Thursday, January 16, 2014

ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက် ရွှေ့ဆိုင်း

,
ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ လဆန်းပိုင်းကို  ရွှေ့ဆိုင်းလိုက်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ နယ်မြေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အရင်တွေ့ဆုံပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲ အပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အလွတ်သဘော ဆွေးနွေးကြဦးမှာ ဖြစ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"ဝန်ကြီးဦးအောင်မင်းနဲ့ တစ်ဘက်က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတာက ဘားအံ ဆွေးနွေးပွဲက လက်မှတ်ရေးထိုးဖို့ အချက်အလက် အားလုံးကို ပြင်ဆင်တဲ့ နောက်ဆုံး အစည်းအဝေး ဖြစ်ဖို့က နှစ်ဘက်စလုံးကတော့ ဆန္ဒရှိတယ်လေ၊ နှစ်ဘက်လုံး သဘောတူတယ်၊ လေးဝါးပွဲပြီးရင် ဘားအံကို လာမယ့် အစားပေါ့လေ၊ ဝန်ကြီးဦးအောင်မင်းနဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေ အရင်လုပ်လိုတယ်၊ ဘားအံမှာ ဖေဖော်ဝါရီလ ပထမပတ် ဒုတိယပတ်လောက်တော့ ဦးအောင်မင်းနဲ့ သူတို့နဲ့ တွေ့ဆုံညှိနှိုင်းပြီး ထုတ်ပြန်မယ် ထင်ပါတယ်" ကေအင်န်ယူ ထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ဆွေးနွေးပွဲမှာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် တိုင်းရင်းသားတွေဘက်က ဘုံသဘောထားကို ရယူကြမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဘားအံ ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ နှစ်ဘက် နောက်ဆုံးဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
 
ရတနာပုံသတင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက် ရွှေ့ဆိုင်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...