Thursday, January 23, 2014

နိုင်ငံရေးမူဘောင် အာမခံချက်ရရှိရန် ဆောင်ရွက်ေ

,
ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးနေကြသည်ကို တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)
အစိုးရနှင့်မကြာမီ ဆွေးနွေးရမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
လက်မှတ်ရေးထိုးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရေး အာမခံချက်ရရှိရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားညီလာခံ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက
ပြောကြားသည်။
လက်ရှိဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသားညီလာခံတွင် တော်လှန်ရေးဝေါဟာရ အသုံးအနှုန်း
ပြန်လည်ထည့်သွင်းရေး အပါအ၀င် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး စသည့် အချို့သော
အချက်များကြောင့် ညီလာခံဆွေးနွေးမှုရက်ကို နောက်တစ်ရက် ထပ်မံ အချိန်ယူလိုက်ကြောင်း
သိရသည်။
အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိရေးအတွက်
အဖွဲ့ ၁၇ ဖွဲ့ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး ကွန်ဖရင့်ကို ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၇) နယ်မြေဖြစ်သည့် လေ၀ါး
(လော့ခီးလာဒေသ) တွင် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပနေခြင်းဖြစ်သည်။
"ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းမှာ အစိုးရက နိုင်ငံရေး
ဆွေးနွေးမှုမလုပ်ဘူး။ ကျွန်တော်တို့က ပထမဦးဆုံး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု သဘောတူညီမှု
မူဘောင်ကို ပထမဦးဆုံးလုပ်၊ ပြီးရင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုတဲ့ အမြင်နဲ့
တင်တာဖြစ်တယ်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ တစ်ကြိမ်တည်းမှာပဲ နိုင်ငံရေးတွေ့ဆုံ
ဆွေးနွေးမှုဆိုတဲ့ မူဘောင်ကိုလည်း အာမခံရှိတဲ့ သဘောတူညီချက် ကျွန်တော်တို့ ရေးဆွဲထား
တာ ဖြစ်တယ်"ဟု ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။
တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး အရင်ဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးကို
သဘောတူ လက်မှတ်ရေးထိုးရန် ပြီးခဲ့သည့် ပထမအကြိမ် လိုင်ဇာတိုင်းရင်းသား ညီလာခံက
အတည်ပြုခဲ့သော်လည်း မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည် ဆွေးနွေးပွဲအရ အစိုးရအနေဖြင့်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ပြီးမှ နိုင်ငံရေးဆက်လက် ဆွေးနွေးရန်
လိုလားနေသည်။
တိုင်းရင်းသားများ၏ လိုင်ဇာသဘောတူညီချက် မူကြမ်းပါအချက်များတွင် အစိုးရနှင့် သဘောထား
မတူညီမှုများ ရှိနေခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) အနေဖြင့်
ချင်းမိုင်မြို့တွင် အသေးစိတ် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
"ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က မထည့်သွင်းစေချင်ဘူး။
နိုင်ငံရေးဆွေးနွေးတဲ့အခါကျမှ ဆွေးနွေးပါလို့ပြောတော့ အဆင်ပြေအောင် အသုံးအနှုန်း ပြန်ပြင်
ရတာဖြစ်ပါတယ်" ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဟံသာ ကဆိုသည်။
ထို့ပြင်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် မြစ်ကြီးနားမြို့တွင်ဆွေးနွေးခဲ့သော မူကြမ်းကို အစားထိုးကာ
စစ်တပ်၊ လွှတ်တော်နှင့် နိုင်ငံတော်သမ္မတရုံးမှ ဥပဒေအကြံပေးများ ပါဝင်ရေးဆွဲထားသော
သဘောထားများပါဝင်သည့် မူကြမ်းတစ်စောင်ကို ဒီဇင်ဘာလ ၂၉ ရက်ကပေးအပ်ခဲ့ပြီး ယင်း
အချက်များနှင့်ပတ်သက်ပြီး ချင်းမိုင်မြို့တွင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုကို
အကောင်အထည်မဖော်နိုင်ခဲ့သော ပြီးခဲ့သည့် အစိုးရအဆက်ဆက်၏ လုပ်ရပ်များကြောင့် လက်ရှိ
အစိုးရ၏ အပစ်ရပ်ပြီးမှ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရေးအပေါ်တွင် တိုင်းရင်းသား
ခေါင်းဆောင်များက ယုံကြည်မှု နည်းပါးလျက်ရှိသည်။
"ဒီကနေ့တော့ လူတော်တော်များများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက လူတွေပေါ့ဗျာ၊
မယုံကြည်ဘူးပေါ့။ သဘောကတော့ ဒီပုံစံနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမဖြစ်ဘူးဆိုတာ ကျွန်တော်
တို့လည်း အဲသလိုပဲ ယုံကြည်မှု ရှိတယ်။ ဒါပေမဲ့ တစ်ဖက်က အဲသလိုဖြစ်နေတဲ့ အနေအထားမှာ
ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာကိုက နိုင်ငံရေးအရ အသေအချာကို ဆွေးနွေးမယ်ဆိုတဲ့
အချက် အခိုင်အမာရှိဖို့ ဒို့ကတောင်းဆိုတယ်။ ဒါမရဘူးဆိုရင်တော့ ဒို့လည်းလက်မခံဘူး"ဟု
ဦးနိုင်ဟံသာက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်နှင့်အတူ ပါဝင်မည့် နိုင်ငံရေး
အရ ဆွေးနွေးနိုင်ရေးအတွက် အာမခံချက် ရရှိရေးတွင် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ အခြေခံမူ
ရအောင် ထည့်သွင်းဆွေးနွေး သွားရမည်ဖြစ်သည်။
"ဖက်ဒရယ်တပ်မတော်ရယ်လို့ တစ်ခါတည်း အာမခံချက်မပြုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမှာ
ထည့်ပြီးဆွေးနွေးသွားမယ်ဆိုတဲ့ အာမခံချက်ရရှိဖို့အတွက် ကျွန်တော်တို့ အခုစာတမ်းမှာ
တင်ထားတဲ့အထဲမှာပါတယ်"ဟု တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ဝင်
ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ထို့ပြင် စကားလုံးဝေါဟာရ အငြင်းပွားမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
အစိုးရကြား ပြည်တွင်းငြိမ်ချမ်းရေးနှေး စေနိုင်ကြောင်း ဦးနိုင်ဟံသာက ပြောသည်။
တိုင်းရင်းသားညီလာခံတွင် လက်ရှိ ဆွေးနွေးနေသည့် ဆွေးနွေးချက် အကြောင်းအရာများတွင်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း
များဆိုသည့် ဝေါဟာရအစား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်းရေးအဖွဲ့ အစည်းများဟု
အသုံးပြုရန် လိုလားနေသည်။
ပြီးခဲ့သည့် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ
တော်လှန်ရေးဆိုသည် ဝေါဟာရကို အသုံးပြုကာ ၎င်းတို့ သဘောတူညီချက် မူကြမ်းတွင်
ထည့်သွင်းရေးဆွဲခဲ့သော်လည်း အစိုးရဘက်မှ ဖြုတ်ပေးရန် တင်ပြခဲ့သည်။
"မတူညီတဲ့အနေအထားမှာ အားလုံး စုစုစည်းစည်းနဲ့ ရပ်တည်နိုင်ဖို့ဆိုတဲ့နေရာမှာ စိတ်ရှည်
လက်ရှည်နဲ့ အဖွဲ့အားလုံး ပါဝင် လက်ခံ နိုင်တဲ့ အနေအထားရောက်ဖို့ကတော့ ညှိနှိုင်းနေရတယ်"
ဟု ၎င်းကပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ခြင်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး
ပါဝင်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀(နှစ်လ) အတွင်းရေးဆွဲကာ ဆွေးနွေးပွဲများကို ရက်ပေါင်း
၉၀ အတွင်းပြုလုပ်မည်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူညီချက်များရရှိရေး ညီလာခံတွင်
ကေအင်န်ယူ (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးအဖွဲ့ (RCSS)၊ ကရင်နီအမျိုးသား
တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊
ငြိမ်းချမ်းရေးကောင်စီ (KNU/KNLAPC)၊ ၀ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသားကောင်စီ
(ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်အမျိုးသား တိုးတက်ရေးတပ်မတော် (DKBA)၊
ကိုးကန့် (MNDA)၊ ရခိုင်တပ်မတော်(AA)၊ လားဟူဒီမိုကရက်တစ်အဖွဲ့ (LDU)၊ ပလောင်ပြည်
လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊
မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) စသည့် လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့
ပါဝင်ပြီး လေ့လာသူအဖွဲ့အစည်းများအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး(ADSDF)၊ ငြိမ်းချမ်းရေးကော်မတီ (PCG) နှင့် နိပွန်ဖောင်ဒေးရှင်းတို့
တက်ရောက်ခဲ့ကြသည်။
'၀'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မိုင်းလား (NDDA) အဖွဲ့တို့
တက်ရောက်ခြင်းမရှိပေ။
( myanmar.mmtimes )


0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံရေးမူဘောင် အာမခံချက်ရရှိရန် ဆောင်ရွက်ေ”

Post a Comment

Related Posts Plugin for WordPress, Blogger...