Thursday, January 16, 2014

မတရားကျင့်တယ်လို့စွပ်စွဲခံနေရတဲ့စစ်သားကို အရပ်ဘက်မှာ စစ်ဆေးရေး

,

ပြီးခဲ့တဲ့လအတွင်း ရေးမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကို မတရားပြုကျင့်တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ တပ်မတော်သားကို အာဏာပိုင်တို့က
ထိုက်သင့်သလို  စစ်ဆေး စီရင်မှာလားလို့ မွန်အမျိုးသမီးအရုံး (MWO) က မေးခွန်းထုတ်လိုက်ပါတယ်။

ရေးမြို့နယ်တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဒီအမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကတော့  အမှတ် ၃၁ ခြေလျင်တပ်ရင်းက ရဲဘော်တဦးဖြစ်ပါတယ်။

အဲဒီစစ်သားကို တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း MWO အဖွဲ့က ပြောပါတယ်။

MWO အဖွဲ့က မတရားပြုခံရတယ်ဆိုတဲ့ အမျိုးသမီးငယ်ရဲ့အိမ်ကိုလည်း သွားရောက် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားဒေသမှာ မြန်မာ့တပ်မတော်က မုဒိမ်းကျင့်တာကို လက်နက်သဖွယ်အသုံးချနေတယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာထွက်လာချိန်မှာ MWO အဖွဲ့က ဒီစစ်သား အမှုက လွတ်သွားမှာ စိုးရိမ်တယ်လို့ အဲဒီလို ပြောလိုက်တာပါ။

ဒီအမှုကို ဘယ်လိုဘယ်ပုံ စစ်ဆေး အရေးယူနေတယ်ဆိုတာကို စစ်အာဏာပိုင်တွေက ဒေသခံတွေကို အသိပေးသင့်တယ်၊ တကယ်ဆိုရင် အမှုအကြောင်း အများသိရှိအောင် ကြေညာချက် ထုတ်သင့်တယ်လို့ MWO အဖွဲ့က ပြောပါတယ်။

MWO အဖွဲ့ကတော့ အမျိုးသမီးငယ်နဲ့ သူ့မိသားစုကို ဥပဒေကြောင်းအရ အကူအညီပေးဖို့ ကြိုးပမ်းနေတယ်၊ ဒီအမှု အရပ်ဘက်တရားရုံးမှာ စစ်ဆေးစေလိုတယ်လို့ ပြောပါတယ်။
အမျိုးသမီးငယ်နဲ့ သူ့မိသားစုကတော့ စစ်တပ်ကိုတရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ စိုးရွံ့နေတာပါ။
(The Irrawaddy)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မတရားကျင့်တယ်လို့စွပ်စွဲခံနေရတဲ့စစ်သားကို အရပ်ဘက်မှာ စစ်ဆေးရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...