Monday, February 10, 2020

၂၀၀၈_ဖွဲ့စည်းပုံအခြေခံဥပဒေပ်ါပေါက်လာပုံ

,
(Video File ကတော့ ၁၉၉၈ ခုနှစ်က လူယုတ်မာများရဲ့ထုတ်လွှင့်မှုပေါ့)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ တပ်မတော်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းတဲ့နေ့မှာပဲ လူထုကို မိန့်ခွန်းပြောရင်း ကတိတွေ ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိမိန့်ခွန်းတွေကို လေ့လာကြည့်ရအောင်…!

"ကျွန်တော်တို့ဟာ နိုင်ငံတော်အာဏာကို လိုချင်လွန်းလို့ သိမ်းယူခဲ့တာမဟုတ်ပါဘူး။ အခြေအနေအရပါ။ အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပေးမယ်။ လူထုကို နိုင်ငံတော်အာဏာ ပြန်အပ်ပေးမယ်" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး…

"ကျွန်တော်တို့ အစိုးရအဖွဲ့ကိုကြည့်ပါ။ ဝန်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ အာဏာကို ကြာကြာမယူပါဘူး။ အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပြီး အာဏာကို အမြန်ဆုံးပြန်လွှဲမှာမို့ အစိုးရအဖွဲ့ကို လူနည်းနည်းလေးနဲ့ ဖွဲ့စည်းထားတာပါ"

"ရွေးကောက်ပွဲပြီးရင် ကျွန်တော်တို့စစ်တပ်က စစ်တန်းလျားကို ပြန်ပါမယ်။ တက်လာတဲ့သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးကြပါ။ ကျွန်တော်တို့စစ်တပ်က မရေးပါဘူး"

"တကယ်လို့များ ကျွန်တော်ရေးရင်… နောင်တချိန် ကျွန်တော့်ကို ပြောကြဦးမယ်။ စောမောင် ဆိုတဲ့ကောင် စောက်သုံးကိုမကျဘူးလို့ ပြည်သူတွေက ကျွန်တော့်ကိုပြောကြဦးမယ်။ အဲ့ဒါကြောင့် ကျွန်တော်မရေးပါဘူး"

၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်းတဲ့နေ့မှာပဲ ပြည်သူလူထုကို ဒီလို ကတိတွေ ပေးခဲ့ပါတယ်။ သူပေးတဲ့ကတိအတိုင်း ၁၉၉၀ ခုနှစ် မေလမှာ ရွေးကောက်ပွဲလုပ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အပြတ်အသက် အနိုင်ရခဲ့ပါတယ်။

မနက်ဖြန်မှာ ကြေငြာချက်ထွက်မယ်၊ ဒီကနေ့ညမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လက်မှတ်နဲ့ ၁/၉၀ ကြေငြာချက် ထွက်လာပါတယ်။ ကြေငြာချက် အပိုဒ် ၂၀ မှာ…, ယခုအနိုင်ရသော ကိုယ်စားလှယ်များသည် အခြေခံဥပဒေကိုရေးဆွဲရန် တာဝန်ရှိသည်တဲ့။

သူပြောတာက အခြေခံဥပဒေကိုရေးဖို့ပဲ တာဝန်ရှိတယ်။ တိုင်းပြည်အုပ်ချုပ်ဖို့ မဟုတ်ဘူးဆိုတဲ့သဘော။ အဲဒီကတည်းက ဦးခင်ညွန့်ဟာ ပြည်သူတွေအပေါ် ကလိမ်ကကျစ်ကျခဲ့တာ။ ဦးသန်းရွှေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းခေါင်းဆောင် ဦးစောမောင်ကို ကျန်းမာရေးမကောင်းဘူးဆိုပြီး အနားပေးလိုက်ကြတယ်။

အမှန်တော့ အနိုင်ရပါတီကို အာဏာလွှဲမပေးချင်လို့ ဦးစောမောင်ကို ဖြုတ်ချလိုက်တာ။ ဦးစောမောင်ဟာ ပြည်သူအပေါ် ပေးခဲ့တဲ့ကတိမတည်နိုင်လို့ နောက်ပိုင်းမှာ စိတ်တွေအလွန်ဖောက်ပြန်သွားခဲ့တယ်။

ဦးခင်ညွန့်ရဲ့ ၁/၉၀ ကြေငြာချက်က…, ခင်ဗျားတို့ကိုအာဏာလွှဲပေးဖို့မဟုတ်ဘူး၊ ခင်ဗျားတို့အလုပ်က အခြေခံဥပဒေကို ရေးရမယ့်တာဝန်ပဲရှိတယ်လို့ ဆိုလိုလိုက်တာပဲ။

NLD ဘက်ကလည်း ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဖို့အတွက် လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူဖို့ လုပ်တဲ့ရွေးကောက်ပွဲဆိုပြီး အခြေအတင် ငြင်းကြ…, ခုန်ကြတယ်။
   
၁၉၉၂ ခုနှစ်မှာ အမျိုးသားညီလာခံ ကျင်းပမယ်ဆိုပြီး ကြေငြာချက်အမှတ် ၁၂/၉၂ ကို ထုတ်ပြန်တယ်။ ၁၉၉၂  ခုနှစ် ကြေငြာချက်အမှတ် ၁၃/၉၂ မှာ…, အမျိုးသားညီလာခံ၏ ဦးတည်ချက်များဆိုပြီး အချက် ၆ ချက် ထုတ်ပြန်တယ်။

အဒီအချက် ၆ ချက်ရဲ့ နောတ်ဆုံးနံပါတ် ၆ မှာ…, မြန်မာနိုင်ငံရဲ့ အနာဂါတ် အမျိုးသာနိုင်ငံရေးမှာ တပ်မတော်၏ ဦးဆောင်မှုအခန်းဂဏ္ဍက အစဉ်တစိုက်ပါဝင်ရေးဆိုတဲ့ အခြေခံမူကိုချပြလိုက်တယ်။

၁၉၈၈ ခုနှစ်မှာ အခြေအနေအရ အာဏာသိမ်းရတာပါ။ ရွေးကောက်ပွဲလုပ်ပေးပါမယ်။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဘူး။ အနိုင်ရကိုယ်စားလှယ်တွေက ရေးကြပါ။

ပြီးရင်…, စစ်တပ်ဟာ စစ်တန်းလျားမှာပဲနေပါမယ်လို့ ကတိတွေပေးခဲ့တဲ့ တပ်မတော်ဟာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်င်ရပါတီကို အာဏာမလွှဲတဲ့အပြင် အကြောင်းအမျိုးမျိုးပြ၊ အချိန်ဆွဲပြီး ၂ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဦးဆောင်တဲ့ အမျိုးသားညီလာခံက ရေးဆွဲရမယ်၊ ရေးတဲ့အခြေခံဥပဒေဟာလည်း နိုင်ငံရေးမှာ စစ်တပ်က အမြဲတမ်းဦးဆောင်ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရမယ်ဆိုပြီး ပေါ်ပေါ်တင်တင်ကြီး ကတိတွေဖျက်ဆီးလိုက်ပါတယ်။ တဖြည်းဖြည်းနဲ့စစ်တပ်ဟာ ပြည်သူကိုဆန့်ကျင်ပြီး ထင်ရာစိုင်းလာခဲ့ပါတယ်။

ဒီလိုနဲ့ ပြည်သူ့ဆန္ဒမပါပဲ စစ်တပ်ထင်ရာစိုင်းနိုင်မယ့် အခြေခံမူဝါဒတွေကို မျက်နှာပြောင်တိုက် ချပြရင်း အခြေခံဥပဒေအား ရေးဆွဲမယ့်ကော်မရှင်ကို စိတ်တိုင်းကျ ဖွဲ့စည်းလိုက်ကြတယ်။

_____________________

#ကော်မရှင်_ဖွဲ့စည်းပုံ

အမျိုးသားညီလာခံကို အစုအဖွဲ့ ၈ ဖွဲ့ ဖွဲ့တယ်။ လူဦးရေအားဖြင့်
၇၀၂ ယောက်နဲ့ တည်ဆောက်တယ်။ ၈ ဖွဲ့မှာ ၇ ဖွဲ့က စစ်တပ်စိတ်တိုင်းကျ စုစောင်းထားတဲ့သူတွေနဲ့ ဖွဲ့ထားတယ်။ 

ကျန်တဲ့တစ်ဖွဲ့က NLD အပါအဝင် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ။ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ၁၀၇ ယောက်။

NLD က ၈၆ ယောက် (အမတ် ၈၁ ယောက်နှင့် ပါတီကိုယ်စားပြု ၅ ယောက်) စစ်တပ်စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ (ဥပမာ  တတ်သိပညာရှင်တို့ တိုင်းရင်းသားတို့) ကိုယ်စားလှယ်တွေက ၅၉၅ ယောက်။
 
စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်း ဦးဆောင်မယ်ဆိုတဲ့ မူကိုချမှတ်လိုက်တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲကြမယ့် လူဦးရေအရေအတွက်ကိုပါ  ပြည်သူ့ဆန္ဒလုံးဝမပါဘဲ သူတို့ဆန္ဒနဲ့ရွေးထားတဲ့ လူ ၅၉၅ ယောက်နဲ့ ၆ ချိုး ၂ ချိုး ခိုးလိုက်သေးတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးတယ်ဆိုတာလည်း စာတန်းဖတ်ပွဲ ကျင်းပနေသလိုပဲ။ လူတယောက်က ရေးပေးထားတာတွေကို တစ်ယောက်ပြီးတစ်ယောက် တန်းစီဖတ်ပြနေကြတာ။တစ်ယောက်က ဖတ်ပြီးရင် စစ်တပ်ကရွေးချယ်ထားတဲ့ ၅၉၅ ယောက်က ဝိုင်းပြီးထောက်ခံကြတယ်။

ပြီးတော့ အတည်ပြုလိုက်ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတမ်းကန့်ကွက်တယ်။ ကန့်ကွက်တော့ မဲခွဲတယ်။  လူ ၇၀၂ ယောက်ရှိတယ်။ ၅၉၅ ယောက်က သူတို့လူဆိုတော့ အဖွဲ့ချုပ်က အမြဲတမ်းရှုံးတယ်။

ရှုံးတော့ အဖွ့ချုပ်က စာတင်တယ်။ိံညီလာခံလုပ်ထုံးလုပ်နည်းပြင်ပေးပါ''

ညီလာခံဆိုတာ…, အဖြေထွက်အောင် ညှိနှိုင်းအဖြေရှာရမှာဖြစ်တယ်။ အဲ့ဒီလို မဲမခွဲရဘူး။ မမျှတတဲ့လူဦးရေနဲ့ မဲခွဲဆုံးဖြတ်မယ်ဆို မတရားဘူး။ ညီလာခံလုပ်ထုံးလုပ်နည်း ပြင်ပေးပါ လို့ စာတင်ပြီး အစည်းအဝေးက ထွက်လာတယ်။
   
နောက်တနေ့မှာ NLD ၈၆ ယောက်ကို ခွင့်မဲ့ပျက်ကွက်တယ် ဆိုပြီး အမျိုးသားညီလာခံကနေ တဖက်သက် ထုတ်ပယ်ပစ်လိုက်တယ်။  NLD ကို ထုတ်ပယ်လိုက်တော့ အမျိုးသားညီလာခံမှာ တကယ့်တကယ်ပြည်သူရွေးတဲ့ ကိုယ်စားလှယ် ၁၃ ယောက်လောက်ပဲ ကျန်တော့တယ်။

NLD ကို ထုတ်ပယ်လိုက်ပြီး အဲဒီအချိန် န.ဝ.တ က ၁၉၉၆ ခုနှစ်မှာ ၅/၉၆ ဆိုပြီး ဥပဒေတစ်ခု ထုတ်ပြန်လိုက်တယ်။

၅/၉၆ ပုဒ်မ ၃ မှာ…, အမျိုးသားညီလာခံက ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာမှ မဝေဖန်ရ/ မပြောဆိုရ/ မဖြန့်ချီရ။

ပုဒ်မ ၄ မှာ…, မလိုက်နာရင် အနည်းဆုံး ထောင် ၅နှစ်ကနေ
အများဆုံး ထောင်အနှစ် ၂၀ ချမှတ်မယ်လို့ ဖော်ပြထားတယ်။

အဲ့လိုတွေ ဥပဒေတွေ ဘာတွေထုတ်ပြန်ပြီးတဲ့နောက် ညီလာခံကြီးက ရှေ့ဆက်မသွားဘဲ ရပ်နေခဲ့တယ်။ ရှေ့လည်းမတိုး နောက်လည်းမဆုတ်နဲ့။ တဖက်မှာလည်း NLD ကို နှိပ်ကွပ်ပါတော့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ကိုယ်စားလှယ်တွေ အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပါတီဝင်တွေကို ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ရပ်ကွက်ထဲမှာ NlD ကို ထောက်ခံတဲ့အကြောင်း ရဲရဲမပြောရဲဘူး။  နေ့ဘက်ပြောရင် ညဥ့်သန်းခေါင်ကျော် မေးစရာရှိလို့ဆိုပြီး လာဖမ်းရော။

ရေဒီယိုတို့ ရုပ်မြင်သံကြားတို့ကနေ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပုတ်ချတဲ့အကြောင်းအရာတွေကို နေ့တိုင်းထုတ်လွှင့်ပါတယ်။ အပြင်မှာလည်း လူစုလူဝေးနဲ့။ လူစုလူဝေးဆိုတာ တစ်အိမ်တစ်ယောက် မလိုက်မနေရနဲ့ ဘောလုံးကွင်းတို့ လေယာဉ်ကွင်တို့မှာ NLD အပုတ်ချပွဲတွေကို အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်ပါတယ်။

ဒီလိုနဲ့ တစ်ဖက်မှာ NLDကို နှိပ်ကွတ်ရင်း၊ တစ်ဖက်မှာ
ပြည်သူမကြည်ဖြူပဲ တိုင်းပြည်အုပ်ချုပ်ရင်း။

၂၀၀၃ မေလ ၃၀ မှာ…, ဒီပဲယင်း လုပ်ကြံမှုကြီး ပေါ်ပေါက်လာတယ်။ ရဟန်းသံဃာတွေ၊  ကျောင်းသူကျောင်းသားတွေ၊ ပြည်သူတွေ ထောင်ပေါင်းများစွာ အသတ်ခံရတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကံအလွန်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။ '

ထူးဆန်းတာက လုပ်ကြံတဲ့သူတွေကို မဖမ်းဘဲ လုပ်ကြံခံရတဲ့သူတွေကို အကုန်ဖမ်းပစ်တာပဲ။ အာဏာရှင်စစ်အစိုးရ ဘယ်လောက်ယုတ်မာသလဲဆိုတာ
အဲဒါပဲကြည့်တော့။

တကယ်လို့သာ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ကျဆုံးသွားခဲ့ရင် ယခုအချိန်ထိ စစ်အစိုးရ အုပ်ချုပ်နေဦးမှာသေချာပါတယ်။ 

ဒီပဲယင်း လုပ်ကြံမှုမှာ… တနိုင်ငံလုံး၊ တကမ္ဘာလုံး ပွက်လောရိုက်ကုန်တယ်။ စစ်အစိုးရရဲ့ ယုတ်မာမှုက ဖုံးမရဖိမရဖြစ်ကုန်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေး ပိတ်ဆို့အရေးယူမှု ပိုမိုတင်းကြပ်လာတယ်။ ဖိအားတွေပေးလာတယ်။ အဲ့ဒီတော့မှ ဒီမိုကရေစီနိုင်ငံတော်ကို အမြန်ဆုံးချီတက်မယ်ဆိုပြီး လမ်းစဉ် ၇ ချက် ချမှတ်ဖော်ဆောင်တယ်။ အမျိုးသား ညီလာခံပြန်ခေါ်မယ် ဆိုပြီး အသံတွေဘာတွေ ထွက်လာတယ်။
 
၂၀၀၄ ညီလာခံ မတိုင်မီ…!

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေတုန်းမှာ အကြိမ်ကြိမ်လာပြီး ညှိနှိုင်းတယ်။ နောက်ဆုံး ညောင်နှစ်ပင်မှာ ကျင်းပမယ့် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ပြန်တက်မယ်လို့ သဘောတူညီမှု ရခဲ့တယ်။

တိုင်းပြည်အတွက် ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းထဲမှာမထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်က အလွန်မြင့်မြတ်လွန်းပါတယ်။ သဘောတူညီမှုရပြီး ညီလာခံလုပ်ဖို့ နှစ်ရက်သုံးရက်အလိုမှာ လာပြောတယ်။ (သဘောတူညီချက်ကို ဖျတ်လိုက်ပြီဲ) တဲ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်… "ရှင်တို့စစ်သားတွေ ယောင်္ကျားတွေဖြစ်ပြီး ကတိမတည်ဘူး" တဲ့။ သဘောတူညီမှုကို တဖက်သက်ဖျတ်လိုက်ပြီး လစ်လပ်နေတဲ့ NLD ကိုယ်စားလှယ်တွေနေရာမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အယောက် ၅၀၀ ထည့်လိုက်တယ်။

ညောင်နှစ်ပင်မှာ အနားယူသွားတဲ့ သမ္မတဟောင်းကြီး ဦးသိန်းစိန်ဝန်ကြီးချုပ်ဘဝမှာ သဘာပတိအဖြစ်ဆောင်ရွက်ရင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး လူတစ်ယောက်ရေးထားတာတွေကို ကိုယ်စားလှယ်တွေက ရေးသလိုလိုနဲ့ ထုံးစံအတိုင်း ဖတ်ပြကြ၊ ထောက်ခံကြနဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပကြလေရဲ့။

၂၀၀၈ ခုနှစ်မှာ ကမ္ဘာကျော် နာဂစ်မုန်တိုင်း တိုက်သွားလို့ ပြည်သူတွေက တားနေတဲ့ကြားက သူတို့စိတ်တိုင်းကျ ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။

မဲပေးခွင့်ရှိသူ ၂၇ သန်း ၂ သိန်းရှိတယ်။ ၂၆ သန်း ၇ သိန်း ဆန္ဒမဲပေးခဲ့ကြပြီး ၅ သိန်းကျော်ပဲ မဲလာမပေးတာပါ။ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံပါတယ် ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အတည်ပြုလိုက်တယ်။

စတင်ရေးဆွဲကတည်းက ပြည်သူ့ဆန္ဒမဲနဲ့ ရွေးထားတဲ့ကိုယ်စားလှယ်တွေကို ထုတ်ပယ်လိုက်ပြီး စစ်တပ်စိတ်တိုင်းကျ ခန့်အပ်ထားတဲ့သူတွေနဲ့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ ပြည်သူ့ဆန္ဒလုံးဝမပါခဲ့ပါဘူး။

ဒါကြောင့်…, ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဖျတ်သိမ်းပြီး  ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကြီး အမြန်ဆုံး ပေါ်ပေါက်လာအောင် နိုင်ငံသူနိုင်င်ငံသားအားလုံး အတူတကွပါဝင် ကြိုးစားကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။

Credit _ မင်းမွန်သွေး

https://m.facebook.com/story.php?story_fbid=143252227145967&id=100043835713429

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈_ဖွဲ့စည်းပုံအခြေခံဥပဒေပ်ါပေါက်လာပုံ”

Post a Comment

Related Posts Plugin for WordPress, Blogger...