Tuesday, November 17, 2020

ဦးပိုင်ဆိုတဲ့အတိုင်း ပိုင်လိုက်ပုံများ။

,

မန္တလေးဘီယာဟာ မြန်မာနိုင်ငံမှာ လူကြိုက်အတော်များခဲ့တဲ့ ဘီယာပါ။ မြန်မာဘီယာ မပေါ်ခင် ကတည်းက မန္တလေး ဘီယာက ရှိနေပြီးသားပါ။ မန္တလေးဘီယာကို ဒေါ်ဝင်းဝင်းနုက သူ့ရှယ်ယာ ဒေါ်လာ ၆.၃ သန်းနဲ့ မြန်မာကျပ် ၈ သန်း ရှယ်ယာ ၄၅% ထည့်ဝင်ပြီး ဦးအောင်သောင်းရဲ့စစ်အစိုးရ စက်မှုဝန်ကြီးဌာန (၁) က ၆၅ % နဲ့ ၁၉၉၃ ခုနှစ်မှာ ဖက်စပ်လုပ်ခဲ့ကြတယ်။ သူက ဈေးကွက်ရှာရေးနဲ့ အော်ပရေးရှင်းကို တာဝန်ယူခဲ့ရတယ်။ ဒေါ်ဝင်းဝင်းနုရဲ့အုပ်ချုပ်ရေး ကျွမ်းကျင်မှုကြောင့် ၁၆ ဆ အထိ တိုးတက်လာခဲ့တယ်။ 


စစ်အစိုးရနဲ့  မန္တလေးဘီယာရဲ့ လူကြိုက်များမှုနဲ့ အမြတ်အစွန်းများ ရနေမှုတို့ကို မျက်စိကျခဲ့ပြီး တနေ့မှာ ဒုဗိုလ်မှူးကြီး စိုးတင့်နဲ့ စစ်သားတွေ ရောက်လာပြီး အထက်လူကြီးရဲ့တိုက်ရိုက်အမိန့်အရဆိုပြီး ဒေါ်ဝင်းဝင်းနုကို ချက်ချင်း မောင်းထုတ်ပြီး စက်ရုံကို သေနတ်ပြ သိမ်းပိုက်ခဲ့တယ်။ ပြည်သူပိုင်သိမ်းတယ် ဆိုပါတော့။ ငွေစာရင်းတွေကွာလို့ဆိုတဲ့ အကြောင်းပြခဲ့တယ် အမှန်က ငွေကိုင်တာက ဦးအောင်သောင်း ဖြစ်ပြီး တရားခံက ဒေါ်ဝင်းဝင်းနု ဖြစ်နေတယ်။ အစိုးရက သူမရဲ့ဘဏ်စာရင်းတွေ အားလုံးကို ထိန်းချုပ်ထားလိုက်တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်သန်းရွှေက မန္တလေးကို ရောက်နေချိန်ဖြစ်လို့ သူက တိုက်ရိုက် အမိန့်ပေးပြီး သိမ်းခိုင်းတာလို့ ဒေါ်ဝင်းဝင်းနုက ပြောတယ်။ 


နောက်မန္တလေးဘီယာကုမ္ပဏီကြီးဟာ ဦးပိုင်လက်ထဲ ရောက်သွားပြီး ပြည်သူပိုင်ကနေ ဦးပိုင်ဖြစ်သွားတာ မျက်လှည့်ပြ လိုက်သလိုပါပဲ။ ဦးပိုင်ဟာ တပ်မတော်ပိုင်ဖြစ်ပြီး နိုင်ငံပိုင်မဟုတ်ဘူး။ ၁၉၉၆ ခုနှစ်မှာ ဦးပိုင်က Tiger Beer နဲ့ဖက်စပ်လုပ်ပြီး မြန်မာဘီယာနဲ့ တိုက်ဂါးဘီယာကို စတင်ထုတ်လုပ်ပြီး ဒီနေ့မှာ မြန်မာဘီယာက လူကြိုက်အများဆုံး ဖြစ်နေတယ်။ 


ဒီကိစ္စကို မကျေနပ်လို့ ဒေါ်ဝင်းဝင်းနုက စင်္ကာပူကနေ သူ့ရောင်ခြည်ဦးကုမ္ပဏီကနေ စစ်အစိုးရကို တရားစွဲခဲ့ပါတယ်။ အမှုကို နိုင်ငံတကာ တရားရုံးကိုတင်ခဲ့ပြီး ဒေါ်ဝင်းဝင်းနု အနိုင်ရလို့ စစ်အစိုးရက ဒေါ်လာသန်းချီ ပြန်လျှော်ပေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဖြစ်တောင့်ဖြစ်ခဲပါ။ စစ်အစိုးရက အရှက်ပြေ ဒေါ်ဝင်းဝင်းနုကို ပြည်တွင်းမှာ တရား ပြန်စွဲခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဟန့်တားမှု၊ သတင်းမှားပေးမှုတွေနဲ့ စွပ်စွဲပြီး ဒေါ်လာ ၇၄.၃ သန်း နစ်နာကြေး တောင်းခဲ့ပါတယ်။ ပြည်တွင်းကို ဒေါ်ဝင်းဝင်းနု ပြန်လာပြီး တရားရင်ဆိုင်ပါပေါ့။ ဘယ်လာလိမ့်မလဲ။ ဒေါ်ဝင်းဝင်းနုက “ကျမပြန်သွားရင် သူတို့က အရေဆွဲဆုတ်မှာပေါ့။ မြန်မာနိုင်ငံမှာ တရားဥပဒေမှ မရှိဘဲ” လို့ ပြန်လည်ချေပခဲ့တယ်။ ဒေါ်ဝင်းဝင်းနု ပြောခဲ့တာ သွေးထွက်အောင် မှန်ပါတယ်။  


အခုစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဖို့ နိုင်ငံတကာတရားရုံးက ဖိအားပေးလာချိန်မှာ မြန်မာဘီယာနဲ့ မန္တလေးဘီယာမှာ အစုရှယ်ယာ ၅၂% ပါဝင်ထားတဲ့ ဂျပန်နိုင်ငံက ကီရင် (KIRIN) ဘီယာ ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် မြန်မာဘီယာနဲ့ ဖက်ဆပ်လုပ်ကိုင်မှုက ရရှိတဲ့ အမြတ်ငွေပေးဖို့ ဆိုင်းငံ့ထားလိုက်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် Kirin အဖျော်ယမကာလုပ်ငန်းအုပ်စုက ပြောကြားတယ်လို့ သိရတယ်။ 


ဒီနေ့ မြန်မာနိုင်ငံက လက်ဖက်ရည်နဲ့ ဘီယာဆိုင်တွေ မြို့တိုင်းနယ်တိုင်းမှာ ပေါများစွာ ရှိနေပြီး မြန်မာတပြည်လုံးကို ဖြန့်ဖြူးပေးနေတဲ့ ဘီယာတွေဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက လက်ဝါးအုပ်ထားပြီး ပြင်ပက ဘယ်အုပ်စုကမှ ဘီယာစက်ရုံ တည်ထောင်ခွင့်ကို ပေးမထားပါဘူး။ ပြည်တွင်းတွင်မက နိုင်ငံခြားဘီယာများဖြစ်တဲ့ Tiger, Kirin တို့လည်း ဦးပိုင်က ယူထားတာဖြစ်လို့ ဘီယာလုပ်ငန်းဟာ တပ်အောက်မှာ ဘယ်သူမှ ယှဉ်ပြိုင်လို့ မရတဲ့ လက်ဝါးကြီးအုပ်စီးပွားရေး အင်ပါယာကြီးတခု ဖြစ်နေတယ်။ ဒါ့အပြင် အရက်နဲ့ ဝီကစီ ထုတ်လုပ်ရောင်း ချနေတာလည်း သူတို့သာဖြစ်ကြောင်း သိသာပါတယ်။ မြန်မာပြည်မှာ တရားမျှတပြီး လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ တကယ်ကော ရှိနေရဲ့လား။ 


ထွန်းအောင်ကျော် (၇၄မျိုးဆက်)


#ဇော်လင်းထွန်း


https://m.facebook.com/story.php?story_fbid=1797640743746594&id=100005020576445

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးပိုင်ဆိုတဲ့အတိုင်း ပိုင်လိုက်ပုံများ။”

Post a Comment

Related Posts Plugin for WordPress, Blogger...