Friday, January 17, 2014

တပ်မှ သိမ်းထားသော လယ်ဧက ၁၀၀၀၀ ဒေသခံများထံ ပြန်ပေးရန် ဆွေးနွေးမည်ဟုဆို

,

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတစ်သောင်းခန့်ကို ဒေသခံများ ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် နေပြည်တော်တွင် သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးနိုင်ကဆုမွန်က ပြောသည်။
မွန်ပြည်နယ်ရှိ ရေးမြို့နယ်တွင် ဧက ၈၀၀၀၊ သံဖြူဇရပ်မြို့နယ်တွင် ဧက ၇၀၀၀၊ ရေဖြူမြို့နယ်တွင် ဧက ၁၀၀၀ ကျော်တို့ကို စစ်တပ်က တပ်ဖူလုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်တည်ဆောက်ရေးအတွက် အမှန်တကယ်လိုအပ်ချက်မှာ ဧက ၅၀ ဖြစ်ကာ၊ တပ်မှ သိမ်းယူထားသော မြေယာများတွင် အလုပ်လုပ်ကိုင်သည့် လယ်သမားများကို သီးစားချကာ လုပ်ကိုင်ခွင့်ပေးသည်များလည်းရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
“မလိုအပ်ဘဲ သိမ်းထားတဲ့ မြေတွေအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ပြန်တောင်းဖို့ ရှိပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အဆိုပါအဖွဲ့သည် မြေယာသိမ်းဆည်းမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆွေးနွေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် တစ်နာရီကျော်အကြာ တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လယ်ယာသိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး တိုင်ကြားစာများ ပေးပို့နိုင်ကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့ကို မနေ့က ပြောကြားခဲ့သည်။
“လူအခွင့်အရေးကော်မရှင်ကတစ်ဆင့် တင်ပြဖို့လည်းရှိသလို နေပြည်တော်ကိုလည်း သွားတွေ့ဖို့ရှိတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
မွန်ပြည်နယ်တွင် စစ်တပ်က သိမ်းဆည်းခဲ့သော မြေယာသိမ်းဆည်းမှုအပြင် ဖွံ့ဖြိုးရေးအကြောင်းပြချက်နှင့် သိမ်းဆည်းနေသော မြေယာသိမ်းဆည်းမှုများလည်း ရှိသည်။ ကုမ္ပဏီများက သိမ်းဆည်းသော မြေယာများ ပြန်လည်တောင်းခံရေးကို အဆိုပါအဖွဲ့က ဒုတိယဦးစားပေးအဖြစ် လုပ်ဆောင်သွားမည် ဖြစ်သည်။
မွန်ပြည်နယ် လူ့အခွင့်အရေးအဖွဲ့ကို ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အခြေပြုကာ စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ ပထမဦးဆုံး ပြုလုပ်ခဲ့သော လှုပ်ရှားမှုတစ်ခုမှာ ရေး-ထားဝယ် ရထားလမ်းဖောက်လုပ်ရေးတွင် ထောင်ချီသော အဓမ္မလုပ်အားပေးခိုင်းစေမှုကို ကုလသမဂ္ဂ အလုပ်သမားအဖွဲ့အစည်းကို တင်ပြခဲ့ပြီး အများသိအောင် ပြုလုပ်ပေးခဲ့သည်။ မွန်ပြည်နယ်ရှိ မြေယာသိမ်းဆည်းမှုများကို ၁၉၉၅ ခုနှစ်မှ စတင်ကာ ယနေ့အချိန်အထိ (၂)နှစ်တစ်ကြိမ် စာရင်းကောက်ယူခြင်းများကို ပြုလုပ်လျက်ရှိသည်။
( http://myanmarnewszone.com )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မှ သိမ်းထားသော လယ်ဧက ၁၀၀၀၀ ဒေသခံများထံ ပြန်ပေးရန် ဆွေးနွေးမည်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...