ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က မန္တလေးတိုင်း သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်မှာ မန္တလေးကို ပို့ဆောင်မယ့် မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
လွိုင်ကော်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ နေစိုးထွေးမင်း (ခ) ကိုစိုင်းနဲ့ သူ့ရဲ့ဇနီး မမြတ်ဆုနှင်းတို့ကားကို သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရာမှာ ကားနောက်ခန်းအတွင်း အဖြူရောင် ဆာလာအိတ်ထဲမှာ မွေ့ရာနဲ့ပတ်ပြီး သယ်ဆောင်လာတဲ့ HK- 33 မောင်းပြန်ရိုင်ဖယ် အလက် ၂၀ နဲ့ AK - 47မောင်းပြန် ရိုင်ဖယ်နှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဦးနေစိုးထွေးမင်းနှင့် ဇနီးဖြစ်သူတို့ကို ဆက်လက်စစ်ဆေးရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အင်းလေးတည်းခိုခန်းမှာ တည်းခိုနေတဲ့ ကျုံလျန်ဆန်း (ခ) မောရာကနေ ပို့ဆောင်ခ ကျပ် ၁၅ သိန်းနဲ့ ပို့ဆောင်ခိုင်းတာဖြစ်ပြီး ကျုံလျန်ဆန်း (ခ) မောရာကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။
တရားမ၀င် သေနတ်တွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မန္တလေးမြို့က အမျိုးသားတစ်ယောက်ကို စစ်ဆေးနေတဲ့အပြင် မြို့ရဲ့အ၀င်အထွက်ဖြစ်တဲ့ ဂိတ်ငါးခုကိုလည်း လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုပါတယ်။
“သာစည်မှာ ဖမ်းဆီးရမိတဲ့ လင်မယားနှစ်ဦးထံကနေ သေနတ်စုစုပေါင်း ၂၂ လက်ပါ။ သူတို့ကို စစ်ဆေးမှုအရ ဆက်စပ်သူတစ်ဦးကို ထပ်စစ်နေပါတယ်။ မန္တလေးကပါ။ မြို့အ၀င်အထွက်ဂိတ်တွေကို လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးနေပါတယ်။ အခုမိတဲ့နေရာ ကျွဲတပ်ဆုံဂိတ်ဆိုတာကလည်း မန္တလေးတိုင်း လက်အောက်ခံနေရာပါပဲ။ ဌာနဆိုင်ရာတွေ ပူးပေါင်းတိုးမြှင့် စစ်ဆေးနေလို့ မိတာပါ” လို့ သူက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဖေဖော်ဝါရီလကတစ်ကြိမ်၊ ဧပြီလကတစ်ကြိမ် သယ်ယူခဲ့ပြီး အခုဖမ်းဆီးရမိတဲ့ အကြိမ်က တတိယအကြိမ် ဖြစ်ပါတယ်။
ဒါ့ပြင် ဦးနေစိုးထွေးမင်းရဲ့ ဆက်စပ်ဖော်ထုတ်ချက်အရ လွိုင်ကော်မြို့နယ်မှာနေထိုင်တဲ့ ကရင်နီ ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ခွဲမှူးအဆင့်ရှိသူ ဦးဒါးရယ် နေအိမ်ကို ဆက်လက်ရှာဖွေရာ သူ့ကိုမတွေ့ရှိဘဲ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုသာ တွေ့ရှိတာကြောင့် သူ့ဇနီးကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဦးဒါးရယ် နေအိမ်ကနေ အားမြှင့်ယမ်းနှစ်တောင့်၊ BA90 လက်ပစ်ဗုံးနှစ်လုံး၊ M1 ပလတ်စတစ် နင်းမိုင်းအသေးလေးလုံး၊ ဒီတိုနေတာလေးခု၊ M16 ကျည်ကတ်အရှည် သုံးဘောက်၊ M16 ကျည်ဘောက်တိုနှစ်ခု၊ စစ်သုံးသံလိုက်အိမ်မြှောင်တစ်ခု၊ AK – 47 ဘက်နက်တစ်ချောင်း၊ M16 ကျည်အိမ်ဖြည့်တံ ခြောက်ချောင်း၊ 9 Volt ကျည်တစ်တောင့်၊ ပစ္စတိုကျည် ၅၄ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၁၆ တောင့်၊ ၂၂ ကျည်နှစ်တောင့်၊ ၇ ဒသမ ၆၂ ကျည် ၄၁ တောင့်၊ ၇ ဒသမ ၆၂ ကျည် ကြွေ ၁၂၆ တောင့်၊ ကျည်ပုံးတစ်ပုံး၊ ပွိုင့် ၂၂ ကျည်နှစ်တောင့်၊ လက်နက်ကြီးအကူ ယမ်းထုပ်နှစ်ထုပ်၊ RPG ပိုကျည်အဖုံးတစ်ခု၊ တပ်ရင်း ၉၄၀၃ ဘက်တံဆိပ်တွေနဲ့ တပ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ရှာဖွေသိမ်းဆည်း ရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၉ ရက်တုန်းကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ဘားအံ-လှိုင်းဘွဲလမ်း အသုံးပြုခ ကောက်ခံရေးဂိတ်မှာ တရားမ၀င် လက်နက်သယ်ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
လှိုင်းဘွဲကနေ ဘားအံကို မောင်းနှင်လာတဲ့ အမျိုးသားသုံးဦး ပါကားတစ်စီးကို သတင်းအရ သက်ဆိုင်ရာက ရှာဖွေရာကနေ ကားနောက်ခန်းထိုင်ခုံအောက်မှာ လျှို့ဝှက်ထည့်သွင်းသယ်ဆောင်လာတဲ့ AK – 47 အမျိုးအစား သစ်သားဒင်ရှည် တပ်သေနတ်သုံးလက်၊ AK – 47 အမျိုးအစား ဖိုက်ဘာဒင်ရှည် တပ်သေနတ်တစ်လက်၊ AK – 47 အမျိုးအစား ခေါက်ဒင်တပ်သေနတ် ၁၅ လက်၊ စုစုပေါင်း ၁၉ လက်အပြင် AK – 47 သေနတ်ကျည်အိမ် အရှည် ၁၈ ခု၊ ကျည်အိမ်အတိုတစ်ခု၊ စုစုပေါင်း ကျည်အိမ် ၁၉ ခုအပါအ၀င် ကားရှေ့ခန်းကြမ်းခင်းပေါ်မှာ မြွေရေခွံအိတ်အဖြူရောင်နဲ့ ထုပ်ပိုးထားတဲ့ AK – 47 ကျည်တောင့် ၃၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီကားပေါ်မှာပါလာတဲ့ အမျိုးသားသုံးဦးအနက် ခိုင်မိုးချမ်း (ခ) မောင်သာမြင့်ဆိုသူဟာ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP) ရဲ့ ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း အထောက်အထားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်းက ဆိုပါတယ်။
“ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALP) လို့တော့ အထောက်အထားတွေအရ ပြောလို့ရပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေက စိစစ်ဆဲ ဖြစ်ပါတယ်။ သူတို့က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဆိုတော့ ဘယ်လိုနည်းနဲ့ ပါဝင်တယ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ ဖြစ်တဲ့အတွက်ကိုလည်း ဘာမှပြောလို့ မရသေးဘူး။ စိစစ်ဆဲပါပဲ” လို့ ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။
ဒီဖြစ်စဉ်နှစ်ခုဟာ NLD အစိုးရလက်ထက်မှာ တရားမ၀င် လက်နက်သယ်ဆောင်မှုနဲ့ ပတ်သက်လို့ များများစားစား ဖမ်းမိခဲ့တဲ့ လက်နက်အရေအတွက်လည်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နှစ်ခုကို ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနစ်တုန်းက ဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သယ်ဆောင်တာဖြစ်ပြီး ဒီနှစ်ဖြစ်စဉ်မှာတော့ ကွင်းဆက်တရားခံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ဖြစ်နေတာကို တွေ့ရမှာပါ။
တရားမ၀င် လက်နက်သယ်ဆောင်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ နောက်ဆက်တွဲတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုပါတယ်။
“သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေ သူတို့သိပါတယ်။ ကျွန်တော်တို့ ပြောလိုက်ပြီဆို ဒီနေရာမှာ ဘယ်သူတွေ ပါတယ်ဆိုတာသူတို့ သိပါတယ်။ အခုလောလောဆယ်မှာတော့ ဆက်စပ်နေတဲ့ဟာတွေကို ကျွန်တော်တို့ ဖော်ထုတ်နေတဲ့အတွက် ဘာကြောင့်ဆိုတာကို ကျွန်တော်တို့ ပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။
၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ လက်နက်တွေနဲ့ ပတ်သက်ပြီး သိမ်းဆည်းရမိတာတွေရှိတဲ့အပြင် ပစ်ခတ်မှုဖြစ်ပွားတာတွေကိုပါ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းက Victoria International School ရှေ့မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် က ကားတစ်စီးအတွင်း အမျိုးသားတစ်ဦးဆီကနေ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
နောက်ပြီး ၂၀၁၆ ခုနှစ် မတ် ၁၁ ရက်ကလည်း ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂) ရပ်ကွက် ရွှေတောင်ကြားလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး စည်ပင်အမှိုက်ကန်အတွင်းကနေ ခြောက်လုံးပြူး သေနတ်တစ်လက်နဲ့ ခဲယမ်းတွေကို တွေ့ရှိခဲ့ပါတယ်။
ဒါ့ပြင် ၂၀၁၆ ခုနှစ် မတ် ၁၂ ရက်က မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် သမိုင်းဘူတာရုံလမ်း သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သံချေးတက်နေတဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။ စစ်ဆေးချက်အရ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အုတ်မြစ်ချဖို့ မြေကျင်းတူးဖော်ချိန်မှာ သံချေးတက်နေတဲ့ ရိုင်ဖယ်ကျည်ဆန် ၄၆ တောင့် (အသုံးပြုမရ) ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ၂၀၁၆ ခုနှစ် မတ် ၁၉ ရက်က တွံတေးမြို့နယ် ရန်ကြီးအောင်ကျေးရွာလမ်းမှာ ကားတစ်စီးကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရပ်တန့် စစ်ဆေးရာမှာ ယာဉ်ခေါင်းခန်းအတွင်း ခါးပတ်အိတ်ထဲကနေ ကျည်ငါးတောင့် အသင့်ထည့်ထားတဲ့ ၉ မမ ပစ္စတိုတစ်လက်၊ ကျည် ၄၇ တောင့်နဲ့ ယာဉ်နောက်ခန်းအတွင်းမှာ အရိုးအသွား ၁၆ လက်မခွဲလောက်ရှိတဲ့ ဓားမြှောင်နှစ်ချောင်း၊ အရိုးအသွား ၁၆ လက်မရှိတဲ့ ဘက်နက်တစ်ချောင်း ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေက ၂၀၁၆ ခုနှစ် နှစ်စပိုင်းမှာ သေနတ်နဲ့ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်တွေပါ။ ဒါ့ပြင် ၂၀၁၆ နှစ်ဆန်းပိုင်းမှာပဲ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
လက်ပံတန်းမြို့နယ် အိုင်တလုတ်ကျေးရွာအုပ်စု ရွာကလေး စံပြကျေးရွာက နာရေးအိမ်မှာ ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်က အပျင်းပြေဖဲရိုက်ရာကနေ ခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
“ဖြစ်တာကတော့ နာရေးအိမ်မှာ ဖြစ်ကြတာ။ စကားများရာကနေ အိမ်ပြန်ပြီးသူက သေနတ်ယူပြန်လာပြီး ပစ်ခတ်တယ်လို့ သိရတယ်။ နောက်လိုက်ဖမ်းတဲ့ ရဲတပ်ဖွဲ့ကိုလည်း သေနတ်နဲ့ ပြန်ခုခံလို့ ရဲတစ်ယောက် ဒဏ်ရာရတယ်လို့ကြားတယ်။ ကောင်လေးကထိုင်းမှာ သွားအလုပ်လုပ်နေတယ်လို့ ကြားတယ်။ အဲဒီက အပြန်ယူလာတဲ့ သေနတ်ဖြစ်ဖို့များတယ်။ ရဲဘက်ကတော့ အဲဒါကို အတည်မပြုနိုင်သေးဘူး” လို့ လက်ပံတန်းမြို့ခံ ကိုဝဏ္ဏက ပြောပါတယ်။
ဖမ်းမိတဲ့ ဝေလင်းအောင်ဆီကနေ အီတလီနိုင်ငံလုပ် ပစ္စတိုတစ်လက်၊ ကျည်ကတ်နှစ်ကတ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက “ရဲတပ်ဖွဲ့တွေက အရှိန်အဟုန်မြှင့်ပြီး ညပိုင်းမှာ ဂိတ်တွေယာဉ်စစ်တွေနဲ့ မြို့နယ်မှူးတွေကိုယ်တိုင် စစ်ဆေးနေတယ်။ နောက်ပြီး လှည့်ကင်း မီးတန်းကားတွေနဲ့ ၂၄ နာရီ လှည့်လည်ပြီးတော့ လုံခြုံရေးတွေ ဆောင်ရွက်ပေးနေတယ်”လို့ ဆိုပါတယ်။
တရားမ၀င်ကိုင်ဆောင်နေတဲ့ သေနတ်တွေ ဖမ်းမိတဲ့ဖြစ်စဉ်တွေထဲမှာ အခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းမိတဲ့အခါမှာ လက်နက်တွေ ပါပါလာတာကို အများဆုံး တွေ့နေရပါတယ်။
ဒါကြောင့် ၂၀၁၆ ခုနှစ် ဧပြီ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာပြုလုပ်တဲ့ ရန်ကုန်မဟာ သင်္ကြန်ပွဲတော်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးနဲ့အတူ လက်နက်တွေပါ တွေ့ရှိနေတာကြောင့် သင်္ကြန်တွင်း ပျော်ရွှင်မယ့် ပြည်သူတွေရဲ့ လုံခြုံရေးကို စိတ်ပူတယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ စိတ်ပူမှုဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်မှာတော့ တကယ်ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်က NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေဦးကိုနီကို လူအ၀င်အထွက်များပြားလှတဲ့ လေဆိပ်လို နေရာမျိုးမှာ သေနတ်နဲ့ နောက်ကနေပြီး ပစ်သတ်လုပ်ကြံတာပဲ ဖြစ်ပါတယ်။
ဦးကိုနီအနေနဲ့ ဇန်န၀ါရီ ၂၉ ရက်ညနေပိုင်းက ပြည်ထောင်စုဝန်ကြီး အဖွဲ့နဲ့အတူ အင်ဒိုနီးရှားခရီးစဉ်ကနေအပြန် ရန်ကုန်လေဆိပ်အထွက်မှာ လာကြိုတဲ့ သူ့ရဲ့မြေးလေးကို ချီထားတဲ့အချိန် လူသတ်သမားက နောက်စေ့ကို သေနတ်နဲ့တေ့ပြီး ပစ်သတ်ခဲ့တာပါ။
လူဝင်လူထွက်များပြားလှတဲ့
လေဆိပ်လို နေရာမျိုးမှာ ဦးကိုနီကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့
လူသတ်တရားခံကို ဖမ်းဆီးဖို့ ကြိုးပမ်းရင်း တက္ကစီဒရိုင်ဘာ ဦးနေ၀င်းတစ်ယောက်လည်း သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းကို အခင်းဖြစ်ပွားရာ လေဆိပ်မှာ ပြည်သူတွေက၀ိုင်းဝန်း ဖမ်းပေးခဲ့တဲ့အတွက် ဖမ်းမိခဲ့ပြီး ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်ကိုတော့ အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်သမ္မတရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဦးကိုနီ လုပ်ကြံခံရမှုမှာ ကျူးလွန်သူ ကြည်လင်းနဲ့ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို တရားစွဲဆိုထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် ကြေညာကြောင်းကို မြောက်ပိုင်းခရိုင်တရား ရုံးကနေ ဇွန် ၂၃ ရက်က အမိန့်ချမှတ်ထားပါတယ်။
ဦးကိုနီလုပ်ကြံခံရမှုဖြစ်စဉ်မှာ နယ်စပ်ကနေ အလွယ်တကူဝယ်ယူနိုင်တဲ့ လက်နက်ငယ် နှစ်မျိုးနဲ့ အသုံးပြုသွားတာကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ တရားမ၀င်လက်နက်တွေ ရောင်းဝယ်ဖောက်ကားမှုဟာ ဘယ်လောက်အတိုင်းအတာအထိ များပြားနေပြီဆိုတာကို စောင့်ကြည့်လေ့လာသွားဖို့ လိုအပ်တယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့တည်ထောင်သူနဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးက မှတ်ချက်ပြုပါတယ်။
“တရားမ၀င် လက်နက်ငယ်တွေ သယ်ဆောင်ရောင်းဝယ်တယ် ဆိုတာကတော့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်တာရှိမယ်။ တချို့ကတော့ ငွေကြေးအကျိုးအမြတ်အတွက် ရောင်းတယ်။ ၀ယ်တယ်။ တချို့ကတော့ အကြမ်းဖက်လုပ်ငန်းတွေမှာ သုံးဖို့အတွက် ရောင်းတာ၊ ၀ယ်တာပဲ ဖြစ်ပါတယ်။ ဦးကိုနီအသတ်ခံရတဲ့ ကိစ္စမှာလည်း သူတို့သုံးသွားတာက လက်နက်ငယ်နှစ်မျိုးသုံးသွားတာကို တွေ့ရှိရတယ်။ အဲဒီလက်နက်တွေကလည်း နယ်စပ်တွေမှာ အလွယ်တကူဝယ်ယူလို့ ရရှိနိုင်တဲ့ အနေအထားဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ တရားမ၀င်လက်နက်တွေ ရောင်းဝယ်ဖောက်ကားမှုဟာ ဘယ်လောက်အတိုင်း အတာအထိ များပြားနေပြီလဲဆို တာကတော့ စောင့်ကြည့်လေ့လာသွားဖို့ လိုအပ်တယ်။ တရားမ၀င် လက်နက်ရောင်းဝယ်မှုနဲ့ အကြမ်းဖက်မှုက တိုက်ရိုက်အချိုးကျတယ်။ တရားမ၀င်လက်နက်တွေ များများဝင်လာလေလေ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုပ်ကိုင်သူတွေ ပိုမိုများပြားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။
ဒီလို ရဲတင်းလှတဲ့ လူသတ်မှုဖြစ်စဉ်တွေကြောင့် ပြည်သူလူထုကြားမှာ မလုံခြုံမှုတွေကို ခံစားလာရပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေက ပြည်သူတွေကြားမှာ မြင့်တက်လာခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် ၂၀၀၈ ခုနစ်တုန်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်စိမ်းလဲ့ ကန်သာမှာ သေနတ်ကို အသုံးပြုပြီး ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအချိန်က ဒီအမှုနဲ့ပတ်သက်လို့ ရဲချုပ်ခင်ရီက မကြာမီ တရားခံတွေကို ကြေညာနိုင်တော့မယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအမှုကို စီအိုင်ဒီက ကိုင်နေတယ်လို့ပဲ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကိုးနှစ်ကာလကို ကျော်လွန်ခဲ့ပေမယ့် တရားခံ ဘယ်သူဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
ဒီအမှုဖြစ်စဉ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြောက်လှန့်တုန်လှုပ်မှု ဖြစ်စေတဲ့အပြင် ရန်ကုန်မြို့လို အချက်အချာကျတဲ့နေရာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့အတွက် ပြည်သူတို့ရဲ့ ဘ၀တွေဟာလည်း လုံခြုံမှုကင်းမဲ့သလို ဖြစ်နေပါတော့တယ်။
ဒီလို အမှုဖြစ်စဉ်မျိုးလက်ရှိ NLD အစိုးရလက်ထက်မှာထပ် ဖြစ်လာတဲ့အပြင် တရားမ၀င် လက်နက်သယ်ဆောင်မှုတွေကပါ မြင့်တက်လာတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးက စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။
“အများကြီး ၀င်ရောက်နေတာ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ လုံခြုံရေးအပိုင်းကိုတော့ စိုးရိမ်စရာ အနေအထားလို့ မြင်ပါတယ်။ ပြည်သူလူထုအနေနဲ့ကလည်း လုံခြုံရေးသတိရှိဖို့ လိုအပ်ပါတယ်” လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးက ဆိုပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်ကာလအတွင်း တရားမ၀င် လိုင်စင်မဲ့ကိုင်ဆောင်တဲ့ လက်နက်ဖမ်းဆီးရရှိမှုမှာ တရားခံ ၁၀၆ ဦးနဲ့ လက်နက်မျိုးစုံ ၉၂ လက်၊ ဗုံးသီး ၁၁ လုံး၊ လက်ပစ်ဗုံးငါးလုံး၊ ကျည်မျိုးစုံ ၂၀၇ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာလည်း ဇန်န၀ါ ရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ တရားမ၀င်လိုင်စင်မဲ့ ကိုင်ဆောင်တဲ့ လက်နက်ဖမ်းဆီးရမိမှု
၄၅ မှုမှာ တရားခံ ၅၄ ဦးနဲ့ လက်နက် မျိုးစုံ ၆၁ လက်၊ ဗုံးသီး ၁၄ လုံး၊
လက်ပစ်ဗုံး ၃၂ လုံး၊ ကျည်မျိုးစုံ ၃၇၀၈ တောင့် တို့ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့ပြင် ၂၀၁၄ ခုနှစ် စက်တင် ဘာလအတွင်းမှာ ဖမ်းဆီးရမိမှု လေးကြိမ်ဖြစ်ပွားခဲ့ရာ တရားမ၀င် လိုင်စင်မဲ့ကိုင်ဆောင်တဲ့ လက်နက်ဖမ်းဆီးရမိမှု လေးမှုရှိခဲ့ပြီး တရားခံလေးဦးနဲ့ လက်နက်မျိုးစုံငါးလက်၊ ကျည်မျိုးစုံ ၄၆ တောင့်နဲ့ ကျည်ကတ်တစ်ကတ်တို့ကို ထပ်မံဖမ်းဆီးရရှိခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရမိတဲ့ သေနတ်တွေဟာ လိုင်စင်မဲ့ကိုင်ဆောင်ထားတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် ဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အလားတူ တရားမ၀င် လိုင်စင်၊ ပါမစ်မဲ့လက်နက်။ ခဲယမ်းများ လက်ဝယ်ရှိပါက နီးစပ်ရာတပ်၊ ရဲစခန်းတွေဆီ အမြန်ဆုံး လာရောက်အပ်နှံကြဖို့နဲ့ လာရောက်အပ်နှံခြင်း မပြုဘဲလက်ဝယ်ထားရှိပါက တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဒီလို တရားမ၀င်လက်နက်တွေ ကိုင်ဆောင်လာတာဟာ တရားဝင်ကိုင်ဆောင်ခွင့် လိုင်စင်မထုတ်ပေးတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကို ဒုက္ခပေးတဲ့အဆင့်အထိ ရောက်ရှိလာတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ထောက်ပြပါတယ်။
“လက်နက်ဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဥပဒေရှိပေမယ့် စနစ်တကျ မကျင့်သုံးဘူး။ သေနတ်လိုင်စင်ကို ထုတ်ပေးသင့်တဲ့သူတွေကို မထုတ်ပေးဘူး။ အများပြည်သူက အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးလို့ရတယ်။ ဒါပေမဲ့ မချပေးဘူး။ အဲဒါကနေ ဘာဖြစ်လာလဲဆိုတော့ တရားမ၀င် လက်နက်တွေကိုင်ပြီးတော့ ရဲတပ်ဖွဲ့ကိုရော ပြည်သူကိုပါ ဒုက္ခပေးတဲ့အဆင့်ကို ရောက်လာတယ်” လို့ ဦးရောဘတ်စန်းအောင် ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်အဋ္ဌမပုံ မှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ဖြစ်တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှာ လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက မေးခွန်းမေးမြန်းခဲ့ပါတယ်။
လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက “ယခင်အစိုးရလက်ထက်တွင် သိမ်းဆည်းခဲ့သော နိုင်ငံတစ်ဝန်း လိုင်စင်ဖြင့်ကိုင်ဆောင်ခဲ့သည့် သေနတ်များကို လိုင်စင်ဖြင့် ကိုင်ဆောင်သော မူလပိုင်ရှင်များ သို့မဟုတ် လိုင်စင်ဖြင့် ကိုင်ဆောင်သော မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိမရှိ” ဆိုပြီး မေးမြန်းခဲ့တာပါ။
ဒီလို မေးမြန်းမှုအပေါ် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက “၁၉၇၇ ခုနှစ် လက်နက်ကိုင်ဆောင်ရေးမူ အခန်း ၁၂၊ အပိုဒ် ၂၉ မှာ ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့် ရရှိထားသူ မည်သူ့ကိုမဆို ယင်းကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင့် ခဲယမ်းများကို သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်းဆည်းနိုင်ပါသည်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအစိုးရလက်ထက်မှာ ယိုယွင်းလျက်ရှိတဲ့ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းနိုင်ရန်အလို့ငှာ ယခင်အစိုးရအဆက်ဆက်မှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လိုင်စင်သို့မဟုတ် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုခဲ့တဲ့ နိုင်ငံသားအချို့ရဲ့ လက်နက်များကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် သြဂုတ် ၁၇ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာန၊ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်။ ပါမစ် စိစစ်ရေးအဖွဲ့သို့ စစ်ဘက်လိုင်စင်ဖြင့် ကိုင်ဆောင်တဲ့လက်နက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် လက်ဝယ်ကိုင်ဆောင်ထားရှိတဲ့ လက်နက်များကို ပြန်လည်သိမ်းဆည်းပြီး တပ်မတော်သို့ လွှဲပြောင်းပေးရန် အကြောင်းကြားချက်အရ လိုင်စင်သို့မဟုတ်ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုခဲ့တဲ့ လက်နက်များနဲ့ အခြားလက်နက်များကို ပြည်ထဲရေးဝန်ကြီးဌာန သေနတ်ကိုင်ဆောင်ခွင့် (လက်နက်။ ပါမစ်) စိစစ်ရေးအဖွဲ့က သိမ်းဆည်းပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ သက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းများတပ်သို့ အပြီးလွှဲအပ်ခဲ့ပြီး ဖြစ်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းရဲ့ ပြန်လည်ဖြေကြားချက်တွေကို ကြည့်မယ်ဆိုရင် လိုင်စင်။ ပါမစ်နဲ့တရားဝင် ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေကို နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ဒါဆို မေးစရာရှိလာပါတယ်။ လိုင်စင်။ ပါမစ်နဲ့ တရားဝင်ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေကို နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင် လက်ရှိအချိန်မှာ တရားမ၀င်ကိုင်ဆောင်မှုတွေ ရှိလာတဲ့ လက်နက်ကိစ္စတွေကိုရော ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပါ။
ကမ္ဘာ့နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ တရားဝင်နဲ့ တရားမ၀င် လက်နက်ကိုင်ဆောင်မှု စာရင်းမှာ အဆင့် ၃၄ နေရာမှာရှိပြီး လက်နက်ကြောင့်၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လူပေါင်း တစ်သောင်းလောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်တားဆီးရေးဆိုင်ရာ စစ်တမ်းတစ်ခုက ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကျင့်သုံးလျက်ရှိတဲ့ လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်တွေ အပါအ၀င် သေနတ်လက်နက်အားလုံးကို လိုင်စင်နဲ့သာ ကိုင်ဆောင်ခွင့်ပြုထားပါတယ်။ ဒီလိုလိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရရှိဖို့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်။ ပါမစ်စိစစ်ရေးအဖွဲ့) ကို တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြု ချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
ဒီလို တရားမ၀င်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ၁၈၈၇ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ဒဏ်နှစ် ရပ်စလုံးချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက် (ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ (က) အရလည်း ထောင်ဒဏ်အနည်းဆုံး သုံးနှစ်ကနေ အများဆုံးခုနစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားရှိကြောင်း သိရပါတယ်။
ဒီကနေ့ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ အဲဒီဥပဒေနဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီလက်နက်အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးရှုမောင်နဲ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဖုန်းမြင့်အောင်တို့က ဆွေးနွေးခဲ့ကြပါတယ်။
ပြင်ဆင်ချက်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ တိုးမြှင့်သတ်မှတ်ထားပေမယ့် အဲဒီဥပဒေဟာ ပြည်သူများနဲ့ သက်ဆိုင်နေတဲ့အတွက် အင်္ဂလိပ်ဘာသာစကားကို ဘာသာပြန်ပြီး မြန်မာလို ပြန်လည်ရေးဆွဲဖို့၊ လက်ရှိအသုံးပြုနေတဲ့ ခေတ်မီလက်နက်တွေ မပါဝင်သေးတဲ့အတွက် ထည့်သွင်းဖော်ပြဖို့၊ ဒီဥပဒေကြမ်းဟာ အောက်မြန်မာပြည်အတွက်သာ ရေးဆွဲထားတာဖြစ်ပြီး အထက်မြန်မာပြည်အတွက် သီးခြားရေးဆွဲထားတဲ့ ဥပဒေရှိနေတဲ့အတွက် ဥပဒေနှစ်ခုကို ပေါင်းစပ်ပြီး ဥပဒေတစ်ခုတည်းအဖြစ် ပြန်လည်ရေးဆွဲဖို့ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ကျင်းခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူလွှတ်တော် အစည်းအဝေးမှာတော့ လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် တားမြစ်ထိန်းချုပ်အရေးယူသွားဖို့ ဥပဒေတစ်ရပ်ကို ပြင်ဆင်ရေးဆွဲနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့ပါတယ်။
၁၈၇၈ လက်နက်အက်ဥပဒေ ကို ၁၉၄၉ လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေနဲ့ ၁၉၅၀ လက်နက်(ယာယီ) ပြင်ဆင်ချက် အက်ဥပဒေတို့ကို တပေါင်းတည်း ပြန်လည်ပြင်ဆင်ရေး ဆွဲဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်နက်ဥပဒေပြင် ဆင်ရေးဆွဲနေတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းက
“လက်နက်ကိစ္စမှာ ထိထိရောက်ရောက် အရေးယူသင့်တယ်။ နောက်ပြီး ပြစ်ဒဏ်ကိုလည်း တိုးမြှင့်သင့်တယ်။ လက်ရှိပြစ်ဒဏ်က မလုံလောက်ဘူး” လို့ ဆိုပါတယ်။
လက်ရှိ NLD အစိုးရလက်ထက်မှာတော့ တရားမ၀င် လက်နက်သယ်ဆောင်၊ ကိုင်ဆောင်မှုတွေဟာ ပိုမိုမြင့်တက်လာတာကတော့ အမှန်ပါပဲ။ ဒီကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် လက်နက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေပြီဖြစ်သလို အစိုးရဘက်ကလည်း အထူးသတိထား ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ဖမ်းဆီးရမိခဲ့တဲ့ တရားမ၀င်လက်နက် သယ်ဆောင်မှုနဲ့ ပတ်သက်လို့ ထင်မြင်ယူဆမှု အမျိုးမျိုးလည်း ရှိနေကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး တခြားနိုင်ငံကို ရောင်းချမယ်လို့ ယူဆမှုတွေရှိ နေသလို တချို့ကလည်း ပြည်တွင်းမှာပဲ အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ အတွက်ဝယ်ယူတဲ့အပိုင်းလို့ ယူဆနေသူတွေလည်း ရှိနေပါတယ်။
ဒါဆို မေးစရာရှိလာတာက တရားမ၀င်လက်နက်တွေကို ဘယ်အဖွဲ့အစည်းတွေက သယ်ဆောင်ပြီး ရောင်းဝယ်ဖောက်ကားနေသလဲဆိုတာ ဖြစ်ပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးကတော့ “နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အမျိုးအစားတူနေတဲ့ လက်နက်အရေအတွက်များတယ်။ ဒါက ရရာကနေ ယူလာတဲ့ပုံစံမဟုတ်ဘူး။ စနစ်တကျ နိုင်ငံတစ်နိုင်ငံကနေ ၀ယ်ယူမယ်။ မြန်မာနိုင်ငံကို ဖြတ်သယ်ဆောင်ချင်လည်း သယ်ဆောင်မယ်။ ပြည်တွင်းမှာပဲ သုံးဖို့ရည်ရွယ်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း တခြားနိုင်ငံကို သယ်ဆောင်ဖို့ မြန်မာနိုင်ငံကို ဖြတ်တယ်လို့လည် ယူဆနိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံကိုကြည့်ရင် နယ်စပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေက အများကြီးရှိတယ်။ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေရှိတယ်။ မထိုးရသေးတဲ့အဖွဲ့အစည်း တွေလည်းရှိတယ်။ ဒါ့အပြင် အမည်မျိုးစုံတပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အများကြီးပဲ။ အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်ဒေသတွေမှာ နေတာကြာပြီဆိုတော့ သူတို့အနေနဲ့ လက်နက်တွေကို ဘယ်ကနေရနိုင်တယ်။ ဘယ်လမ်းကြောင်းတွေကနေ ဖြတ်ကျော်ပြီး သယ်ဆောင်နိုင်တယ်။ ဘယ်လိုသွားရင် ရတယ်ဆိုတာ သူတို့အနေနဲ့ သိရှိနိုင်တယ်လို့ ကျွန်တော်ကထင်တယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို မသိတဲ့အတွက် ကျွန်တော့်အနေနဲ့ ဒါကတော့ ပြောလို့မရဘူး။ သူတို့က ဒီလိုသိရှိနိုင်တဲ့အတွက် ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက် လက်နက်မှောင်ခိုပွဲစား မလုပ်ဖို့တော့လိုတယ်။ နောက်ပြီးတော့ တချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ပါဝင်နေတယ်ဆိုတာကိုတော့ ကြားတာပေါ့။ လက်ရှိအချိန်က ငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်တယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့အတွက်တော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်စေ၊ မထိုးထားတဲ့အဖွဲ့ဖြစ်စေ သူတို့ရဲ့အကျိုးစီးပွားကိုသာ ဦးစားပေးပြီးတော့မှ ဒီလိုမျိုးလုပ်ရပ်တွေကို မပြုဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်” လို့ ပြောဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ လက်ရှိအချိန်မှာ ဘယ်လိုဆက်စပ်မှုတွေ ရှိတယ်ဆိုတာကို လောလောဆယ် ပြောဖို့စောနေသေးတယ်လို့ ဆိုပါတယ်။
“အားလုံးရုပ်လုံးပေါ်ပြီဆိုရင်တော့ ရှင်းလို့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်နေတယ်။ ကွင်းဆက်တွေ၊ ဆက်စပ်တရားခံတွေ ဆက်လက်ဖော်ထုတ်နေတယ်။ ဒီကာလမှာ ပြောနိုင်တာက နံပါတ်တစ် လုံခြုံရေးကို အစိုးရအနေနဲ့ တာဝန်ရှိသူတွေနဲ့ ဦးစီးပြီးတော့ အလေးအနက်ထားပြီး ဆောင်ရွက်နေတယ်။ နံပါတ်နှစ်အချက်ပေါ့။ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ဒီနိုင်ငံအတွင်းကို တရားမ၀င်လက်နက်တွေ တင်ပို့တာမျိုး လုံးဝထပ်ပြီးမလုပ်ဖို့ ကျွန်တော်တို့ အတိအလင်းထပ်ပြီး ပြောလိုပါတယ်။ ဒါက တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အရမ်းထိခိုက်တယ်။ အကျိုးစီးပွားအရ ပိုက်ဆံရလို့ပဲဖြစ်ဖြစ် လုပ်လိုက်တယ်။ လုပ်လိုက်တဲ့ လက်နက်တွေက ဘယ်လိုဆိုတာ သူတို့သိပါတယ်။ သို့သော် ကြားထဲမှာပေါ့နော်။ ကြားထဲမှာ အမျိုးမျိုး ပြဿနာဖြစ်လာနိုင်တယ်။ အဲဒီတော့ တရားမ၀င် လက်နက်ရောင်းဝယ် ဖောက်ကားပြီးတော့ ဆက်စပ်ဆောင်ရွက်ပေးတဲ့ သူတွေအနေနဲ့ အထူးရှောင်ကြဉ်ဖို့ လိုတယ်။ ဒါက အစိုးရအနေနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပြောတာဖြစ်တယ်။ ဒါကို အလေးအနက်ထားစေချင်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွ အားလုံးပေါ့နော်။ ဒါတွေ ဆက်စပ်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ အားလုံး။ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ ဆက်လက်ပြီးတော့လည်း ဖော်ထုတ်မယ်။ ဖော်ထုတ်ပြီးတော့ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲဒါတွေကိုတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားပါတယ်။
ဘာပဲဖြစ်ဖြစ် ဇူလိုင် ၁၉ ရက် က ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထင်မြင်ချက်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ပြောဆိုနေကြပေမယ့် တရားမ၀င်လက်နက်သယ်ဆောင်၊ ကိုင်ဆောင်သူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်အဖွဲ့အစည်းတွေက လုပ်တယ်ဆိုတဲ့ သတင်းအမှန်ကို ပြည်သူတွေက သိချင်နေကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ ပြည်သူ့ဘ၀ လုံခြုံရေးအတွက် အရေးကြီးနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမ၀င်လက်နက် သယ်ဆောင်၊ ကိုင်ဆောင်သူတွေဟာ ဘယ်အဖွဲ့အစည်းတွေဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တယ်ဆိုတာ အစိုးရချပြမယ့်အချိန်ကို ပြည်သူတွေက ဆက်လက်စောင့်မျှော်နေမှာ ဖြစ်ပါတယ်။
Writer:
■ ဆန်းမိုးထွန်း
=============
Eleven Media Group