ့တဲ့ အစ္စလာမ်ဗလီတွေမှာ တပ်မတော်ရဲ့ခေါင်းဆောင်တွေဟာ အလှူတွေလုပ်လို့ မူဆလင်တွေနဲ့ ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်နေပါပြီ။ ခရစ်ယာန်တွေနဲ့လည်း ချစ်ကြည်နေလိုက်ပုံက တရားစွဲခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်ကိုတောင် အမှုကနေ ပြန်လည်ရုပ်သိမ်းပေးလိုက်ပါပြီ။ ဒါတွေကို မြင်ရင် မောင်သွေးချွန်တို့ အရင်ကလို အားလုံးကိုရန်လုပ်ဦးမှာလား၊ ငါ့အယူအဆတွေတော့ ခေတ်မမီတော့ဘူးဆိုပြီး ပဲ့ပြားပင်လို လေယူရာလိုက်ယိမ်းမလား၊ အရာရာဟာ ပြောင်းလဲတတ်ပါလားဆိုပြီး မတည်မြဲသော အနိစ္စတရားကိုပဲ ပိုမိုပြီးတရားပေါက်သွားမလား သိချင်စမ်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် တပ်ဦးကျွံခဲ့သူ မောင်သွေးချွန်တယောက် အရာရာကိုပြန်လည်သုံးသပ်ဖို့ နောက်မကျသေးပါဘူး။ မကြာခင် ၂ဝ၂ဝ မှာ အပြင် လောကကြီးထဲကို ပြန်လည်ရောက်ရှိလာမှာပါ။ အဲဒီကျရင် မျက်မှန်စိမ်းတွေကျွတ်ပါစေလို့ ရိုးရိုးသားသားပဲ ဆုတောင်းပါတယ်။

နောက်တယောက်ကတော့ ဦးဝီရသူပါ။ TIME မဂ္ဂဇင်းက ဦးဝီရသူမျက်နှာဖုံးဓာတ်ပုံနဲ့ The Face of Buddhist Terror  (ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒ၏မျက်နှာစာ)ဆိုတဲ့ပြီး အာရှတိုက်တွင် မူဆလင်ဆန့်ကျင်ရေး ကြီးထွားလာစေရန် စစ်သွေးကြွရဟန်းတပါး ဘယ်လိုသွေးထိုးလှုံ့ဆော်ခဲ့သလဲဆိုပြီး ဆောင်းပါးရှင် Hannah Beech ကရေးလိုက်တော့ အဲဒီအချိန် (၂ဝ၁၃ လောက်က) မဂ္ဂဇင်းမှာပါလာတော့ ကျွန်တော်တို့ ဧည့်လမ်း ညွှန်တိုးရစ်ဂိုဒ်တွေခမျာ ဘုမသိ ဘမသိ မခံနိုင်တွေဖြစ်ပြီး နိုင်ငံခြားသားတွေနဲ့ ငြင်းရခုံရ ရန်ဖြစ်ရတာ တွေဖြစ်လို့။ စာရေးသူကိုယ်တိုင်တောင် ဦးဝီရသူကို  ဒီလိုဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီ အမည်တပ်ပြီး ပြောကြတာကို သဘောမတူလို့ တိုးရစ်တွေကို အတော်ကြီးကန့်ကွက်ခဲ့ပါသေးတယ်။

နောက်တော့လည်း အမှန်တရားဟာ ကြာကြာဖုံးကွယ်ထားလို့မရဘူး။ ဦးဝီရသူရဲ့ မူဆလင်ဆန့်ကျင်ရေး၊ အစွန်းရောက်ဟောပြော ချက်တွေဟာ ပြည်တွင်းပြည်ပ မကြားချင်အဆုံး ဖြစ်လာတာပါဘဲ။ ကုလသမဂ္ဂလူ့ အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီကို ပြည့်တန်ဆာလို့ဆဲတာ၊ မူဆလင်ကိုယူမယ့်အစား ခွေးကိုယူဖို့ တိုက်တွန်းတာ၊ ဘုန်းကြီးကို လင်တော်ခိုင်းတာတွေ စတဲ့လွန်လွန်ကြူးကြူးပြောဆိုမှုတွေကြောင့် ယဉ်ကျေးသောလူ့အသိုင်းအဝိုင်းမှာ ဘယ်သူကမှ သူ့ကို မထောက်ခံပါ။ ဒါပေမဲ့ ထောက်ခံသူတွေက ထောက်ခံ၊ ဆွမ်းကပ်သူတွေက ဆွမ်းကပ်၊ ကိုးကွယ်သူတွေက ကိုးကွယ်ခဲ့ကြပါတယ်။ ဦးဝီရသူဟာ မူဆလင်ဆန့်ကျင်ရေးလမ်းကြောင်းကနေ နောက်ပိုင်းမှာတော့ မူဆလင်ရော ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေး၊ စစ်တပ်ထောက်ခံရေးလမ်းကြောင်း တွေကို ပြောင်းလာခဲ့ပါတယ်။ နောက်ဆုံးတော့ တည်ဆဲဥပဒေနဲ့တည့် တည့်တိုးပြီး ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဝရမ်းပြေးဘဝနဲ့ သတင်းတွေကြည့်ရတဲ့အခါ သူသိပ်မုန်းတဲ့ အစ္စလာမ် ဗလီတွေမှာ သူသိပ်ချစ်တဲ့သူတွေအလှူအတန်းလုပ်နေတာတွေကိုမြင်ရင် နောင်တပဲရမလား၊ တိုင်နဲ့ခေါင်းနဲ့ပဲ ပြေးဆောင့်မလား၊ ငါတို့ခေါင်းဆောင်လုပ်တာမှန်တယ်။ ငါလည်း သူတို့နဲ့အတူလိုက်ပါပြီး အပြစ်တွေကို ခဝါချလို့ အလှူဒါနတွေပြုရင်ကောင်းမယ်လို့ တွေးနေမလား သိချင်လှပါတယ်။ ဝရမ်းပြေးဆရာတော်ဘုရားဟာ လူမှုကွန်ရက် VK တို့၊ ဘာတို့ကနေ LIVE မလွှင့်တာကြာလို့ အသက်ရှိသေးရဲ့လားတောင် စိုးရိမ်မိပါတယ်။

နောက်တယောက်ကတော့ ကျော်မြင့် (ခေါ်)မိုက်ကယ်ကျော်မြင့်ပါ။ သူနဲ့အတူ သီဟမျိုးနိုင်ဆိုသူကို တောင်ဒဂုံမှာ အစ္စလာမ်ဘာသာဝင်တွေ တရားဝင်ဝတ်ပြုဆုတောင်းနေတာကို လူစုလူဝေးနဲ့သွားပြီး ဆူပူသောင်းကျန်းခဲ့လို့ ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ကျခံခဲ့ရတာပါ။ စိုးထွန်းရှိန်ဆိုသူကတော့ တရားခံပြေးအဖြစ် ပြေးနေဆဲဖြစ်ပါတယ်။ ၂ဝ၁၉ ဇွန်လ ၁၄ ရက်နေ့က တောင်ဒဂုံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ချိန်တွင် မိုက်ကယ်ကျော်မြင့် က ''တရားမဝင်ဗလီတွေကို ဖော်ထုတ်တဲ့ကောင်ကျ တော့ ၅ဝ၅(ခ)နဲ့ တရားစွဲတယ်။ တရားမဝင်ဗလီဆောက်လုပ်ထားပါတယ်ဆိုပြီးတော့ ဝန်ခံလက်မှတ် ထိုးထားတဲ့ကောင်တွေကျတော့ အရေးယူမှုမရှိဘူး။ ဗုဒ္ဓဘာသာကို အကျင့်ပျက်ဘာသာဖြစ်အောင်လုပ်တဲ့ ကောင်တွေကို မိုက်ကယ်ကျော်မြင့်က စိန်ခေါ်တယ်။ တရားခွင်ကိုလာနားထောင်ကြည့်''လို့ အချုပ်ကားပေါ်က ပြောခဲ့ပါတယ်။ ဗလီကို သူတော်တော်မုန်းပုံပါပဲ။

ယခုအချိန်မှာ ချောက်မြို့မှာ ပိတ်ထားတဲ့ဗလီနှစ်လုံး ပြန်ဝတ်ပြုခွင့်၊ ဖွင့်ခွင့်ပြုလိုက်ပြီဆိုတာသာသိရင် သူတော်တော်ယမ်းပုံမီးကျဖြစ်မယ် ထင်ပါတယ်။ ထောင်ကထွက်လာမှ သူဒီကိစ္စကိုဆက်ပြီးဆန္ဒပြချင် ရင်လည်းပြပေါ့။ ဒါပေမဲ့ ဘယ်သူက ဘာကြောင့် ဘယ်လိုဆိုတာတွေကိုတော့ မိုက်ကယ်ကျော်မြင့်တို့သာ ဥာဏ်နည်းနည်းရှိခဲ့မယ်ဆိုရင် တွေးတောစဉ်းစား ကြည့်မိကြမယ်ထင်ပါတယ်။ မောင်သွေးချွန်လို၊ ဦးဝီရသူလို၊ မိုက်ကယ်ကျော်မြင့်ဟာလည်း တပ်ဦးကျွံ ပြီး လူကျွံဘောဖြစ်သွားရှာသူပါပဲ။

နောက်တယောက်ကတော့ ဖေ့စ်ဘွတ်ဆယ်လီဘူးလက်လှဆွေပါပဲ။ ဘူးလက်လှဆွေဟာလည်း မျိုးချစ်ဆိုသူတွေလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ အမြဲလိုတက်ရောက်ဟောပြောလေ့ရှိတဲ့ ပုဂ္ဂိုလ်ပါ။ အခုအချိန် မှာ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိဘဲ အောင်ဝင်းခိုင်တို့၊ ဦးဝီရသူတို့၊ စိုးထွန်းရှိန်တို့ လမ်းစဉ်ကို လိုက်လို့ တရားခံပြေးဖြစ်နေပါတော့တယ်။ သူသည်လည်းပဲ ပြောင်းလဲလာတဲ့ ကမ္ဘာ့အနေအထား၊ မြန်မာ့ အနေအထားတွေကိုသာသိရင် စင်ပေါ်တက်ပြီး အစိုးရကိုဆဲမှာ မဟုတ်လောက်ပါဘူး။ အခြေအနေကိုကြည့် ပြီး ဘရိတ်မအုပ်တတ်ခဲ့တဲ့ ဘူးလက်ကြီး အခုလောက်ဆိုနောင်တ ရနေလောက်ပြီထင်ပါတယ်။

 အဲလိုသာဆို ငါမဆဲခဲ့ပါဘူးကွာ၊ အခုတော့ တောက်ဆိုပြီး မချိတင်ကဲဖြစ်နေမှာ မြင်ယောင်ပါတယ်။ ကြမ်းကျွံရင် နုတ် လို့ရတယ်၊ စကားကျွံရင်နုတ်လို့မရဘူးဆိုတာ မောင်သွေးချွန်တို့၊ ဦးဝီရသူတို့၊ ဘူးလက်လှဆွေတို့ သဘော ပေါက်လောက်ကြပါပြီ။ မီဒီယာတွေ၊ ပြည်သူလူထုတွေက ဘယ်သူတွေ ဘာပြောခဲ့တယ်၊ ဘယ်သူတွေ ဘယ်ဘက်ကရပ်တည်ခဲ့တယ်ဆိုတာ အားလုံးမှတ်ထားကြတာပါ။ ပြီးမှ အရူးကွက်လာနင်းလို့လည်း ရမည် မထင်ပါ။

အခုဆိုရင် တပ်မတော်ခေါင်းဆောင်များနဲ့ မြန်မာပြည်တွင်းက အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် အစရှိတဲ့ ဘာသာရေးခေါင်းဆောင်များဟာ အလွန်တရာကိုချစ်ကြည်ကုန်ကြပါပြီ။ တပ်မတော်ခေါင်းဆောင်များဟာ မိုက်ကယ်ကျော်မြင့်တို့လို၊ မောင်သွေးချွန်တို့လို၊ ဦးဝီရသူတို့လို မမိုက်ရိုင်းပါဘူး။ အေးအေးလူလူ လက်ဆွဲနှုတ်ဆက်ပြီး ဆီတွေ၊ ဆန်တွေ၊ ငွေကြေးတွေ အလှူအတန်းပြုလို့ အလွန်ကိုချစ်ကြည်နေကြပါ ပြီ။ ဒီလိုချစ်ကြည်နေတာဟာ ကောင်းလွန်းလို့ အစွန်းရောက်မျိုးချစ်ဆိုသူတွေ၊ လက်ကျန်ခေါင်းဆောင်တွေတောင် ဘာမှစကားမပြောနိုင်ဘဲ ငေးကြည့်နေရပါတယ်။ အခြားသူတွေ ကုလားဗလီကိုသွားရင် ဆော်လိုက်မယ်၊ ဆူလိုက်မယ်၊ ဆန္ဒပြလိုက်မယ်ဆိုတဲ့ အသိဥာဏ်တထွာတမိုက်နဲ့ လူတွေလည်း အခုတော့ ယောင်ချာချာတွေ ဖြစ်ကုန်မှာပါ။ ဘာကြောင့်ပဲ သွားသွား၊ ဘာကြောင့်ပဲလှူလှူ  အလှူဆိုတာကောင်းတာ ချည်းပါပဲ။ တခါတုန်းက စာရေးသူအိမ်မှာ ဆွမ်းကျွေးအလှူလုပ်ဖို့ ဘုန်းကြီးကျောင်းမှာသွားပြီး ဆွမ်းဖိတ်တော့ ကျောင်း ထိုင်ဆရာတော်က မေးပါတယ်။

''ဒကာကြီး ဘာလို့ဆွမ်းကျွေးတာလဲ''တဲ့
''ဘာရယ်မဟုတ်ပါဘူး ဘုရား အလှူလုပ်ချင် စိတ်ပေါက်လို့ ဆွမ်းဖိတ်ကျွေးတာပါဘုရား''ဆိုတော့
''ကောင်းတယ်၊ သဒ္ဓါဆွမ်းပေါ့၊ တချို့တွေက ဘယာဆွမ်းတို့၊ အသုဘရက်လည်ဆွမ်းတို့၊ မြေဆင်း သပိတ်တို့ ဘာတို့လည်းရှိတယ် ဒကာရ''လို့ ပြောပါတယ်။ အဲဒီတော့ ဘာကြောင့်ပဲ ဘယ်သူ့ကိုလှူလှူ ကောင်းတာပေါ့။ ကျောင်းထိုင်ဆရာတော်ပြောသလို သဒ္ဓါဆွမ်းဆို ပိုကောင်းတာပေါ့လေ။ အလှူဆိုတာ ကတော့ ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကိုပဲ လှူလှူကောင်းတာပါပဲ။

အဲဒီလို ဘာသာပေါင်းစုံချစ်ချစ်ခင်ခင်နေကြဖို့ စာရေးသူတို့ မြို့ပေါင်းနယ်ပေါင်းများစွာမှာ ''မေတ္တာတရားနဲ့ နိုင်ငံတော်''ဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ပြီး ''သင့်မြတ်ငြိမ်းချမ်းအနာဂတ်လမ်း''ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်ခဲ့ကြဖူးပါတယ်။ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) ဦးဆောင်လို့ စာရေးဆရာပေါင်းစုံ မြို့အနှံ့နယ်အနှံ့ ဟောခဲ့ပြောခဲ့ကြပါတယ်။ အနော်မာ၊ သရဝဏ်၊ မာန်(တောင်လုံးပြန်)၊ ဦးဘုန်း(ဓာတု)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ချစ်ဦးညို၊ ညီမင်းညို၊ နှင်းဝေငြိမ်း၊ မီမိုး၊ ခင်သန္တာ၊ ချောအိမာန်၊ ခရမ်းပြာ၊ ကြယ်ရီလင်းစစ်၊ ကိုဦးဆွေ စသည် စသည် များစွာသော စာရေးဆရာများနှင့်အတူ  ဗုဒ္ဓဘာသာ ဆရာတော် သံဃာတော်များစွာ အတူတကွ ပါဝင်ဟောပြောခဲ့ကြပါတယ်။ အဲဒီတုန်းက အစ္စလာမ်ဆန့်ကျင်ရေး၊ ဗလီဆန့်ကျင်ရေး၊ ကုလားဆန့်ကျင်ရေး၊ ခရစ်ယာန်ဆန့်ကျင်ရေး အစွန်းရောက်မျိုးချစ်တွေ တအားခေါင်း ထောင်နေတဲ့အချိန်မှာ စွန့်စွန့်စားစားလုပ်ခဲ့ကြရတာပါ။ ဟောပြောပွဲတွေမှာ မျိုးချစ်ဆိုသူတွေက သူတို့အတွင်းဒလံတွေလွှတ်ပြီး ပွဲဖျက်ဖို့ အမျိုးမျိုး အနှောင့်အယှက်ပေးခဲ့ကြတာပါ။

ဘာပဲဖြစ်ဖြစ် ဘယ်သူတွေပဲ နှောင့်ယှက်နှောင့်ယှက် နိုင်ငံတော်တည်ငြိမ်မှ တယောက်နဲ့တယောက်၊ ဘာသာတခုနဲ့တခု ရန်မီးမပွားဘဲ ငြိမ်းချမ်းနေမှ နိုင်ငံတော်ဟာ ဒီမိုကရေစီ အပင်ပေါက်ကလေး အညွှန့်အညှောက်ထွက်မယ်၊ တိုင်းပြည် အေးချမ်းသာယာမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့ စာရေးဆရာတွေက လိုက်လံဟောပြောခဲ့တာပါ။ ဟောပြောပွဲတိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူတွေ၊ ဆစ်ခ်ဘာသာဝင်တွေ၊ ခရစ်ယာန်တွေက သူတို့နစ်နာချက်တွေကို တင်ပြဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင်တွေမဟုတ်လို့သိအောင် တင်ပြပေးပါမယ်လို့ပဲ ဖြေခဲ့ကြပါတယ်။ တကယ်လည်း ဘာမှမတတ်နိုင်ပါ။

အချို့သော မူဆလင်များက ပိတ်ထားသော ဗလီများပြန်ဖွင့်ပေးပါလို့ ပြောကြပါတယ်။ ပိတ်တာက ကျွန်တော်တို့ မဟုတ်လို့ဖွင့်တာတော့ ကျွန်တော်တို့ လည်းမတတ်နိုင်ပါ။ နိုင်ငံတော်အဆင့်တွေကို ဘယ်လို စာပို့ပါလို့ပဲ ပြောခဲ့နိုင်ပါတယ်။ ပန်ချာပီခေါင်းပေါင်းကြီးနဲ့ ဆစ်ခ်ဘာသာဝင်တဦးကတော့ ချောက်မြို့ ဆွေးနွေးပွဲမှာ သူတို့ဆစ်ခ်ဘာသာဝင်တွေအတွက် ခေါင်းပေါင်းဟာ ဘာသာရေးအထွတ်အမြတ်ဖြစ်လို့ အိပ်ချိန်နဲ့ ရေချိုးချိန်ကလွဲရင် ဘယ်တော့မှ မချွတ်ရပါဘူး။ ဓာတ်ပုံရိုက်ရင်လည်း ခေါင်းပေါင်းနဲ့ပဲရိုက်ရပါတယ်။ ဦးနုလက်ထက်မှာရော၊ ဦးနေဝင်းလက်ထက်မှာလည်း ဒါကိုလက်ခံပါတယ်။ အဲဒါကို အခုခေတ်ကျမှ မှတ်ပုံတင်လုပ်ဖို့ ဓာတ်ပုံရိုက်ရင်၊ ပတ်စ်ပို့လုပ်ဖို့ ဓာတ်ပုံရိုက်ရင် ခေါင်းပေါင်းကိုချွတ်ပြီးမှ ရိုက်ရမယ်လို့ အတင်းအကျပ်ပြောနေပါတယ်။ ဒါကိုလူကြီးတွေသိအောင် ပြောပြပေးပါလို့ ကျွန်တော်တို့ကို ပြောပါတယ်။ အဲဒီတော့ ဘာသာပေါင်းစုံ အတူတူငြိမ်းချမ်းစွာနေမယ်ဆိုရင် သူ့ဘာသာ ကိုယ့်ဘာသာ သူ့ဓလေ့ထုံးစံ ကိုယ့်ဓလေ့ထုံးစံကို အပြန်အလှန်လေးစားကြဖို့ လိုပါတယ်။ တဖက်ပိတ်ဝါဒနဲ့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလုပ်မယ် ဆိုရင်တော့ အထက်ကဖော်ပြခဲ့တဲ့သူတွေလို တပ်ဦးတွေကျွံ၊ လူကျွံဘောတွေဖြစ်၊ ထောင်ကျသူကျ၊ ဝရမ်းပြေးဖြစ်သူဖြစ်ကုန်မှာပါပဲ။

ကမ္ဘာပေါ်မှာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ထီးတည်းကြီးနေလို့ မရတော့ပါဘူး။ ဆရာဒဂုန် တာရာပြောသလို ဝတ်မှုန်ကူးကြဆိုသလို အပြန်အလှန်ကူးလူးဆက်ဆံကြရမှာပါ။ အစွန်းရောက်အဖွဲ့တွေဖွဲ့ပြီး ဘယ်ဘာသာကိုဆန့်ကျင်မယ်၊ ဘယ်လူမျိုးကို ဆန့်ကျင်တယ်လုပ်နေရင် ကိုယ်အားထားရာ ကိုယ်လေးစားရာ လူတွေကလမ်းကြောင်းပြောင်းပြီး မောင်းနှင်လိုက်တဲ့အခါ ကိုယ်ကထင်းထင်းကြီး ဘေးရောက်သွား တတ်ပါတယ်။
နေ့စားခရလို့ယောင်သူတွေ၊ သူများပြောလို့ ဟုတ်နိုးနိုးလုပ်နေသူတွေ၊ လူရာဝင်ချင်လို့ ထအော်နေသူတွေ စဉ်းစားကြပါ။  ကျားကျားမီးယပ် ဘာလာလာ ဒါပဲ လုပ်နေလို့ကတော့ ထိုးကျွေးခံရတဲ့ ပွန်းရုပ်ကလေးတွေလို ဖြစ်သွားပါမယ်။ သဒ္ဓါဆွမ်းပဲ ကပ်ကပ်၊ ဘယာဆွမ်းပဲကပ်ကပ် ကောင်းတာလုပ်ရင် တော့ ကောင်းတာဖြစ်မယ်လို့ ဘုရားဟောထားတာ လည်းရှိတာပဲမဟုတ်လား။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်မလိမ်ညာဘဲ ရင်ထဲက ဆန္ဒအရင်းအမှန်နဲ့ ရိုးရိုးသားသားပြောင်းလဲကြဖို့ပါပဲ။

သရဝဏ်(ပြည်)

https://www.facebook.com/343551955682612/posts/2419862211384899/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပဲ့ပြားပင်ဝါဒနှင့် တပ်ဦးကျွံခြင်း---သရဝဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...