Saturday, October 28, 2017

ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခြေခံအုတ်မြစ်လော ၊ အုတ်ကျိုးပုံလော(ထင်လင်းဦး)

,
နိုင်ငံတစ်ခုကို လူက အုပ်ချုပ်ခြင်းသည် ကောင်းသလော ၊ ဥပဒေက အုပ်ချုပ်ခြင်းသည်ကောင်းသလော ဟု မေးလျှင် အများပြည်သူတို့က ဥပဒေက အုပ်ချုပ်ခြင်းက ကောင်းသည်ဟု မဆိုင်းမတွဖြေဆိုကြပါလိမ့်မည် ။ နိုင်ငံတစ်ခုကို လူက အုပ်ချုပ်ခြင်းသည် လူကောင်းသူကောင်းများရတတ်သည့်အခါတွင် ကောင်းတတ်ပါသည် ။ သို့သော် ထိုအခြေအနေသည် ပုံမှန်တော့မဖြစ်နိုင်ပါ ။

 မြန်မာနိုင်ငံတွင် ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယမြန်မာနိုင်ငံတော် ၊တတိယမြန်မာနိုင်ငံတော်ဟူ၍ သ မိုင်း တင်ခဲ့ပြီးသော ခေတ်တို့ရှိခဲ့ပါသည် ။ အနော်ရထာမင်းကြီးကဲ့သို့သော အရည်အချင်းရှိသူ မင်းကောင်း မင်းမြတ်တစ်ပါးသည် ပထမမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ပါသည် ။ ဘုရင့်နောင်ကဲ့သို့သော မင်း ကောင်း မင်းမြတ်တစ်ပါးသည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ပါသည် ။ အလောင်းမင်း တရား ကဲ့သို့သော မင်းကောင်း မင်းမြတ်တစ်ပါးသည် တတိယမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ပါသည် ။ သို့သော်လူအုပ်ချုပ်သော နိုင်ငံတို့သည် စဉ်ဆက်မပြတ်အဓွန့်မရှည်မတည်တံ့နိုင်ခဲ့ကြပါ ။ အနော်ရထာ မင်းကြီး၏ ပထမမြန်မာနိုင်ငံတော်သည် နရသီဟပတေ့(တရုတ်ပြေးမင်း) လက်ထက်တွင် ပျက်သုဉ်းခဲ့ပါသည် ။ ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံတော်သည် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်ပြားခဲ့ပါသည် ။  အလောင်းမင်းတရားတည်ခဲ့သော တတိယမြန်မာနိုင်ငံတော်သည် သီပေါမင်းလက်ထက်တွင် ပျက်စီးခဲ့ပါသည် ။ ဤသည်မှာ လူဖြင့်အုပ်ချုပ်သည့် နိုင်ငံတစ်ခုသည် လူကောင်း(မင်းကောင်း)များလက်ထက်တွင် တိုးတက်ကြီး ပွား၍  ၊ လူညံ့(မင်းညံ့)များလက်ထက်တွင် ဆုတ်ယုတ်ပျက်စီးတတ်သည်ဟူသော သာဓကဖြစ်ပါသည် ။

 အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ စ၍ ၁၇၆၀ ပြည့်နှစ်တိုင်အောင် အစိတ်စိတ်အမွှာမွှာပြိုကွဲနေသော မြန်မာနိုင်ငံကို ပြန်လည်စည်းရုံး သိမ်းသွင်းကာ တတိယ မြန်မာနိုင်ငံကြီး  ကို တည်ထောင်ခဲ့သည် ။ ဂျော့ဝါရှင်တန်တို့ တည်ထောင်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးသည် ၁၇၇၆ ခုနှစ်တွင်မှ ရခဲ့သည်ဖြစ်ရာ ဦးအောင်ဇေယျ၏ မြန်မာနိုင်ငံထက် ၁၆ နှစ်တိတိနောက်ကျခဲ့သည် ။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ခဲ့ခြင်းမဟုတ် ၊ ပဒေသရာဇ်စနစ်ဖြင့် (လူတစ်ဦးတစ်ယောက်၏ အုပ်ချုပ်ခဲ့သော တစ်သွေးတစ်သံတစ်မိန့်ဖြင့်) အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် နှစ်ပေါင်း (၁၃၃)နှစ် မင်းဆက်ပေါင်း (၁၁)ဆက်မျှသာကြာမြင့်ခဲ့ပြီး သူတစ်ပါးကျွန်ဘ၀ရောက်ကာ နိဂုံးချုပ်ခဲ့ရသည် ။ လွတ်လပ် ရေးရခဲ့သည့် ၁၇၇၆ ခုနှစ်မှ ၁၁ နှစ်အကြာ ၁၇၈၇တွင် အတည်ပြုပြဌန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အုပ်ချုပ်ခဲ့သော အမေရိကန်ပြည်ထောင်စုမှာမူ ယခု ၂၀၁၇ ခုနှစ်အထိ နှစ်ပေါင်း ၂၄၁ နှစ်ကြာမြင့်သည်အထိ အစဉ်မပြတ်အဓွန့်ရှည်တည်တံ့နေပေသည် ။
 မူလက ၁၃ ပြည်နယ်ဖြင့် စတင်ခဲ့သော နိုင်ငံသည် ယခုအခါ ပြည်နယ် ၅၀ ပါဝင်သည့် ကမ္ဘာ့နံပတ်တစ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံဖြစ်နေပေသည် ။ သင်ခန်းစာယူဖွယ်ပင် ။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၇ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် စတင်ရေးဆွဲခဲ့ကြသည် ။ ရည်ရွယ်ချက်မှာ ၁၇၇၇ ခုနှစ်က ရေးဆွဲကာ ပြည်ထောင်စုကို အုပ်ချုပ်နေခဲ့သည့် ကွန်ဖက်ဒရေးရှင်း ဥပဒေများကို အစားထိုးရန် ဖြစ်ပါသည် ။  ထိုအချိန်တွင် အမေရိကန်နိုင်ငံထက်စောစွာ တည်ထောင်ခဲ့သော  ပထမမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိခဲ့ ၊ ရေးဆွဲရန်လည်း အားမထုတ်ခဲ့ကြပါ ၊ သက်ဦးဆံပိုင် ဘုရင့်အမိန့်အာဏာဖြင့်သာ အုပ်ချုပ်ခဲ့ကြခြင်းဖြစ်သည်ကို နှိုင်းယှဉ်လေ့ လာကြသင့်ပါသည်  ။

  ထိုနှစ်မေလ ၃၁ ရက်နေ့တွင် အမေရိကန်၌ ပြည်နယ် ကိုယ်စားလှယ်အားလုံးပါဝင်သည့် ညီလာခံ ကျင်းပကာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အတွက် ဥပဒေကြမ်းတွင် အခြေခံ ရမည့်အချက်များ ကိုဆွေးနွေးညှိနှိုင်းခဲ့ကြသည် ။ ထို့နောက်တွင် ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သော ကော်မတီအဖွဲ့သည်  ဇူလိုင်လ ၂ ရက်မှ ၁၆ ရက်နေ့အထိ  ပြည်ထောင်စု ဥပဒေပြုမဏ္ဍိုင်တွင် ကိုယ်စားပြုခွင့်ကို အသေးစိတ်ညှိနှိုင်းခဲ့ကြသည် ။ ဥပဒေပြုလွှတ်တော်ကိုယ်စား လှယ်များ ကို မည်ကဲ့သို့ ရွေးကောက်တင်မြှောက်ရမည်ကို သဘောတူညီခဲ့ကြသည် ။ ယင်းသဘောတူညီချက်ကို နောင်တွင် ကွန်နက်တီကပ် သဘောတူညီချက်  Connecticut Compromise )ဟုလည်းကောင်း ကြီးကျယ်ခမ်း နားသော သဘောတူညီချက် ဟုလည်းကောင်း "Great Compromise" ဟုလည်းကောင်းခေါ်တွင်ခဲ့ကြပါသည် ။

 ထိုသို့ သဘောတူညီချက်ရပြီးနောက်တွင် အသေးစိတ်ရေးဆွဲရန်အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်း ပေးခဲ့သည် ။ ထိုကော်မတီတွင် တောင်ကာရိုလိုင်းနားပြည်နယ်ကိုယ်စားလှယ် ဂျွန်ရူးလက်တ် ၊ ဗာဂျီးနီးယားပြည်နယ်ကိုယ်စားလှယ် အက်ဒမန် ရမ်းဒေါ့ဖ်  ၊ မက်ဆာချုးဆက်ပြည်နယ်ကိုယ်စားလှယ် နသန်နီယယ် ဂေါ်ဟမ် ၊ ကွန်နက်တီကပ်ပြည်နယ် ကိုယ်စားလှယ် အော်လီဗာ အဲလ်ဝါ့သ် ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ကိုယ်စားလှယ် ဂျိမ်းဝီလ်ဆင်  တို့ပါဝင်ခဲ့ကြပါသည်  ။ ထို့နောက်တွင် ထို ဥပဒေ ကြမ်း ကော်မတီက အသေးစိတ်ရေးဆွဲထားသည့်အချက်အလက်တို့ကို သြဂုတ်လ (၆)ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ အစီရင်ခံစာကော်မတီ (report of committee) က ဆွေးနွေးသုံးသပ်ကြသည် ။ ဥပဒေအချက်အလက်များ အစီအစဉ် နှင့် ပုံစံချမှုအတွက်လည်း ကော်မတီ တစ်ခု (Committee of Style and Arrangement) ဖွဲ့စည်းခဲ့၍ ထိုအဖွဲ့တွင် – နယူးယောက်ပြည်နယ်ကိုယ်စားလှယ် အလက်ဇန်းဒါး ဟမ်မီလ်တန် ၊ ကွန်နက်တီကပ်ပြည်နယ်ကိုယ်စားလှယ် ၀ီလီယမ် ဂျွန်ဆင် ၊ မက်ဆာချူုး ဆက်ပြည်နယ်ကိုယ်စားလှယ် ရူးဖတ် ကင်းဂ် ၊ ဗာဂျီးနီးယားကိုယ်စားလှယ် ဂျိမ်းမက်ဒီဆင် နှင့် ပင်ဆယ်လ်ဗေးနီးယား ကိုယ်စားလှယ် ဂေါဗာနူးရ် မောရစ်စ် တို့ပါဝင်ခဲ့ပါသည်  ။

 ထိုအဖွဲ့သည်အချက် ၂၃ ချက်ပါ  ဥပဒေကြမ်း၏ နောက်ဆုံးမူကြမ်းကို ပြင်ဆင်ခဲ့ကြသည် ။  အချက် ၇ချက် ၊ နိဒါန်းနှင့် အဆုံးသ တ်အတည်ပြုချက်ပါ မူကြမ်းကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ကွန်ဂရက် သို့တင်ပြသည် ။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရန်အတွက် ပြည်နယ်အသီးသီးတွင် ရွေးကောက်ပွဲဖြင့် ရွေးချယ်ခံ ခဲ့ရသော ကိုယ်စားလှယ်များသည်  ထိုဥပဒေကြမ်းကို စကားလုံးတစ်လုံးချင်း ၊ အပိုဒ်တစ်ပိုဒ်ချင်းကို အပြင်း အထန်ငြင်းခုံခဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၇၈၈ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် လက်မှတ် ရေးထိုး အ တည်ပြုခဲ့ကြသည် ။ ထိုသို့အတည်ပြုရာတွင် ကွန်ဂရက်ကိုယ်စားလှယ် ၅၅ ဦးအနက် ၃၉ ဦးကသာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည် ။ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ညီလာခံ ကိုယ်စား လှယ်အားလုံးက အတည်ပြုခဲ့ကြခြင်းမဟုတ် သကဲ့သို့ ကိုးဆယ်ရာနှုန်းကျော်ပြည်သူတို့က တခဲနက် ထောက်ခံ အတည်ပြုခဲ့ကြပါသည် ဟု လုပ်ခဲ့ကြခြင်းလည်း မဟုတ်သည်ကို သတိပြုစေလိုပါသည် ။

 အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန်အခက်ဆုံး ဥပဒေ ဟု ဆိုကြပါသည် ။ သို့သော် ထိုဥပဒေအားပြင်ဆင်ပိုင်ခွင့်သည် လွှတ်တော်ကိုယ်စားလှယ်အများစု အပေါ် တွင်သာ လုံးဝတည်မှီနေပါသည် ။ မြန်မာပြည်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ဥပဒေပြင်ဆင်ပိုင်ခွင့်ကို လူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က ချုပ်ကိုင်ထားသည့် ဥပဒေမျိုးမဟုတ်ပါ ။ ထိုအချက်သည် အထောက်အထားမဲ့ပြောသည်မဟုတ်ပါ ။

 ယနေ့အချိန်အထိ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကြိမ်ပေါင်း ၂၇ ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်သည်က သက်သေဖြစ်ပါသည် ။ ထိုပြင်ဆင်ချက်များထဲတွင် ပထမ ပြင်ဆင်ချက် ၁၀ ချက်သည် Bill of Right ခေါ် လူ့အခွင့်အရေးအပေါ်တွင် အခြေခံသည့် တစ်ဦးချင်း လွတ်လပ်ခွင့်၊ တရားမျှတမှု ရပိုင်ခွင့်များ နှင့် အစိုးရ၏ အာဏာကို ကန့်သတ်သည့်အချက်များဖြစ်ပါသည် ။  ကျန်ပြင်ဆင်ချက်အများစုမှာ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်း နှင့် စပ်ဆိုင်သည့် ဥပဒေပြင်ဆင်ချက်များဖြစ်ပါသည် ။ ထိုပြင်ဆင်ချက်များသည်  ဥပဒေဟူသည် ခေတ်နှင့်မညီလျှင် ပြင်ဆင်ရမည်ဖြစ်ကြောင်းအထင်အရှားမီးမောင်းထိုးပြနေပါသည် ။ သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စကတည်းက သန္ဓေမမှန်ခဲ့သော ၊ ရည်ရွယ်ချက်ဆိုးဖြင့် ရေးဆွဲပြဌာန်းခဲ့သော ဥပဒေမျိုးမဟုတ် ၊ ပြင်ဆင်ရန်ခက်ခဲသည်မှန်သော်လည်း ပြင်နိုင်သည် ၊ ပြင်ဆင်၍မရနိုင်အောင် အထပ်ထပ်ပိတ် ဆို့ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးမဟုတ် ဆိုသည်ကို ထောက်ပြလိုပါသည် ။

 ပြန်၍ဆိုရသော် အလောင်းမင်းတရားကြီးတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် အမေရိကန် ပြည်ထောင်စုထက် ၁၆ နှစ်တိတိစောခဲ့ပါသည် ။ သို့သော် အစကောင်းသော်လည်း အနှောင်း မသေ ချာခဲ့ဘဲ ၁၃၃ နှစ်အကြာတွင် တိုင်းတပါးအောက် ကျွန်သပေါက်ဘ၀ရောက်ခဲ့သည် ။ တဖန် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီး စတုတ္ထမြန်မာနိုင်ငံပေါ်ထွန်းလာခဲ့ပြန်ပါသည် ။ သို့သော် ဥပဒေ၏ တန်းတူညီမျှမရှိမှု ၊ ပြည်ထောင်စုအသွင်သဏ္ဍာန်မပီပြင်မှု ၊ လူပုဂ္ဂိုလ်တို့၏ အတ္တကြီးမားမှုများကြောင့် အာဏာသိမ်းခံရ တစ်ပါတီအာဏာရှင်လက် အောက်သို့ကျရောက်ခဲ့ရပြန်ပါသည် ။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် ထပ်မံ၍ စစ်အာဏာရှင်စနစ်အောက်ကျရောက်ခဲ့ရပြန်ပါသည် ။   ယခုအခါကာလ ၂၀၁၆  ခုနှစ်မှစ၍သာလျှင်  ဒီမိုကရေစီလမ်းစပေါ်သို့ပြန်လည်ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည် ။ ထိုအချိန်တွင် ပဉ္စမမြန်မာနိုင်ငံတော်သည် အမေရိကန်ပြည်ထောင်စုထက် နှစ်ပေါင်း ၂၄၀တိတိနောက်ကျကျန်ခဲ့ရပါပြီ ။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခုသည် ကမ္ဘာ့ထိပ်သီးနိုင်ငံအဖြစ်သို့ အရှိန်မှန်မှန်ဖြင့် တိုးတက်သွားခဲ့ချိန်တွင် လူပုဂ္ဂိုလ်တို့၏ အတ္တဖြင့် အုပ်ချုပ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသော မြန်မာနိုင်ငံသည် ကမ္ဘာ့ ဘိတ်ချေးနိုင်ငံ အဖြစ်သို့ သက်ဆင်းခဲ့ရပြီးဖြစ်ပါသည်  ။

 အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၇၈၉ ခုနှစ်ကစတင် အသက်ဝင်ခဲ့ကြောင်း အထက်တွင်တင်ပြခဲ့ပါသည် ။ ထိုဥပဒေသည် စင်းလုံးချောမကောင်းပါဟု ဘင်ဂျမင်ဖရန်ကလင်ကိုယ်တိုင်က ပြောကြားခဲ့ဘူးသော်လည်း ယနေ့အထိ ၂၂၈ နှစ်ကြာအောင် ပြင်ဆင်ချက် ၂၇ ချက်မျှသာပြင်ဆင်ခဲ့ရသေးခြင်း ၊ ထိုဥပဒေဖြင့်ပင် အမေရိကန်နိုင်ငံကို ကမ္ဘာ့ထိပ်ဆုံးနိုင်ငံအဖြစ်တွန်းပို့နိုင်ခဲ့ခြင်းမှာ ၎င်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ မွေးသန္ဓေကောင်းခြင်းကြောင့်ဖြစ်ပါသည် ။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သို့ သန္ဓေတည်မွေးဖွားခဲ့သည်ကို  အပ်ကြောင်းမထပ်လိုတော့ပါ ။ သို့သော် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် မြန်မာ နိုင်ငံအား မည်သို့မှ တိုးတက်ဖွံ့ဖြိုးသော ၊ ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် တည်ထောင်နိုင်မည် မဟုတ်သည်ကိုမူ မပြောမဖြစ်၍ ပြောနေရပါဦးမည် ။

 နိုင်ငံတစ်ခုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အဓွန့်ရှည်တည်တံ့စေလိုသော်  လူဖြင့် အုပ်ချုပ်စေ၍ မရပါ ။
 ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အသက်ဝင်မှုဖြင့်သာလျှင် အုပ်ချုပ်ရပါမည် ။ သို့သော် ထိုဖွဲ့ စည်းပုံအခြေခံဥပဒေသည် တစ်ဦးတစ်ယောက်တစ်စုတစ်ဖွဲ့၏ အကျိုးစီးပွားအလို့ငှာသာဖြစ်သော ဥပဒေ တစ်ရပ်ဖြစ်နေလျှင် ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိသော ဥပဒေမျိုးဖြစ်နေလျှင် ၊ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်နိုင်သော ၊ တန်းတူညီမျှသည့် အခွင့်အရေးများကို ဖော်ဆောင်နိုင်ခြင်းမရှိသော ဥပဒေမျိုးဖြစ်နေလျှင် ၊ ပြည်သူ့ဆန္ဒဖြင့်ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာတို့ကို  ရွေးကောက်ခံမဟုတ်သော ခန့်အပ်ခံ အဖွဲ့အစည်းက လွှမ်းမိုးထားသည့် ဥပဒေမျိုးဖြစ်နေလျှင် ၊ ပြင်ဆင်နိုင်သည့်အခွင့်အရေးကိုပေးထားပါသည် ဆိုသော်လည်း ထိုအခွင့်အရေးသည် ပြင်ဆင်၍ မရနိုင်အောင်ပိတ်ဆို့ထားသည့် ဥပဒေမျိုးဖြစ်နေလျှင် ထိုသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏ အခြေခံအုတ်မြစ်တစ်ခု မဖြစ်နိုင်တော့ပါ ။ တိုင်းပြည်ကို မထူမထနိုင်အောင် ဖိထားမည့် အုတ်ကျိုး အုတ်ပဲ့အပုံသာဖြစ်ပါလိမ့်မည် ။
ထင်လင်းဦး (Wisdom Villa)

https://m.facebook.com/story.php?story_fbid=297419530757585&id=100014686211921

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခြေခံအုတ်မြစ်လော ၊ အုတ်ကျိုးပုံလော(ထင်လင်းဦး)”

Post a Comment

Related Posts Plugin for WordPress, Blogger...