Friday, January 17, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရအောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံးပြင်သွားရမည်

,
ဒေါ်အောင်ဆန်းစုကြည် သတင်းစာဆရာများ၏ မေးခွန်းများကို ဖြေကြားနေစဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရနိုင်အောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံး ပြင်သွားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၀ ရက်တွင် ပြောသည်။
ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောခြင်းဖြစ်သည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်သူလူထုကလည်း စိတ်ဝင်စားလာခြင်းကြောင့် နိုင်ငံပြုပြင် ပြောင်းလဲရာတွင် ကောင်းသော အလားအလာ ဖြစ်ကြောင်း ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဆက်၍ ''အားလုံးသိစေချင်တာက အပြစ်ရှာဖို့ မဟုတ်ပါဘူး။ အဖြေရှာဖို့ပါ။ ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ အဖြေရှာချင်တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ အခုဒီဆွေးနွေးပွဲတွေကလည်း အဖြေရှာချင်တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ ဒီလောက်ပဲ ပြောချင်ပါတယ်'' ဟု ပြောသည်။
Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ရာတွင် ''ဖွဲ့စည်းပုံ လုံးဝ အသစ်ပြန်လည် ရေးဆွဲမလား၊ ဟိုနားပြောင်း၊ ဒီနားပြောင်း လုပ်လို့ရမလား ဆိုတာကို ဒီသုံးရက်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျဖို့လည်း လိုပါတယ်။ အန်တီတို့ အနေနဲ့ကတော့ ပြောင်းလဲချင်တာပေါ့။ တစ်ခုချင်း၊ တစ်ခုချင်း ပြောင်းလဲဖို့ အလိုအပ်ဆုံး အပိုင်းကနေစပြီး ပြောင်းလဲတာ ဖြစ်နိုင်မလား ဆိုတာကို စဉ်းစားရမယ်။ ဖြစ်စေချင်တာနဲ့ ဖြစ်နိုင်မလားဆိုတာကို ခွဲခြားပြီး စဉ်းစားရမယ်။ ဖြစ်နိုင်တာကနေ စပြီးတော့မှ ဖြစ်စေချင်တာ အားလုံးပါအောင် လုပ်သွားရမယ်လို့ ယုံကြည်တယ်'' ဟု ပြောသည်။
အခြားမေးမြန်းမှုများကို ဆက်လက် ဖြေကြားရာတွင် ''နိုင်ငံခြား ပညာရှင်တစ်ဦးက ပြောခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အခက်ခဲဆုံး ဥပဒေဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်လို့ မရအောင် တင်းကျပ်နေတဲ့ အရာတွေကို အရင်ပြင်မှ ဖြစ်မယ်'' ဟု ၎င်းက ပြောခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှ လုပ်ပုံကိုင်ပုံများကို အားတက်မိကြောင်း၊ နိုင်ငံအကျိုးအတွက် မည်သည့်ပါတီဟု ခွဲခြားခြင်း မရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည့်အပြင် အမှန်တကယ် ငြိမ်းချမ်းလိုလျှင် အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဆုံးကြောင်း၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သည့် လက်တွေ့ကျသော ကိစ္စများကို ဖြေရှင်းမှသာ ငြိမ်းချမ်းရေး ရနိုင်မည်ဟု ထည့်သွင်းဖြေကြားသွားသည်။
( myanmarnewszone )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မှာ ပြင်ဆင်၍ မရအောင် တင်းကျပ်နေသည့် အရာများကို အရင်ဆုံးပြင်သွားရမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...