မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများနှင့် လူနည်းစု တိုင်းရင်းသားများအပေါ် ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများနှင့် လူနည်းစုတိုင်းရင်းသားများအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေပြီး အဆိုပါလုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ ဆုံး ဖြတ်ချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး အမေရိကန်က ကြိုဆိုလိုက်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပါအဝင် ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်မှ လူနည်းစု တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကန့်ကွက်သည့် ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မဲခွဲဆုံးဖြတ်ခဲ့ရာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခဲ့ကြောင်း၊ တရုတ်နှင့် ရုရှားအပါအဝင် ၉ နိုင်ငံက ကန့်ကွက်ခဲ့ကြောင်း၊ အိန္ဒိယနှင့်ထိုင်းအပါအဝင် ၃၁ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကြောင်း သိရှိရသည်။
မြန်မာဘက်ကမူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆုံးဖြတ် ချက်မူကြမ်းကို ကန့်ကွက်သော်လည်း နိုင်ငံပေါင်း ၁၃၁ နိုင်ငံက ဆုံး ဖြတ်ချက် မူကြမ်းကို ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂဆိုင်ရာ၊ အမေရိကန်ကိုယ်စား လှယ်အဖွဲ့မှ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကောင်စစ်ဝန် Jason Mack က နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် ကြိုဆိုကြောင်း ထောက်ခံပြောဆိုခဲ့ပြီး အဆိုပါ ပြောဆိုချက် အပြည့်အစုံကိုလည်း https://usun.usmission.gov/ တွင် အပြည့်အစုံထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ဖြစ်ပွားနေမှုကို ရှုတ်ချကြောင်း၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့်အတူ အမေရိကန်ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲများ နက်နက်ရှိုင်းရှိုင်းဖော် ဆောင်ရေး၊ ရွေးကောက်ပွဲနှင့်လူမှုဘ၀များတွင် ခွဲခြားမှုမရှိဘဲ အားလုံးပါဝင်နိုင်ရေး၊ စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်ထည့်သွင်းရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများကို အရေးယူရေး ၊ အထူး သဖြင့် ရိုဟင်ဂျာများအပေါ် ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုဝေး ဆန္ဒထုတ်ဖော်ခွင့်များကို ကာကွယ်ရန် မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကောင်စစ်ဝန် Jason Mack က တိုက်တွန်းထားသည်။
ယင်းအပြင် ကုလသမဂ္ဂလူသားချင်းစာနာထောက်မှု အကူအညီများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ ကိုလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် တိုက်တွန်းသည့်အပြင် ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များအတိုင်း ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ရန် လည်းကောင်စစ်ဝန် Jason Mack ကသူ၏ မိန့်ခွန်းတွင် တိုက်တွန်းထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM ၏ လုပ်ငန်းများကို ကြိုဆိုလိုက်ပြီး IIMM နှင့်အတူ နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ် စားလှယ် Mr.Tom Andrews နှင့် မြန်မာအစိုးရတာဝန်ရှိသူများကို ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ကောင်စစ်ဝန် Jason Mack က အလေးထား ပြောဆိုသွားသည်။
အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် လူ့အခွင့်အရေးနှင့် အခြေခံ အခွင့်အရေးများကို လုံးဝ ကာကွယ်ပေးရေး တောင်းဆိုချက်အပေါ် အလေး အနက် ထပ်မံတောင်းဆိုပြီး ရိုဟင်ဂျာများနှင့် လူနည်းစုများအပေါ် မခွဲခြားရေး၊ တန်းတူဆက်ဆံရေးကိုလည်း တိုက်တွန်းထားသည်။
အမေရိကန်အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကိုထောက် ခံကြောင်း ကောင်စစ်ဝန် Jason Mack က သူ၏ မိန့်ခွန်းတွင် ထည့် သွင်းပြော ဆိုသွားသည်။
Photo Credit - Xinhua/REX/Shutterstock
https://www.facebook.com/385165108587508/posts/1068819820222030/

