Monday, October 26, 2020

အဓိကကျူးလွန်သူတွေကို ဖမ်းမမိသေး

,

ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေ ရိုက်နှက်မှုကြောင့် ရွာသားတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်က အဓိကကျူးလွန်သူတွေကို ဖမ်းမမိသေးဘူးလို့ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဆန်းမြင့်က One News ကို ဒီကနေ့မှာ ပြောပါတယ်။


ဒီကနေ့ နေ့လယ်ပိုင်းထိ မသင်္ကာသူ တချို့ကို ခေါ်ယူ စစ်ဆေးနေတာရှိပေမယ့် အဓိကကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူးလို့ ဒုတိယရဲမှူးကြီး အောင်ဆန်းမြင့်က ပြောပါတယ်။


" လောလောဆယ် စစ်ဆေးတုန်းပဲ ရှိသေးတယ်။ ခေါ်ပြီးတော့ မေးမြန်းစုံစမ်းစစ်ဆေးတာပဲ ရှိတယ်။ ဖမ်းဆီးတာ မရှိသေးဘူး။ လောလောဆယ် ကျနော်တို့က လိုက်ပြီးတော့ ကောက်တင်းကောက်သလို အစတွေ လိုက်ပြီးတော့ ချိတ်နေတာပါ။ စုံစမ်းစစ်ဆေးနေတုန်းပါ  " လို့ ဒုတိယရဲမှူးကြီး အောင်ဆန်းမြင့်က ပြောပါတယ်။


တကယ်လို့ ကျူးလွန်သူ ဖမ်းမိရင်လည်း အများ​ပြည်သူသိအောင် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။


အခုအမှုကို  အမှုမှန်ပေါ်ပေါက်ရေး နဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ အားပေးလှုံ့ဆော်သူတွေကို အမြန်ဖော်ထုတ် အရေးယူဖို့ကိုလည်း စစ်ကိုင်းတိုင်း​ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အခင်းဖြစ် ကာဘိုးကျေးရွာကို လာရောက်စဉ်က တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။


ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းထားပါတယ်။


အခင်းဖြစ်စဉ်တော့ စစ်ကိုင်တိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ COVID-19 ကာကွယ်ရေး စစ်ဆေးရေးဂိတ်အနီးမှာ အောက်တိုဘာ (၂၂) ရက်၊ ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီယာဉ်တန်း မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာ ဝန်းရံသူတွေနဲ့ NLD ပါတီထောက်ခံသူ လူငယ်အချို့တို့ လမ်းပိတ်ဆို့တဲ့ကိစ္စအပေါ် ဟွန်းတီးရာမှ စတင်ပြဿနာဖြစ်ပွားခဲ့ပါတယ်။

အဲဒီမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတွေက တုတ်နဲ့ရိုက်နှက်မှုကြောင့် ကာဘိုးကျေးရွာသား အသက်(၃၀) ကျော်အရွယ် ကိုမျိုးမင်းစိုးဟာ ဦးခေါင်းမှာ ဒဏ်ရာတွေရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရကာ  အောက်တိုဘာ (၂၄) ရက်၊ မနက်ပိုင်းမှာ ရရှိထားတဲ့ ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။


သတင်း-ဝေယံထက်ဝင်း

ဓာတ်ပုံ Than Htay(FB)


https://www.facebook.com/1515097075471500/posts/2682324982082031/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အဓိကကျူးလွန်သူတွေကို ဖမ်းမမိသေး”

Post a Comment

Related Posts Plugin for WordPress, Blogger...