Saturday, April 17, 2021

ဒေါက်တာဒေါ်ခင်မမမျိုး မှ တပ်မှူးတပ်သားများသို့ ပန်ကြားချက်

,

စစ်ဆင်ရေးအထူးအဖွဲ့မှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ စစ်တိုင်းမှူးများ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များမှ တပ်မှူးများ၊ ခြေမြန်တပ်မများမှ တပ်မမှူးများ၊ ဒေသကွပ်ကဲမှုဌာနချုပ်များမှ တပ်မှူးများ၊ ခြေမြန်၊ ခြေလျင်တပ်ရင်းများမှ တပ်ရင်းမှူးများ၊ လေတပ်စခန်းဌာနချုပ်များ၊ ရေတပ်စခန်းဌာနချုပ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များမှ တပ်မှူးများနှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အပေါင်းတို့။


၁။ နိုင်ငံတနိုင်ငံတွင် အစိုးရ၊ ပြည်သူ၊ တပ်မတော်အကြား တည်ဆောက်ထားရှိရသည့် ကောင်းမွန်သော ဆက်ဆံရေးသည်သာ တိုင်းပြည်၏ အင်အားကို ဖြစ်ထွန်းစေနိုင်သည်။


၂။ တပ်မတော်၏ အဓိက တာဝန်မှာ ပြည်ပရန် ကာကွယ်ရေး ဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများနည်းတူ အစိုးရယန္တရားတရပ်အဖြစ် တိုင်းပြည်၏ လုံခြုံရေးဝန်ဆောင်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရသည်။


၃။ တိုင်းပြည်၏ လုံခြုံရေးဝန်ဆောင်မှုဆိုရာတွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသာမက အဆိုပါ တိုင်းပြည်တွင် နေထိုင်ကြသော ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုတို့ကိုပါ တန်ဖိုးထားလေးစားခြင်းသည် တပ်မတော်တရပ်၏ ဂုဏ်သိက္ခာဖြစ်သည်။


၎။ တိုင်းပြည်တခုတွင် ရှိရသည့် တပ်မတော်သည် သက်ဆိုင်ရာ တိုင်းပြည်၏ နိုင်ငံရေးဦးတည်ချက်နှင့် ကိုက်ညီရမည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု၏ တပ်မတော်သည် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနှုန်းတို့နှင့် ကိုက်ညီသော ဖွဲ့စည်းတည်ဆောက်မှုရှိမှသာ ပြည်ထောင်စုတပ်မတော်ဖြစ်ပြီး၊ ပြည်သူလူထုက လက်ခံယုံကြည်သော တပ်မတော်ဖြစ်မှသာ ပြည်သူ့တပ်မတော်ဖြစ်မည် ဖြစ်သည်။


၅။ နိုင်ငံရေးအာဏာနှင့် မိသားစု စီးပွားရေးအင်ပါယာကို တည်ဆောက်လိုစိတ်ပြင်းထန်ပြီး၊ လွဲမှားစွာ တပ်မတော်တွင်းသို့ ရောက်ရှိလာသော အာဏာရှင်စိတ်ရှိသူတို့သည် တပ်မတော်ကို ခုတုံးလုပ်ကာ စစ်အာဏာသိမ်းမှုများကို ဆယ်စုနှစ်များစွာ ပြုလုပ်ခဲ့ကြသည်။


၆။ ယင်းသို့ ပြုလုပ်ခဲ့သောကြောင့် တပ်မတော်နှင့် ပြည်သူအကြား သွေးကွဲခြင်း၊ ပြည်ထောင်စုတိုင်းပြည်မတည်ဆောက်နိုင်ခြင်း၊ နိုင်ငံရေးနှင့် ကာကွယ်ရေး လုပ်ငန်းဆောင်တာများ ရောထွေးခြင်း၊ စီးပွားရေး အမြတ်ထုတ်မှုများ ဖြစ်ပွားခြင်း စသည်တို့ဖြစ်ခဲ့ရသည်။ ပြည်တွင်းစစ်များတွင် တပ်မတော်သားများစွာ သေကြေပျက်စီးကြရသည်။ မိသားစုများစွာ ဘဝပျက်ကြရသည်။ နိုင်ငံတကာ တပ်မတော်များအကြားတွင် ဂုဏ်သိက္ခာမဲ့ရသည်။


၇။ လတ်တလောဖြစ်ပွားခဲ့သော ဖေဖော်ဝါရီလ (၁) ရက်နေ့အာဏာသိမ်းမှုသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ သံတမန်ရေး၊ လုံခြုံရေးဆိုင်ရာ National Power များကို ပျက်စီးစေပြီး၊ တိုင်းပြည်အား ကျရှုံးနိုင်ငံ (Failed state) အဖြစ်သို့ တစထက်တစ တွန်းပို့နေပြီဖြစ်သည်။


၈။ အဆိုပါအခြေအနေတွင် တပ်မှူး၊ တပ်သားများအနေဖြင့် တိုင်းပြည်ကို ဖျက်ဆီးနေသည့် စစ်ကောင်စီကို သစ္စာခံမည်လား၊ ပြည်သူနှင့် နိုင်ငံတော်ကို သစ္စာခံမည်လားဆိုသည်ကို ပြန်လည်သုံးသပ်စဉ်းစားကြသင့်သည်။


၉။ သို့ဖြစ်ရာ တပ်မတော်ရာထူးကို အလွဲသုံးစားပြုကာ နိုင်ငံတော်အာဏာသိမ်းယူသော စစ်အုပ်စုနှင့် အပေါင်းအပါများမှ ခိုင်းစေသည့် အများပြည်သူလူထုနှင့် ထိပ်တိုက်ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကာ၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပေးသော ပြည်သူ့တပ်မတော်သားအဖြစ်ခံယူကြရန် ပန်ကြားအပ်သည်။


#ခင်မမမျိုး 

(၂၉၊ ၃၊ ၂၀၂၁)

ဒုကာကွယ်ရေးဝန်ကြီး(၁၆၊၄၊၂၀၂၁)



https://www.facebook.com/100009810644424/posts/1464045557265785/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါက်တာဒေါ်ခင်မမမျိုး မှ တပ်မှူးတပ်သားများသို့ ပန်ကြားချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...