Friday, January 10, 2014

ကျန်းမာရေးယိုယွင်းလာသော မြစ်ဧရာ

,
သူတို့ရွာက ဧရာဝတီမြစ်၏ အလယ်တွင်ရှိသည်။ မြစ်လယ်တွင်ရှိနေသော သူတို့ရွာ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကိုင်းစိုက်ပျိုးသည့်လုပ်ငန်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ကိုင်သော သူတို့အတွက် ဧရာဝတီမြစ်သည် ကျေးဇူးရှင် ကျွေးဖေဖေဖြစ်သည်။ ရွာသို့ မြစ်ရေတဖြည်းဖြည်းတက်လာပြီး ပြန်ကျသွားလျှင် အဖိုးဖြတ်မရသည့် မြေဆီသြဇာများ ကျန်ရစ်ခဲ့၍ ပျော်ကြရသည်ဟု ဇီးကျွန်းကျေးရွာသား ဦးခင်ဝင်းကဆိုသည်။
သူငယ်စဉ်ကတည်းက နှစ်စဉ်အကျိုးပြုခဲ့သော မြစ်ကြီးသည် သိသာစွာပြောင်းလဲလာပြီး ယခုအခါ သူတို့ကို မကျွေးမွေးနိုင်တော့။ ရေတက်ကြမ်းပြီး ရေကျလျှင် သဲကြမ်းများတင်ကျန်မှုကြောင့် မကြာခဏဆိုသလို စိုက်ပျိုးရေးအတွက် မြေသြဇာများကို အသုံးပြုကြရသည်။
“ရွာကိုရေမတက်တာ ၂၀၀၇ ခုနှစ်ကတွက်ရင် လေးငါးခြောက်နှစ်ရှိပြီဗျ။ မိုးကြီးတဲ့နှစ်တွေ ရေတက်ပေမယ့်လည်း ၀ုန်းခနဲပြန်ကျသွားရော။ အရင်တုန်းကများ ရေကျဖို့ တစ်လကိုးသီတင်း စောင့်ရတယ်”ဟု ဦးခင်ဝင်းက မချိတင်ကဲလေသံဖြင့် ပြောသည်။
ရေတက်ကြမ်းခြင်း၊ ရေကျကြမ်းခြင်းတို့အပြင် မြစ်လက်တွင် မြေဧကပေါင်း ၁၉၀၀ ကျော်ရှိသည့် သူတို့ရွာအုပ်စုကြီးသည် တဖြည်းဖြည်း မြစ်ကမ်းပါးတိုက်စားမှုကြောင့် ဧက ၁၅၀၀ ခန့်သာ ကျန်ရှိတော့သည်။
ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ်တို့ပေါင်းစုံပြီး မြစ်ကြီးတစ်စင်းအဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြတ်သန်းစီးဆင်းပြီး ပင်လယ်ထဲသို့ စီးဝင်သည်။ အဆိုပါ တိုင်းဒေသကြီးများမှ ဒေသခံများသည် မြစ်ကြီးကိုအမှီပြု၍ ပုံစံမျိုးစုံဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
“ရွာဆိုရင် မြစ်ကြောင်းပြောင်းလို့ ခဏခဏရွာပြောင်းရတယ်။ မြစ်ကြောင်းကြီးက ရွာကိုကပ်လာတယ်။ လုပ်စားစရာမြေမရှိတော့ စားဝတ်နေရေးခက်ခဲလာတယ်”ဟု ညောင်ပင်သာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
ဦးခင်ဝင်းအပြင် မြစ်ကြောင်းတစ်လျှောက်တွင်နေထိုင်ပြီး မြစ်ကိုမှီ၍ စားသောက်နေသူများက ဧရာဝတီမြစ်ကြောင်း ပြောင်းလဲနေသည်ကို သုတေသနစစ်တမ်းထက်တိကျသည့် ကိုယ့်တွေ့ကြုံမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံများက ရန်ကုန်တွင်ပြုလုပ်သည့် မြစ်ဝှမ်းဒေသများ အလုပ်ရုံဆွေးနွေးပွဲများတွင် ထောက်ခံပြောဆိုကြသည်။
ဧရာဝတီမြစ်သည် ၁၉၉၀ မတိုင်မီက မြစ်၏ရေစီးနှုန်းနှင့် ကမ်းပါးပြိုကျမှုနှုန်းများသည် ပုံမှန်ဖြစ်သော်လည်း ၁၉၉၀ နှောင်းပိုင်းတွင် ရေစီးမှုနှုန်းနှင့် ကမ်းပါးပြိုကျမှုနှုန်းများ ပြောင်းလဲလာသည်ဟု သုတေသနပညာရှင် ဦးမောင်မောင်အေးကပြောသည်။
၁၉၉၀ နှောင်းပိုင်း မြစ်ကြောင်းပြောင်းလဲ၍ မြစ်ဝကျွန်းပေါ်ဒေသသို့ မြစ်ရေရောက်ရှိမှုနည်းခြင်းကြောင့် ပင်လယ်ရေတိုးဝင်မှုသည် တစ်နှစ်လျှင် ဧက ၂၅၀၀ ကျော်ရှိသည်ဟု ၁၉၉၀ မှ ၂၀၀၆ ခုနှစ်အထိ မြစ်ကြောင်းလေ့လာသုတေသနပြုခဲ့သူ ဘူမိဗေဒပါမောက္ခဦးမောင်မောင်အေးကဆိုသည်။
“မြစ်ဝှမ်းတစ်ခုမှာ သဘာဝဖြစ်စဉ်နဲ့ လူမှုဖြစ်စဉ်နှစ်မျိုးရှိပါတယ်။ ဘယ်လိုကွဲပြားတယ်ဆိုတာ ခွဲခြားဖို့ခက်တယ်။ ပြည့်ပြည့်စုံစုံသိဖို့ သုတေသနအများကြီး လုပ်ဖို့လိုပါတယ်။ ဧရာဝတီမြစ်ရဲ့ပြောင်းလဲမှုဟာ ၁၉၉၀ နောက်ပိုင်းမှာ ဖြစ်လာတယ်လို့ ပြောလို့ရတယ်”ဟု ဦးမောင်မောင်အေးကပြောသည်။
မြန်မာနိုင်ငံတွင် စီးဆင်းနေသော အခြားမြစ်များနှင့်နှိုင်းယှဉ်ပါက ရေဝေရေလဲဒေသ ကြီးမားသည့် ဧရာဝတီမြစ်ထိန်းသိမ်းရေးသည် အဖြေရှာရန်ခက်ခဲသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဧရာဝတီမြစ်နှင့်ပတ်သက်ပြီး တိကျသော သုတေသနစစ်တမ်းများ အများအပြားမရှိခြင်းက မည်သို့ကုစားရမည်ကို အဖြေထုတ်မည့်သူများအတွက် ခက်ခဲစေသည်။
ဧရာဝတီမြစ်ရေထိန်းသိမ်းရေးအတွက် ရေဝေရေလဲဒေသတွင် သစ်တောပြုန်းတီးခြင်းများ ထိန်းညှိခြင်း၊ မြစ်အတွင်းသို့ စီးဝင်နေသည့် မြစ်လက်တက်များ မတိမ်ကောအောင်ထိန်းသိမ်းခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ လျှော့ချခြင်း၊ မြစ်အတွင်း ငါးမျိုးသုဉ်းနိုင်သည့် အဆိပ်ချငါးဖမ်းခြင်း၊ ရှော့တိုက်ဖမ်းဆီးခြင်းများ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သည်ဟု ပညာရှင်တို့က ထောက်ပြပြောဆိုလိုက်သည်။
“လူတွေနဲ့ တိုင်းပြည်ရဲ့ပေါ်လစီမှားရင် သဘာဝတရားဟာ အလူးအလဲခံရတယ်”ဟု သစ်တောဦးစီးဌာနမှ ရေဝေရေလဲဒေသများကို စီမံခန့်ခွဲရသည့် ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးတင်အေးကကောက်ချက်ချသည်။
ဧရာဝတီမြစ်ထိန်းသိမ်းရေးအတွက် အစိုးရက ရေဝေရေလဲဒေသများတွင် ကောင်းမွန်သည့် စီမံခန့်ခွဲမှုများမရှိသော်လည်း မြစ်အတွင်းရှိ သဲသောင်များတူးဖော်ခြင်းနှင့် ကမ်းပါးပြိုကျခြင်းများကို ထိန်းသိမ်းရန် နှစ်စဉ် ကျပ်သန်းပေါင်းတစ်ထောင်ကျော် ဘတ်ဂျက်ချပေးလျက်ရှိသည်။ ဧရာဝတီမြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် လူဦးရေမှာ နိုင်ငံလူဦးရေ၏ ငါးပုံတစ်ပုံသာရှိသောကြောင့် ဧရာဝတီမြစ်အရေးသည် အမျိုးသားအဆင့်အနေဖြင့် အစိုးရက အားသွန်ခွန်စိုက် ဖြေရှင်းရမည်ဟု ပညာရှင်များကကောက်ချက်ချသည်။
ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသသည် တောင်ယာခုတ်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရွှေလုပ်ကွက်များ များပြားလာခြင်းတို့ကြောင့် သဘာဝပေါက်ပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုသည် မူလအဆင့်တွင်မရှိသော်လည်း နည်းပညာနှင့် ငွေကြေးပုံအောကာ ပြုပြင်လျှင် ရနိုင်သည့်အခြေအနေတွင်ရှိသည်ဟု ပညာရှင်များကဆိုသည်။
ဧရာဝတီမြစ်သည် ရေဝေရေလဲဒေသတွင် ကြုံတွေ့ရသည့် ပြဿနာများအပြင် မြစ်ညာပိုင်းတွင် တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းများကလည်း ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေသည်။
ဧရာဝတီမြစ်တွင် တည်ဆောက်မည့်စီမံကိန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက ကန့်ကွက်နေသည့်ကြားက မြစ်ဆုံစီမံကိန်းကို သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသည်မှလွဲ၍ ကျန်စီမံကိန်းများမှာ တည်ဆောက်နေဆဲဖြစ်သည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မည်သို့ဖြစ်နေသည်ကို သူအားလုံးမသိ။ သူသိသည်က ဧရာဝတီမြစ်ထဲတွင် ရေရှိမှ သူတို့အသက်ရှင်မည်။ ထို့ကြောင့် ဧရာဝတီမြစ်တွင် ရေအမြဲရှိအောင် လုပ်ပေးကြရန် ဇီးကျွန်းရွာသား ဦးခင်ဝင်းက လူ ၅၀ ကျော် တက်ရောက်သည့် မြစ်ဝှမ်းဒေသ အလုပ်ရုံဆွေးနွေးပွဲတွင် ထစ်ငေါ့တုန်ယင်နေသောစကားသံဖြင့် ပြောဆိုလိုက်သည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျန်းမာရေးယိုယွင်းလာသော မြစ်ဧရာ ”

Post a Comment

Related Posts Plugin for WordPress, Blogger...