ယမန်နေ့က
ဖြစ်ပွားခဲ့သည့် မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် အနုကြမ်းစီးခံရမှု
ရွှေငွေတန်ဖိုး စုစုပေါင်း ကျပ်သိန်း လေးထောင်ကျော် တန်ဖိုးရှိကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ တရားခံများအား
ဖမ်းဆီးနိုင်ရေး အတွက် မိုးကုတ်၊ ကျပ်ပြင်အနှံ၊ မိုးကုတ်-မိုးညှင်းလမ်း၊
မိုးကုတ်-မန္တလေးလမ်းများတွင် ရဲနှင့်စစ်သားများအား အုပ်စုခွဲချကာ
ပိတ်ဆို့စစ်ဆေးခြင်း၊ လူစိမ်းအဝင်အထွက်များစုံစမ်းခြင်း၊
ရှောင်တခင်ဧည့်စာရင်းစစ်ခြင်း၊ မိုးကုတ်မြို့နှင့် စပ်ဆက်မြို့များအား
ဆက်သွယ်ထားသော လမ်းများအား ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျှက်ရှိကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေး အတွင်းရှိ နဂါးရွှေဆိုင်နှင့် မီလျှံရွှေဆိုင်တို့အား စီဇက်အိုင် အမျိုးအစား ဆိုင်ကယ်သုံးစီးဖြင့် မျက်နှာအုပ်ထားသော လူခြောက်ဦးမှ သေနက်ပစ်ဖောက်၍ အသင့်ပါလာသော တူများဖြင့် ၎င်းရွှေဆိုင်နှစ်ဆိုင်မှ မှန်ကောင်တာများအား ရိုက်ခွဲကာ အသင့်ပါလာသော အိတ်ထဲသို့ ထည့်ခဲ့ကြောင်း မီလျှံရွှေဆိုင်မှ ရွှေထည် လက်ဝတ်ရတနာ ပစ္စည်းမျိုးစုံ နှစ်ပိသာခန့် (ကာလတန်ဖိုး ကျပ်သိန်း ၁၃၀၀ ခန့်)၊ နဂါးရွှေဆိုင်မှ ရွှေထည် လက်ဝတ်ရတနာ ပစ္စည်းမျိုးစုံ ၄ ပိသာခန့် (ကာလတန်ဖိုး ၂၆၀၀ ခန့်)၊ ရွှေဆိုင်ရှိ ငွေသား ကျပ်သိန်း ငါးဆယ်ခန့်နှင့် အပေါင်ခံရွှေထည်ပစ္စည်း (ကာလ တန်ဖိုး စိစစ်ဆဲ) ကျပ်သိန်း ၅၀၀ ဖိုးခန့်၊ စုစုပေါင်း တန်ဖိုး ၄၄၅၀ ခန့် တန်ဖိုးရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အဆိုပါ အနုကြမ်းစီးမှု ဖြစ်စဉ်တွင် လူတစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်အား တားဆီးသူ ဒန်ဗဟာဒူး ၅၃ နှစ်၊ ဂေါ်ရခါး/ဗုဒ၊ မှန်ဆိုင် (ဘ) ဦးဒီဗဟာဒူးမှာ ဝဲလက်မောင်းဆုံမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်း ဘေးတိုက်ကျည်ဝင်ရောက်ရ်ျ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း မီလျှံဆိုင်မှ ဦးပြည့်ကျော်မှ တားဆီးရန်ကြိုးစားစဉ် ပစ်ခတ်သောကြောင့် ပေါင်ခြံအား ထိမှန်ခဲ့သောကြောင့် မိုးကုတ်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း တိုင်းရဲမှတ်တမ်းများတွင် ဖေါ်ပြထားသည်။
ပေါ်ပြူလာနယူးစ်ဂျာနယ်မှ


