Tuesday, February 25, 2020

ဦးဝီရသူစာအုပ် ထွက်ရှိလာ

,
၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပြီး ဘာသာရေးအမုန်းစကားများပါဝင် သော ဦးဝီရသူစာအုပ် ထွက်ရှိလာပြီး MNO အဖွဲ့ဝင်များက  ဖြန့်ဝေ ရောင်းချ

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ ကဲ့သို့ ရွေးချယ်မှု မမှားစေရန်ဟူသော အမှာစာဖြင့် တရားခံပြေး ဦးဝီရသူ ဟောပြောမှုများကို စုစည်းထုတ်ဝေထားသော ၂၀၂၀ အတွက်ေ မးခွန်း ၂၀ နှင့် ပြည်သူ သိစေချင်လို့ပါ စာအုပ်ထွက်ရှိလာပြီး အဆိုပါ စာအုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအစည်းအရုံးMNO အဖွဲ့ဝင်များက ဖြန့်ချိရောင်းချလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း MNO အဖွဲ့ကို အလျှင်အမြန်ဖွဲ့စည်းလာပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အင်းစိန်ရွာမဆရာတော်၏ ၈၁ နှစ်မြောက် မွေးနေ့ ပွဲတွင် MNO အဖွဲ့ဝင်များက ဦးဝီရသူ၏ စာအုပ်များကို ပေါ်ပေါ်ထင်ထင် ဖြန့်ဝေရောင်းချလာခြင်းဖြစ်သည်။ အင်းစိန်ရွာမဆရာတော်၏ မွေးနေ့ပွဲသို့ MNO အဖွဲ့ဝင်များ၊ တပ်ချုပ်ကို ဘွဲ့များ နှစ်ကြိမ်တိုင်တိုင် ပေးအပ်ခဲ့သည့် YMBA ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့၊ နိုင်ငံရေးပါတီတချို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးဝီရသူ၏ စာအုပ်ကို တစ်အုပ်လျှင် ၁၀၀၀ ကျပ်ဖြင့်ရောင်းချခြင်းဖြစ်ပြီး ယင်းစာအုပ်တွင် ထုတ်ဝေသည့် ပုံနှိပ်တိုက်၊ ထုတ်ဝေသူ စသည့် ထုတ်ဝေစာအုပ်များတွင် ပါရှိရမည့် အချက်အလက်များ လုံး ၀ ပါရှိခြင်းမရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းချက်အရ သိရှိရသည်။

MNO အဖွဲ့ဝင်များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဦးဝီရသူစာအုပ်ကို စာအုပ်ဆိုင်များတွင် ဖြန့်ချိရောင်းချခြင်းမဟုတ်ဘဲ မက်ဆင်ဂျာ CB မှတစ်ဆင့်လည်းကောင်း၊ ဖုန်းဆက်၍ လည်းကောင်း မှာယူနိုင်ကြောင်း သတင်းအချက်အလက်များ မျှဝေထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းချက်အရ ဦးဝီရသူစာအုပ်ကို ထောင်ချီ ထုတ်ဝေထားပြီး နိုင်ငံတစ်ဝန်းသို့ ချိတ်ဆက် ဖြန့်ဝေ ရောင်းချလျက်ရှိသည်ဟု သိရှိရသည်။ စာအုပ်အရေအတွက် သောင်းဂဏန်းအထိ ပုံနှိပ်ဖြန့်ချိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန့်နှံ့စေရန်လည်း အမျိုးသားရေးလှုပ်ရှားသူများနှင့် ကွန်ရက်များက ချိတ်ဆက် ဖြန့်ဝေရန်လည်း အစီအစဉ်ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။

ဦးဝီရသူ စာအုပ်မှာ ဘာတွေ ပါနေလဲ
=========================

"၂၀၂၀ အတွက်ေ မးခွန်း ၂၀ ၊ ပြည်သူသိစေချင်လို့ပါ " ဆိုသော စာအုပ်သည် အဓိကအားဖြင့် ၀ရမ်းပြေး ဦးဝီရသူ လွှင့်တင်ထားသော အင်တာနက် ရုပ်/သံများ စုစည်းပြီး ထုတ်ဝေထားခြင်းဖြစ်သည်။

ရဲဘော်ကြီး(ကျန်းမာချမ်းသာ တရားရိပ်သာ) က အမှာစာရေးသားရာတွင် " ဒီမေးခွန်းတွေ ပြည်သူ့လက်ထဲ ရောက်အောင် များများဖြန့်ရမယ်၊ မြန်မြန်ဖြန့်ရမယ်၊ ပြည်သူ့လက်ထဲ အမြန်ရောက်မှ ကျယ်ကျယ်ပြန့်ပြန့် သိမှာ။ ပြည်သူ အသိနောက်မကျမှ ၂၀၁၅ ကဲ့သို့ လူရွေးမှားတဲ့ ဖြစ်ရပ်မျိုး မကြုံရမှာ၊ ၂၀၂၀ သာ ထပ်မှားကြရင် လူမျိုးလည်းတုံး ဘာသာလည်းရှုံး တိုင်းပြည်လည်း ဆုံးတော့မယ် ဆိုတာ ပြည်သူအားလုံး အမြန်သိပါစေ" ဟု အစချီ၍ ရေးသားထားသည်။

ဦးဝီရသူ စာအုပ်ပါ အကြောင်းအရာများ
===========================

ဦးဝီရသူ စာအုပ်တွင်  အကြောင်းအရာ ခေါင်းစဉ် ၂၅ ခုပါဝင်ပြီး အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည်တိုက်ခိုက်ထားခြင်းဖြစ်သည်။ ထို့ပြင် အစ္စလမ်ဘာသာ မုန်းတီးရေး ၀ါဒဖြန့်မှုများကိုလည်း အဓိက ဖော်ပြထားသည်။

စာအုပ်ပါ ခေါင်းစဉ်များအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ယက်တော၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေ့အိမ်စာသင်ကျောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် No Rohingya စကား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးစောင့်ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်RSO ခေါင်းဆောင် ၀ါကာအူဒင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သိန်းငါးထောင်တန် ခြံတံခါးကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်သဘာဝဘေးသင့်ပြည်သူများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားအကြံပေးအရာရှိများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဘာသာ နှိပ်ကွပ်ခံရမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်မဟနညွှန်ကြားလွှာများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်စိန်ဘယက် လက်ဝတ်ရတနာ ဖက်ရှင်ဝတ်စုံများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာယာဉ်ကျေးမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ဘာသာတရား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖေ့စ်ဘုတ်လွတ်လပ်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းမြင်သာမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ချွတ်ချော်တဲ့ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့အသံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ကျေးဇူးတရား၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဆောင်မှု အခန်းကဏ္ဍ၊ စစ်ဖိနပ်နှင့် ဒေါက်ဖိနပ်၊ လူမျိုးခြားဒီမိုကရေစီကြီး၊ တရားဥပဒေစိုးမိုးရေး၊ ကြောက်စရာ ဒီမိုကရေစီကြီး၊ ဖခင်အောင်ဆန်းနှင့် သမီးစုကြည် စုစုပေါင်း အကြောင်းအရာ ၂၅ ခု ပါဝင်သည်။

အမုန်းစကားများနှင့် မဟုတ်မမှန်လုပ်ကြံမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာရေးတိုက်ခိုက်
==================================================================

ဦးဝီရသူ စာအုပ်၏ အစ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ယက်တော အကြောင်းအရာကို ဖော်ပြရာတွင် FB မှာ တွေ့ရသလို တိတ်တဆိတ်လေး အစ္စလမ်ဘာသာ ခံယူထားရင် တိုင်းပြည်အတွက် အန္တရာယ်မကြီးဘူးလား ဟု မေးခွန်းထုတ်ပြီး မဟုတ်မမှန်သော အချက်အလက်များဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဆောင်ရွက်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် RSO ခေါင်းဆောင် Dr Wakar Uddin တို့ အီးမေးလ် အဆက်အသွယ် ဖြင့် အစီရင်ခံစာ ကတိပြု ရေးသားခဲ့သည်ဟူ၍ လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်ဝတ်စုံဖြင့် လက်သုံးချောင်းထောင် အလေးပြုမှုသည် အစ္စလမ်၏ သမီးတော်ဖြစ်သည်ဟုလည်းကောင်း တိုက်ခိုက်ထားသည်။ စာအုပ်တစ်ခုလုံးကို ခြုံငုံကြည့်လျှင် ဘာသာရေးကို ပုတ်ခတ်သော အမုန်းစကားများနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ကို ဦးတည်တိုက်ခိုက်ထားသော အမုန်းစကားများကို လှိုင်လှိုင်ဖော်ပြထားခြင်းဖြစ်သည်။

သုံးသပ်ချက်
==========

ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါစာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ဥပဒေရေးရာကျွမ်းကျင်သူ ရှေ့နေတချို့နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ကို မေးမြန်းရာ ယင်းစာအုပ်သည် အန္တရာယ်ကြီးမားပြီး တရားမ၀င် ထုတ်ဝေစာဖြစ်၍ လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခများကို ဦးတည်စေရန် လှုံ့ဆော်ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ မဲမရစေရန် အဓိက ရည်ရွယ်ပုံရသည် ဟုသုံးသပ်ကြသည်။

အဆိုပါ စာအုပ်၏ နောက်ကွယ်တွင် နိုင်ငံရေး မျှော်မှန်းချက်များလည်း ပါဝင်နေရာ ပြိုင်ဖက်ပါတီနှင့် ယခင်အာဏာစွန့်ခဲ့ရသူများ ပါဝင်ပတ်သက်ဖွယ်ရှိသည်ဟုလည်း ဆိုကြသည်။

စာအုပ်ပါ သတင်းအချက်အလက်များကို ရန်ကုန်ခေတ်သစ်က စိစစ်ခဲ့ရာတွင် တစ်အုပ်လုံးတွင် ဖော်ပြထားသော အကြောင်းအရာများအားလုံးသည် မှန်ကန်မှုမရှိသော သတင်းများကို ဦးဝီရသူက စိတ်ကူး ပုံဖော်၍ ပြောဆိုထားခြင်းဖြစ်သည်ကိုလည်း စိစစ်တွေ့ရှိရသည်။

www.khitthitnews.com

https://www.facebook.com/385165108587508/posts/859334514503896/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးဝီရသူစာအုပ် ထွက်ရှိလာ”

Post a Comment

Related Posts Plugin for WordPress, Blogger...