Monday, September 23, 2019

တန်လို့လား မေမေရယ်

,
ဒေါ်စုလော်လီ ကိုဇာနည်ထိုက်ကတော့ အခုလို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ အရေးယူခံရမယ့်စာရင်းထဲ ဒေါ်စုပါတော့မယ့် အခြေအနေကို
 ရင်ထုမနာ "တန်လို့လား မေမေရယ်" လို့ မချိတင်ကဲ ငြီးငြူပါတယ်။

 သူတင်မဟုတ်ဘူး။ အခြားဒေါ်စုကို ကြည်ညိုချစ်ခင်သူ အတော်များများရဲ့ ရင်ထဲမှာလည်း အလားတူဝေဒနာကို ခံစားနေရမှာပါ။
သူတို့ ရင်ထုမနာ ဖြစ်မယ်ဆိုလည်း ဖြစ်လောက်စရာပါ။

ပြန်ကြည့်ရင် ဒေါ်စုဟာ
သူအာဏာရလာတာနဲ့ တပြိုင်နက် -

- စစ်တပ်ဗိုလ်ချုပ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ လုပ်ငန်းစည်းစိမ်တွေ ပြန်လွတ်လာဘို့ အမေရိကန် နဲ့ အနောက်အုပ်စုထံ တောင်းဆို ရယူပေးခဲ့တယ်။

- စစ်အုပ်စု နဲ့ ခရိုနီများရဲ့ အကျိုးစီးပွား ပြည်တွင်းက ပရောဂျက်တွေကို ဆက်လက်လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ လက်ပံတောင်းလို မြစ်ဆုံလို ပရောဂျက်ကြီးတွေမှာ စစ်အုပ်စု နဲ့ ၄င်းတို့ရဲ့ မဟာမိတ် တရုတ်နိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တယ်။

- မဘသ အလိုကျ အစ္စလာမ် ဘာသာဝင်တွေကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းကနေ ထုတ်ပယ်ခဲ့တယ်။

- အစိုးရအဖွဲ့အတွင်းမှာလည်း စစ်အုပ်စု လက်ကိုင်တုတ်တွေဖြစ်တဲ့ မှူးဇော်တို့ ဦးသောင်းထွန်းတို့ကို မျက်နှာစာနေရာမှာ နေရာချထားပေးခဲ့တယ်။

- ရွှေမန်းကို အရေးပေါ်ကိစ္စရပ်များ ကော်မရှင်နေရာပေးခဲ့သလို အခု ဦးအောင်ကြည်နဲ့ ပြည်ထဲရေးက လူတွေကို အဂတိကော်မရှင် လုပ်ပေးခဲ့တယ်။

- စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိုးစစ်ဆင်နွှဲတဲ့ အော်ပရေးရှင်းတွေမှာလည်း သူမကိုယ်တိုင် ညွှန်ကြားခဲ့ကြောင်း တပ်က ထုတ်ဖော်ပြောဆိုခဲ့တာကိုလည်း အများသိတဲ့အတိုင်းပါပဲ။

ဒါတင်မက ဒေါ်စုဟာ စစ်အုပ်စုရဲ့ ယုံကြည်မှုကို ရယူဘို့အတွက် သူမရဲ့ နှစ်လရှည်ကြာ မဟာမိတ်မိတ်ဆွေများကိုလည်း လက်တွဲဖြုတ် ထိုးချခဲ့ပါသေးတယ်။

၈၈ အုပ်စု ခေါင်းဆောင်အများစု အခြားဒီမိုကရက်မိတ်ဆွေများ နဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများကို ၂၀၁၅ ရွေးကောက်ပွဲ အကြိုကါလများမှာ ထိုးချဘို့ ကြိုးစားခဲ့ပါတယ်။

 ဒါတင်မက ပါတီထဲမှာလည်း သူ့သြဇာနာခံမယ့်သူများကိုသာ ရွေးချယ်ခဲ့ပြီး ဒါကို မကျေနပ်တဲ့ အမာခံပါတီဝင်များကိုလည်း ပါတီမှ ရှင်းထုတ်ခဲ့ပါတယ်။

 တသက်လုံး ကိုယ့်အတွက် ရပ်တည်ခဲ့သူတွေကို ရှင်းထုတ်တယ်ဆိုတာမျိုးက ကိုယ့်ခြေလက်တွေကို ရိုက်ချိုးနေသလိုပဲမို့ အံသြမိသလိုတောင် ဖြစ်မိပါရဲ့။
သူမစိတ်ထဲမှာ စစ်အုပ်စု၏ စိတ်ကျေနပ်မှုမှအပ ဘာကိုမှ မရှိတော့သလိုပါပဲ။

စစ်အစိုးရကို ကြံ့ကြံ့ခံ အန်တုခဲ့တဲ့ ဦးဝင်းတင်ကို နောက်ဆုံး နာရီပိုင်းမှ လူနာကြည့် သွားခဲ့သလို
အခြေခံဥပဒေပြင်ဆင်ရေးအမာခံ သူမအတွက် လက်ရှိရာထူးကို ထွက်ပေါက်တခုအဖြစ် ဖန်တီးပေးခဲ့တဲ့ ဦးကိုနီနာရေးမှာလည်း ပန်းခြင်းတခြင်းနဲ့ ပြီးခဲ့ပါတယ်။

ဤအဖြစ်အပျက်တွေကို သူရဦးအောင်ကို သွေးတိုးလို့ ဆေးရုံတရက် တက်ရတာကို လွှတ်တော်မှဆင်းဆင်းချင်း သွားကြည့်တာ နဲ့ သူမကို လုပ်ကြံဘို့ကြိုးစားခဲ့တဲ့ အောင်သောင်းမသာကို လူကိုယ်တိုင် သွားခဲ့တဲ့ အဖြစိအပျက်တွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

တပ်က တောင်းသမျှ ဘတ်ဂျတ်တွေကို သူမရဲ့သြဇာကို ခံရတဲ့ လွှတ်တော်တွင်းက အမတ်တွေက အတည်ပြုပေးခဲ့ပြီး
အဲဒီဘတ်ဂျတ်တွေနဲ့ တပ်က ရခိုင်ဒေသ လူမျိုးတုန်းသတ်ဖြတ်ပွဲလိုမျိုး ရာဇဝတ်မှုတွေ ကျူးလွန်သလို
တိုင်းရင်းသားဒေသတွေမှာလည်း ရမ်းချင်တိုင်း ရမ်းခဲ့ပါတယ်။

သူမဟာ စစ်အုပ်စုအတွက် ဒီလောက် လိုက်လျောခဲ့ပေမယ့် တပ်ဘက်က အပြန်အလှန်သဘော (Trade) လုပ်ပေးခဲ့တာ ဘာဆိုဘာမှ မရှိပါဘူး။

စစ်အုပ်စုအတွက် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဘို့ တောင်းဆိုပြီး ပြန်လာတဲ့ လမ်းမှာတင် တပတ်ကြာ ပေးထားတဲ့ ပြည်ထဲရေးလက်အောက်ခံဌာနများကို ပြန်ယူသွားပါတယ်။

ပြန်ယူရုံတင်မက တိုင်းပြည်အဝှန်း တရားဥပဒေ စိုးမိုးရေး မရှိစေရန် ပစ်ထားလိုက်ပါတယ်။ နေပြည်တော် မန္တလေး ရန်ကုန်စတဲ့ မြို့ပြကြီးတွေမှာ မင်းမဲ့စရိုက်ဆန်ဆန် လုယက်သတ်ဖြတ်မှုတွေ ပေါ်လာသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ဂိုဏ်းတွေဟာလည်း တရားဝင်နီးနီး ဖြစ်လာပါတယ်။

နှစ်ကါလရှည်ကြာ စိတ္တဇဖြစ်နေတဲ့ သူမရဲ့ သမ္မတဖြစ်ခွင့် အိပ်မက်ကို ဆက်လက်ပိတ်ဆို့ထားသလို အခုအခါ ထပ်တိုးပြီး ဗဟိုအစိုးရ အဖွဲ့ဝင်များ နှင့်  ပြည်နယ်တိုင်း အစိုးရများအထိပါမကျန် တင်းကြပ်ဘို့ လုပ်လာပါတယ်။

ဒီနေ့မှာတော့ အတင့်ရဲစွာ လွှတ်တော် ဖျက်သိမ်းရေးဆိုင်ရာ ဥပဒေကြမ်းတရပ်ကို စစ်အုပ်စုက လွှတ်တော်မှာ တင်လာခဲ့ပါတယ်။

လွှတ်တော်ဆိုတာ လက်ရှိအခြေခံဥပဒေအရ ပါဝင်သော စစ်တပ်ကိုယ်စားလှယ်များမှအပ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များဖြင့် ရပ်တည်နေသော အဖွဲ့အစည်းပါ။

 အစိုးရကို ပြည်သူက မကြိုက်လျှင် ဖြုတ်ချခွင့် ရှိသင့်သော်လည်း လွှတ်တော်ကို ဖျက်သိမ်းတယ်ဆိုတာ မရှိသင့်တဲ့ အရာပါ။

ဒီလို issue မျိုးကို တင်လာတယ်ဆ်ုတာ ပြည်သူကို စော်ကားတာနဲ့ အတူတူပါပဲ။ အလားတူ ပြည်သူအများစုက တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို  အမြင့်ဆုံး ခြိမ်းခြောက်လိုက်တာလို့လည်း ပြောလို့ရပါတယ်။

အကျိုးမဲ့ မည်မျှ လိုက်လျောခဲ့သည် ဖြစ်စေ -
ယနေ့အချိန်မှာတော့ သူမဟာ
ရခိုင်ဒေသ အစုလိုက်အပြုံလိုက် လူသတ်ပွဲမှာ
တပ်နဲ့ တသားတည်း ထောက်ခံ ရပ်တည်ခဲ့တဲ့
အကျိုးဆက်ကို ရင်ဆိုင်နေရပါပြီ။

အခုအချိန်မှာ သူမဟာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ပြန်လည်ဆုပ်ကိုင်မယ်
စစ်တပ်အကျိုးစီးပွား မျက်နှာမူရာမှ
ပြည်သူ့အကျိုးစီးပွားအတွက် ပြန်လှည့်မယ် ဆိုရင်တောင်မှ နောက်ကျခဲ့ပြီလို့ပဲ ဆိုရတော့မှာပါ။

"သဗ္ဗေသတ္တာ ကမ္မသကာ"

Thar Lay

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တန်လို့လား မေမေရယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...