ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဘယ်လိုရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို တရားစွဲဆိုရာတွင် “ခရိုင်အုပ်ချုပ်ရေးမှူး” ၏ အတည်ပြုချက်ဖြင့် “မြို့နယ်အုပ်ချုပ်ရေးမှူး” ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုနိုင်ပါကြောင်း။
======================
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြစ်မှုကြောင်း တရားစွဲဆိုရာတွင် တရားစွဲဆိုခွင့်ပြုမိန့် (sanction) တောင်းခံရန်လို၊ မလို။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို
ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်- ၁/၂၀၁၂
ဖြင့်ပြဌာန်းခဲ့ပါသည်။
ယင်းဥပဒေတွင် ပုဒ်မ- ၂၇-က ကို
ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်- ၇/၂၀၁၂
ပြင်ဆင်သည့် ဥပဒေဖြင့် ဖြည့်စွက်ခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် -၃၈၆/၂၀၁၂ အရ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။
ယင်းဥပဒေတွင် ပုဒ်မ - ၂(ဆ)တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ဤဥပဒေအရ ခန့်အပ် တာဝန်ပေးခြင်း
ခံရသောပုဂ္ဂိုလ်ကို ဆိုသည် ဟုသာ ပြဌာန်းထားပါသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ နှင့်
နည်းဥပဒေတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည်
“ပြည်သူ့ဝန်ထမ်း” ဟုတ်၊ မဟုတ် အတိအလင်း ပြဌာန်းထားခြင်း မရှိသည်ကို တွေ့ရပါသည်။
ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ပြည်သူ့ဝန်ထမ်း ဟုတ်သည် မဟုတ်သည်ဆိုသော ပြဿနာကို စဉ်းစားရာတွင် ထိုသူသည် ဥပဒေတစ်ရပ်ရပ်က ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်ထားသူ ဖြစ်ပါသလောဟု ဦးစွာစဉ်းစားရပါသည်။
ထိုသို့ သတ်မှတ်ပြဌာန်းထားခြင်း မရှိမှသာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၂၁ ပါ အပိုဒ်တစ်ခုခု တွင် ကျုံးဝင်သည်၊ မ၀င်သည်ကို စိစစ်ရပါသည်။
(ဆရာ ဦးသက်ဖေ၏ ပြစ်မှုဆိုင်ရာ သိကောင်းစရာစာအုပ် ပုဒ်မ-၂၁ ရှင်းလင်းချက်ကို ရည်ညွှန်းသည်။)
ရပ်/ကျေးအုပ်ချုပ်ရေးမှူးသည် ပြည်သူ့ဝန်ထမ်း ဟုတ်မဟုတ် အတိအလင်း ပြဌာန်းချက်မရှိသည့် အနေအထားတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၁ တွင်
အကျုံးဝင်ခြင်း ရှိမရှိ စိစစ်ရန် လိုမည်ဖြစ်ပါသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၁ အဌမ အချက်တွင် “ရာထူးအလျောက် ပြစ်မှုများကို တားမြစ်ရန် သို့တည်းမဟုတ် ပြစ်မှုအကြောင်းအရာများကို သတင်းပေးရန်၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်သူတို့ကို ဥပဒေနှင့်အညီ ဖြစ်စေရန်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကိုဖြစ်စေ၊ လုံခြုံရေးကိုဖြစ်စေ၊ သက်သာရေးကိုဖြစ်စေ စောင့်ရှောက်ရန် သော်လည်းကောင်း၊ တာဝန်ဝတ္တရားရှိသော အရာရှိ။” ဟုဖော်ပြထားပါသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ- ၁၃တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာ၌ ပုဒ်မခွဲ -(က)မှ (င)အထိ၊ (ဆ) မှ(ဒ)အထိ၊ (န)၊ (ဖ)၊(ရ) မှ (၀) အထိ လုပ်ငန်းတာဝန်များသည် အထက်ပါ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၁ အဌမ အချက်တွင် အကျုံးဝင်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၂၁ န၀မ အချက်တွင် --
“ရာထူးအလျောက် အစိုးရအတွက် -------------------အခွန်စည်းကြပ်ရန် -----------------တာဝန်ရှိသောအရာရှိ၊---------" ဟုဖော်ပြထားပါသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ- ၁၃(ယ) တွင် “မြေခွန် နှင့် အစိုးရချေးငွေ ကောက်ခံပေးခြင်း” လုပ်ငန်းတာဝန်ကို ဖော်ပြထားရာ ပုဒ်မ-၂၁၊ န၀မ အချက်တွင်လည်း အကျုံးဝင်ကြောင်း တွေ့ရှိရပါသည်။
အထက်ပါ ပြဌာန်းချက်များတွင် “အရာရှိ(officer)” ဆိုသော စကားရပ်ကို ရှင်းလင်းထားခြင်း မရှိသဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည်
“အရာရှိ”ဟုတ်မဟုတ် အငြင်းပွားရန်ရှိပါသည်။
အစိုးရ၏ အုပ်ချုပ်မှုအာဏာ တစ်စိတ်တစ်ဒေသကို တိုက်ရိုက်လွှဲအပ်ခြင်းခံရသူ သို့မဟုတ် ထိုသို့လွှဲပြောင်း
ခံရသူနှင့် တာဝန်ဆက်စပ်နေသူကို “အရာရှိ”ဟု ဆိုနိုင်ကြောင်း ဆရာ ဦးသက်ဖေ၏ ပြစ်မှုဆိုင်ရာ သိကောင်းစရာ စာအုပ် ပုဒ်မ-၂၁ ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
သို့ဖြစ်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၂၁ အရ “ပြည်သူ့ဝန်ထမ်း”ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးသည် “ပြည်သူ့ဝန်ထမ်း” ဖြစ်သည်တွင် ၄င်းအား ပြစ်မှုကြောင်းအရ တရားစွဲဆိုရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၁၉၇(၁) အရ တရားစွဲဆိုခွင့်ပြုမိန့်(sanction) လိုမလို စိစစ်ရန် လိုအပ်လာပါသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၉၇(၁)တွင် “ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉၏ အဓိပ္ပါယ်အရ တရားသူကြီးဖြစ်သူ သို့မဟုတ် ရာဇ၀တ်တရားသူကြီးတစ်ဦး၊ သို့မဟုတ် နိုင်ငံတော်သမ္မတ ၏အခွင့်အမိန့်မရရှိဘဲ ရာထူးမှ ထုတ်ပယ်ခြင်း မပြုနိုင်သော ပြည်သူ့ဝန်ထမ်း တစ်ဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ် ပြုလုပ်သော သို့မဟုတ် ပြုလုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ
နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့်မရရှိဘဲ အဆိုပါပြစ်မှုကို မည်သည့်တရားရုံးကမျှ အရေးမယူရ”ဟုပြဌာန်ထားပါသည်။
ပုဒ်မ- ၁၉၇(၁)ဘာသာပြန်ဆိုချက်တွင် နိုင်ငံတော်သမ္မတ သိုမဟုတ် အခြားအဆင့်မြင့်သော အာဏာပိုင် ဟု ဘာသာပြန်ဆိုထားသော်လည်း မူရင်းအင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းချက်တွင် “or some higher authority” စကာရပ်ကို ချန်လှပ်ထားရမည်(omitted)ဟု မှတ်ချက် ထည့်ထားသောကြောင့် “သိုမဟုတ် အခြားအဆင့်မြင့်သော အာဏာပိုင်” ဆိုသောစကားရပ်ကို ချန်လှပ်ရန်ဖြစ်ပါသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၉၇(၁)ပြဌာန်းချက်အရ ယင်းပုဒ်မ-၁၉၇(၁)တွင် အကျုံးဝင်သော ပြည်သူ့ဝန်ထမ်းသည် “နိုင်ငံတော်သမ္မတ အခွင့်အမိန့်မရရှိဘဲ ရာထူးမှထုတ်ပယ်ခြင်းမပြုနိုင်သော ပြည်သူ့ဝန်ထမ်း”ဖြစ်ပါသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ အခွင့်အမိန့်မရရှိဘဲ ရာထူးမှထုတ်ပယ်ခြင်း မပြုနိုင်သော ပြည်သူ့ဝန်ထမ်း”ဖြစ်သလား လေ့လာကြည့်ပါသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ- ၈ အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ခန့်အပ်တာဝန်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခန့်အပ်တာဝန်ပေးပြီး
ပုဒ်မ - ၁၅ အရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်/ကျေးအုပ်ချုပ် ရေးမှူးအား ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် တာဝန်မှရပ်စဲခြင်း ပြုနိုင်ပါသည်။
ထို့ကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား ခန့်ထားခြင်း/ တာဝန်မှ ရပ်စဲခြင်းပြုနိုင်သူသည် ဥပဒေအရ “ခရိုင်အုပ်ချုပ်ရေးမှူး” ၏ အတည်ပြုချက်ဖြင့် “မြို့နယ်အုပ်ချုပ်ရေးမှူး”ဖြစ်ပါသည်။
သို့ဖြစ်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၁၉၇(၁) အရ နိုင်ငံတော်သမ္မတ၏ အခွင့်အမိန့်မရရှိဘဲ ရာထူးမှထုတ်ပယ်ခြင်း မပြုနိုင်သော
ပြည်သူ့ဝန်ထမ်း မဟုတ်ကြောင်း မြင်သာပါသည်။
တရားရုံးများ ညွှန်ကြားလွှာအမှတ် - ၁၁/၁၉၇၀ အပိုဒ်(၄)တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။
“ပုဒ်မ ၁၉၇(၁)အရ တရားစွဲဆိုရန် ခွင့်ပြုမိန့်လိုအပ်သည့် ပြည်သူ့ဝန်ထမ်း နှစ်မျိုးနှစ်စားသာရှိပါသည်။
၎င်းတို့မှာ -----
(က)ရာဇ၀တ်တရားသူကြီး (သို့မဟုတ်) ရာဇ၀တ်ပုဒ်မ ၁၉ တွင် ဖော်ပြထားသည့် တရားသူကြီးနှင့်--
(ခ) တော်လှန်ရေးကောင်စီဥက္ကဌ( မှတ်ချက်- ယခုနိုင်ငံတော်သမ္မတ) ခွင့်ပြုချက်မရဘဲ ရာထူးမှ နုတ်ပယ်ခြင်း မပြုနိုင်သည့် ပြည်သူ့ဝန်ထမ်းတို့ပင်ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါ ၀န်ထမ်းအမျိုးအစား ထဲတွင် အကျုံးမ၀င်သော ၀န်ထမ်းများအပေါ် တရားစွဲဆိုသည့်အခါများ၌ တရားစွဲရန် ခွင့်ပြုမိန့်မလိုပါ။” ဟုညွှန်ကြားထားပါသည်။
ထို့ပြင် ယင်းညွှန်ကြားချက်တွင်
- ရဲသားအဆင့်မှ လုံခြုံရေးမှူးအဆင့်အထိ ရှိသူများအား ရာထူးမှ နုတ်ပယ်နိုင်ခွင့်အာဏာသည် “ရဲချုပ်” သာဖြစ်၍ ထိုသူများအပေါ် တရားစွဲဆိုခွင့်ပြုမိန့် မလိုကြောင်း နှင့်
- လက်ထောက်စုံစမ်းစစ်ဆေးရေးအရာရှိအဆင့်မှ အထက်တန်းအဆင့် ထိရှိသူများအား ရာထူးမှနုတ်ပယ်နိုင်ခွင့်ရှိသူသည် “ညွှန်ကြားရေးဝန်” သာဖြစ်၍ တရားစွဲရန် ခွင့်ပြုမိန့် မလိုကြောင်း ညွှန်ကြားထားပါသည်။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးအား ခန့်ထားခြင်း/ တာဝန်မှရပ်စဲခြင်း ပြုနိုင်သူသည် “ခရိုင်အုပ်ချုပ်ရေးမှူး” ၏ အတည်ပြုချက်ဖြင့် “မြို့နယ်အုပ်ချုပ်ရေးမှူး”ဖြစ်ရာ ဥပဒေဖြင့် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ဖြစ်သဖြင့် တရားရုံးများညွှန်ကြားလွှာအမှတ် - ၁၁/၁၉၇၀ အပိုဒ် (၈)တွင်ပါရှိသကဲ့သို့ တော်လှန်ရေးကောင်စီဥက္ကဌ( မှတ်ချက်- ယခုနိုင်ငံတော်သမ္မတ)က ၄င်းကိုယ်စား ထပ်ဆင့်လွှဲအပ်ခြင်း မဟုတ်ကြောင်းလည်း မြင်သာပါသည်။
ထို့ကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးသည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၁၉၇(၁) ပါ ပြည်သူ့ဝန်ထမ်း အမျိုးအစားတွင် အကျုံးမ၀င်သဖြင့် ၄င်းအပေါ် ပြစ်မှုကြောင်း တရားစွဲဆိုရာတွင် တာဝန်ထမ်းဆောင်စဉ် ပြုလုပ်သော ပြစ်မှုပင်ဖြစ်စေ တရားစွဲဆိုခွင့်ပြုမိန့်(sanction) မလိုအပ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

Crd;ရောင်နီတင်ဝင်း

