Friday, November 20, 2020

အခြေခံဥပဒေကို ထိရဲသလား

,

 အခြေခံဥပဒေကို ထိရဲသလား

==============


၁။ အခြေခံဥပဒေကို လွှတ်တော်ထဲက ပြင်မရနိုင်တော့လို့ ၂၁ ပင်လုံနဲ့ပြင်မယ်လို့ ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။ တကယ်တော့ ဒါအသစ်မဟုတ်ဘူး။ NLD အတွင်းမှာ အဲသလို စိတ်ကူးယဉ်နေတာကြာလှပြီ။ ပထမအကြိမ် ၂၁ ပင်လုံကတည်းက ဒီချုပ်ပါတီဝင်တွေကြားမှာ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေတဲ့ စကားပဲ။ အခုဟာက အဟောင်းပုံထဲကဆွဲထုတ် အသစ်လုပ်ပြီး လူထုကို ထုတ်ပြောလာတာ။ လှည့်စားတာ။ အမှန်တော့ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံးကြိုးစားပြီးပြီ။ ကြိုးစားလို့ မအောင်မြင်ခဲ့တဲ့နည်းပဲ။ လွှတ်တော်ထဲမှာပြင်တဲ့နည်းထက် ပိုစောပြီးကြံစည်ခဲ့တဲ့နည်း။ ဒီနည်းအသစ်မဟုတ်ဘူးဆိုတာ တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် သိတဲ့လူပေါင်း မြောက်မြားစွာရှိတယ်။ မေးကြည့်ရင်သိနိုင်တယ်။


(လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ အပစ်အခတ်ရပ်စဲမယ်၊ စစ်တပ်ကလည်း သဘောတူကျေနပ်မယ်၊ ပြည်ထောင်စု သဘောတူစာချုပ်ဆိုတဲ့ Union Accord ထဲမှာ အခြေခံဥပဒေပြင်ရေးတွေ ထည့်ချုပ်ဆိုမယ်လို့ စိတ်ကူးယဉ်နေတာပါ။ ရှာလေဦးတော့ ထမင်းထုပ်ကြီးနဲ့။)

 


၂။ ဒီအခြေခံဥပဒေဟာ ပြင်ရမယ့်အခြေခံဥပဒေမဟုတ်ဘူး။ ဖျက်ရမယ့် အခြေခံဥပဒေ။ ပြင်မယ်လို့ပြောနေတဲ့ စကားကိုယ်တိုင်ဟာ သက်ဆိုးရှည်အောင် ဆွဲဆန့်ပေးနေတာပဲ။ ပြင်မယ်လို့ပြောနေတာဟာ မဖျက်ချင်လို့ပြောနေတာ။ သို့မဟုတ် ဖျက်ရမှာကြောက်လို့ ပြောနေတာ။ ပြင်မယ်လို့ ပြောနေတာဟာ သက်ဆိုးရှည်အောင် ဆွဲဆန့်ပေးမယ့်ဗျူဟာကို သကာရည်အုပ်ပြီး ပြောနေတာ။ 


၃။ ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့ သို့မဟုတ် ဖျက်လို့မရတာဟာ ပြင်တဲ့နည်းမရှိလို့ သို့မဟုတ် ဖျက်တဲ့နည်း မရှိလို့ မဟုတ်ဘူး။ မပြင်ရဲ မဖျက်ရဲလို့ မရတာ။ ရှေ့တိုးစရာ လမ်းပိတ်နေလို့ ရှေ့မရောက်တာ မဟုတ်ဘူး။ ရှေ့မတိုးရဲလို့ ရှေ့မရောက်တာ။ 


၎။ အခြေခံဥပဒေကို ၄၃၆ ပုဒ်မပါနည်းလမ်းနဲ့ပြင်ရင် မရနိုင်ဘူး။ ဒါအားလုံးသိပြီးသား။ စမ်းလည်း စမ်းပြီးသား။ ရှုံးလည်း ရှုံးပြီးသား။ အစကတည်းက ရှုံးမယ်မှန်းသိလျက်နဲ့ ငွေကုန်လူပန်းခံပြီး ဟန်ဆောင်ပန်ဆောင်လုပ်ခဲ့တာ သက်သက်ပဲ။ ပြင်ဖို့ကြိုးစားပါတယ်လို့ စကားလေးတခွန်းပြောလို့ ရဖို့အတွက် မဲဆွယ်လို့ကောင်းဖို့အတွက် ၅ နှစ်ပြည့်ကာနီးကျမှ ကမန်းကတန်း ထလုပ်ခဲ့တာ။ 


၅။ ဥပဒေကြောင်းအရ ၂၀၀၈ အခြေခံဥပဒေကို ၄၃၆ နည်းနဲ့ပြင်မရဘူး။ ဒါပေမဲ့ ဥပဒေဘောင်အတွင်းက ပြင်လို့ရတဲ့နည်းရှိတယ်ဆိုတာကို ဦးကိုနီ မသေခင်က ထောက်ပြခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်။ ဒါကိုသိတဲ့လူအများအပြားရှိပါတယ်။ အဲဒီနည်းက လွှတ်တော်တွင်းမှာ အနိုင်ရကိုယ်စားလှယ်တွေက ၂၀၀၈ အခြေခံဥပေဒကို ဖျက်သိမ်းရေးအဆိုတင်။ လွှတ်တော်ကိုယ်စားလှယ် ၅၁ ရာနှုန်းက ဖျက်ဖို့ သဘောတူရင် သူတို့ဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ တရားဝင်တယ်ဆိုတဲ့နည်းပဲ။ အဲဒီနည်းကို ဒေါ်အောင်ဆန်းစုကြည် မလုပ်ဘူး။ ဘာလို့မလုပ်သလဲဆိုတော့ စစ်တပ်ကိုကြောက်လို့ပဲ။


၆။ အဲဒီနည်းကို ဦးဒေးဗစ်လှမြင့်တို့ပါတီက စမ်းဖို့ကြံတယ်။ သူတို့ပါတီက တချို့အနိုင်ရပြီး လွှတ်တော်ထဲရောက်ရင် အဲဒီနည်းကို စမ်းမယ်လို့ ပြောကြတယ်။ ခင်ဗျားတို့မရဘူး။ NLD ကိုယ်တိုင်က ခင်ဗျားတို့ကို ရန်ပြုလာလိမ့်မယ်။ လွှတ်တော်ထဲဝင်ကျမ်းကျိန်ရတာပဲ အဖတ်တင်မယ်။ ၂၀၀၈ အခြေခံဥပဒေအောက် ဒူးမထောက်ပါနဲ့လို့ ကျနော်က လက်လှမ်းမီသလောက် အကြံပြုခဲ့ပါတယ်။


၇။ ၂၀၀၈ အခြေခံဥပဒေကို စစ်တပ်က ပြင်လို့မရအောင်ဆွဲခဲ့တာ။ မတရားတဲ့နည်းနဲ့အတည်ပြုခဲ့တာ။ အဲဒါဘာ့ကြောင့်လဲဆိုတော့ မပြင်စေချင်လို့ပဲ။ ပြင်ရင် ရန်လုပ်မှာပဲ။


၈။ NLD က စစ်တပ်နဲ့ ရင်မဆိုင်ရဲဘူး။ စစ်တပ်နဲ့ ရင်မဆိုင်ရဲရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့လည်း မရဘူး။ ဖျက်လို့လည်း မရဘူး။


၉။ တကယ်တော့ NLD မှာ စစ်တပ်ကို ရင်ဆိုင်နိုင်တဲ့ ပြည်သူလူထုထောက်ခံမှု အလုံအလောက်ရှိနေပြီ။ NLD အနေနဲ့ စစ်တပ်ကို မေးခွန်းတခုမေးရဲဖို့ပဲ လိုနေတာ။ အဲဒါက မင်းတို့ ရန်လုပ်တိုင်း ငါတို့က ကြောက်ရမှာလားဆိုတဲ့ မေးခွန်းပဲ။ မင်းတို့ အာဏာသိမ်းချင်တိုင်း လွယ်လွယ်နဲ့ လုပ်လို့ ရမယ်ထင်နေသလားလို့ မေးရဲဖို့ပဲ။ 


၁၀။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းရဲခဲ့ရင် ပြန်ရင်ဆိုင်ဖို့လည်း ပြင်ထားရမယ်။ စစ်အာဏာရှင်တွေကို ဖြိုခွဲ အနိုင်ယူနိုင်တဲ့နည်းရှိတယ်။ လုပ်ရဲဖို့ပဲ လိုတာ။


၁၁။ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ဟာ နည်းမရှိတာ မဟုတ်ဘူး။ NLD မလုပ်ရဲလို့ ခက်နေတာ။ 


၁၂။ စစ်တပ်နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်ပြီး ပြင်တဲ့နည်း၊ ဖျက်တဲ့နည်းကို NLD လိုက်ရှာနေရင် ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘာနည်းပဲသုံးသုံး ပြင်မယ်၊ ဖျက်မယ်ဆိုတာနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ကိုတွေ့မှာမို့ပဲ။ 


၁၃။ ပြင်ရဲဖို့လိုတယ်။ အမှန်တကယ်ပြင်ချင်တဲ့စိတ်ရှိဖို့လိုတယ်။ ဖျက်ရဲဖို့လိုတယ်။ အမှန်တကယ် ဖျက်ချင်တဲ့စိတ်ရှိဖို့လိုတယ်။ NLD ကလူတွေကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့်မေးခွန်းက အခြေခံဥပဒေကို ထိရဲသလားဆိုတဲ့ မေးခွန်းပဲ။


၁၄။ ပြည်သူလူထုက ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းက နောက်တခါလိမ်ရင် ယုံဦးမှာလားဆိုတဲ့မေးခွန်း။


ဇော်ဝင်း

၈၈ ဗကသ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အခြေခံဥပဒေကို ထိရဲသလား”

Post a Comment

Related Posts Plugin for WordPress, Blogger...